Tuesday, February 3, 2026

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ(၁/၂၀၂၆) အစည်းအဝေး ကျင်းပ

 


နေပြည်တော် ဖေဖော်ဝါရီ ၂

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကိုဖွဲ့စည်းပြီး အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်၏ စတုတ္ထသက်တမ်း ဒုတိယခြောက်လပတ် အကောင်အထည်ဖော်ဆောင်ရွက်မှု အစီရင်ခံစာ(မူကြမ်း)အား အတည်ပြုနိုင်ရေးအတွက် ယခုအစည်းအဝေးကို ခေါ်ယူခြင်းဖြစ်ပါကြောင်း။

အတည်ပြုပြီးသော အစီရင်ခံစာအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသို့ အစီရင်ခံတင်ပြနိုင်ရေး၊ အစီရင်ခံစာကောက်နုတ်ချက်ကို အင်္ဂလိပ်ဘာသာပြန်ဆို၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၏ ခွင့်ပြုချက်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးသို့ ပေးပို့နိုင်ရေး ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဒုတိယခြောက်လ တာကာလပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားများ အသိပညာပေးခြင်းလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ ခရိုင် ၄၅ ခုတွင် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့်အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်း ကော်မတီ (၁/၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ချက်များကိုတင်ပြပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၅) ဒုတိယခြောက်လပတ် အစီရင်ခံစာ(မူကြမ်း)အပေါ် ပြင်ဆင်လိုသည်များကို ဆွေးနွေးနိုင်ရေးအတွက် အစီရင်ခံစာ(မူကြမ်း)ကို တင်ပြသည်။

ထို့နောက် ဝန်ကြီးဌာနအသီးသီးက ဒုတိယဝန်ကြီးများနှင့် တက်ရောက်လာသူများက ဒုတိယခြောက်ပတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ချက်များအပေါ် အကြံပြုဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက်အတည်ပြုခြင်းတို့ပြုလုပ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment