နေပြည်တော် ဖေဖော်ဝါရီ ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကလောခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးနစ်မြုပ်ပျက်စီးဆုံးရှုံးသွားသည့် ရုံးအဆောက်အအုံများနှင့် ရုံးခြံစည်းရိုးများအား အကြီးစားပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အကြီးစားပြင်ဆင်ဆောင်ရွက်လျက်ရှိသည့်
ရုံးအဆောက်အအုံများနှင့် ခြံစည်းရိုးများ ရေရှည်တည်တံ့ခိုင်ခံ့ရေးနှင့်
ယခင်ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ်အပေါ် သင်ခန်းစာယူကာ ကြိုတင်မြော်တွေးတည်ဆောက်
ပြုပြင်ဆောင်ရွက်ရေးမှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ကလောခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံး အား
ယာယီရုံးအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ထားသည့် ကလောမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက်သို့
သွားရောက်၍ ကလောမြို့နယ်အတွင်းရှိ အသက်ပြည့်မီပြီး နိုင်ငံသားကတ်ပြား
မရရှိသေးသူများနှင့် နိုင်ငံသားကတ်ပြားလဲလှယ်၊ ပျောက်ပျက်၊ မိတ္တူလာရောက်လျှောက်ထားကြသူများ၊
အိမ်ထောင်စုလူဦးရေစာရင်းပြောင်းဝင်/ပြောင်းထွက် ဆောင်ရွက်ကြသည့် ပြည်သူများအား
ဝန်ထမ်းများက လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့်
နိုင်ငံသားကတ်ပြားရရှိပြီးသူများအား Biographic/ Biometric ကောက်ယူကာ Unique
ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ဝန်ထမ်းများက
ယာယီရုံးဖွင့်လှစ်ကာ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး
တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါစာသင်တိုက်အတွင်း၌
တောင်ကြီး၊ ကလော၊ ကွတ်ခိုင်၊ ဟိုပန်၊ မိုးမိတ်နှင့် ပအိုဝ်း၊ ဓနု၊ ပလောင်၊
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ ခရိုင်နှင့်
မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများအား တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက
မိမိတို့ဝန်ကြီးဌာနအနေဖြင့် လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း
နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်သည့် မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်ရေးအတွက်
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်း
လုပ်ငန်းများကို ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းကာ
အောင်မြင်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင်
မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ဥပဒေနှင့်အညီ
ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို
ပန်းခင်းစီမံချက်များဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မကြာမီက ကျင်းပပြီးဖြစ်သည့်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက်
သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ ကျရာကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း။
မကြာမီကာလတွင် တာဝန်ယူမည့် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင်
ဝန်ထမ်းကျင့်ဝတ်နှင့်အညီ တာဝန်ကျေပွန်သည့် ဝန်ထမ်းကောင်းများဖြစ်အောင်
ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးသည့်
ဌာနဖြစ်သည်နှင့်အညီ ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံ၍ ဥပဒေနှင့်အညီ ထိရောက်သော
ဝန်ဆောင်မှုများပေးကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် သွားလာနေထိုင်မှု၊
လုပ်ကိုင်ဆောင်ရွက်မှုများ၌ စနစ်တကျဂရုပြုဆောင်ရွက်ကြရန်၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်
မဖြစ်ပွားရေးနှင့် ရုံးပစ္စည်း၊ စာရွက်စာတမ်းလုံခြုံရေးကိုလည်း အထူးအလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊
မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်မြော်တွေးကာ ကြိုတင်ပြင်ဆင်မှုများ၊
ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ထားကြရန်လိုကြောင်းနှင့် ဝန်ထမ်းအချင်းချင်း
စည်းလုံးညီညွတ်စွာ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း
ပြောကြားသည်။
ဆက်လက်၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ
ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ခရိုင်နှင့် မြို့နယ်အလိုက်
ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment