Wednesday, February 18, 2026

(၃၂) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ


နေပြည်တော် ဖေဖော်ဝါရီ ၁၈

(၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၂) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ကျင်းပသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုပြီးနောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်မိန့်ခွန်းပြောကြားသည်။

ထို့နောက် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်နှင့် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့၏ သရုပ်ပြတီးခတ်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၂) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက် အထိကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်စစ်တီးဝိုင်း အသင်း ၂၆ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment