Friday, February 13, 2026

တက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် တိုင်းရင်းသားရိုးရာအစားအစာများ ရောင်းချပွဲတော်ကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် တိုင်းရင်းသား ရိုးရာအစားအစာများရောင်းချပွဲတော်ကို ယနေ့နံနက်ပိုင်းက ရေဆင်းတက္ကသိုလ်များနယ်မြေ (ရေဆင်း) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဖိတ်ကြားထားသူများ၊ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် တိုင်းရင်းသားရိုးရာပဒေသာကပွဲဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်အစိုးရအနေဖြင့် ကောင်းမွန်သည့်အနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် မျိုးဆက်သစ်လူငယ်လူရွယ်များကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ လူသားအရင်းအမြစ်များဖြစ်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိပြီး နောင်လာမည့် ဆင့်ကဲမျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေပေးရန် တာဝန်ရှိကြောင်း၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်များ တည်ရှိသည့် ရေဆင်းတက္ကသိုလ်များနယ်မြေသည် ပြည်ထောင်စုသားလူငယ်များ စနစ်တကျ စည်းလုံးညီညွတ်ပြီး အေးချမ်းစွာ ပညာရင်နို့ သောက်စို့ခွင့်ရသည့် ရိပ်မြုံကြီးတစ်ခုဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အေးချမ်းစွာ ပညာသင်ကြားခွင့်ရသည့် ကျောင်းတော်ကြီး မယိမ်းမယိုင်ပဲ ဆက်လက်တည်မြဲနိုင်ရန်အတွက် ဘက်ပေါင်းစုံကနေ ထိန်းသိမ်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံတော်က ခေတ်အဆက်ဆက်တွင် ယခုတက္ကသိုလ်သုံးခုကို အားထားခဲ့ကြပြီး နိုင်ငံတော် အတွင်း မရှိမဖြစ်လိုအပ်သည့် ပြည်ထောင်စုအရင်းအမြစ်တစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူ အတွက် အစဉ်အမြဲ အကျိုးပြုနိုင်မည့် တက္ကသိုလ်များ ဖြစ်အောင် တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအားလုံးက အမြဲစောင့်ရှောက်ကြရန်လိုကြောင်း၊ ပြည်ထောင်စုတစ်ဝန်း မိမိတို့နေထိုင်ရာအရပ်ဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ ဒေသ၏လူငယ်လူရွယ်များအား နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များကိန်းအောင်းလာစေရန်နှင့် ဒေသအတွင်းနေထိုင်ကြသည့် တိုင်းရင်းသားအချင်းချင်း ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ဘာသာ တရားများကို အပြန်အလှန်လေးစားတန်ဖိုးထား၍ တိုင်းရင်းသားလူမျိုးများ၏ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုထွန်းကားပြန့်ပွားလာပြီး နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သူများဖြစ်အောင် ကျောင်းသား ကျောင်းသူများအ‌နေဖြင့် လက်ဆင့်ကမ်းပြောကြားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် ကျောင်းသား ကျောင်းသူ များ၏ တိုင်းရင်းသားရိုးရာအကများဖြင့် တင်ဆက်မှုကို ကြည့်ရှုအားပေးကြပြီး စျေးရောင်းပွဲတော်ရှိ တက္ကသိုလ်များမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီများ၏ တိုင်းရင်းသားရိုးရာအစားအစာများ ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြ သည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာပဒေသာကပွဲနှင့် တိုင်းရင်း သားရိုးရာအစားအစာများရောင်းချပွဲတော်ကို တက္ကသိုလ်များနယ်မြေ (ရေဆင်း) ရှိ ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment