Friday, January 23, 2026

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၈ ဦး၊ ပေါင်း ၁၄၉ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

 


နေပြည်တော် ဇန်နဝါရီ ၂၃

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။



တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်များအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ဆက်သွယ်ရေးလမ်းကြောင်း၊ သပိတ်ကျင်း-မိုးကုတ်ဆက်သွယ်ရေးလမ်းကြောင်းများအား အပြည့်အဝပြန်လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ အကြမ်းဖက်လုပ်ရပ်ဆောင်ရွက်ခဲ့မှုများအပေါ် စိတ်ပျက်နောင်တရမှုများနှင့်အတူ ၎င်းတို့အဖွဲ့အတွင်း အနိုင်ကျင့်ဗိုလ်ကျမှုများကို လက်ခံနိုင်ခြင်းမရှိတော့ဘဲ ဥပဒေဘောင်အတွင်းသို့ အသီးသီးပြန်လည်ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၈ ဦး၊ ပေါင်း ၁၄၉ ဦး တို့ကို တာဝန်ရှိသူများက သက်ဆိုင်ရာနယ်မြေများအလိုက် အသီးသီးကြိုဆိုလက်ခံခဲ့ကြသည်။

အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကိုခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၃)ဦး၊ မဟာအောင်မြေမြို့နယ်မှ အမျိုးသား(၁၄)ဦး၊ ချမ်းမြသာစည်မြို့နယ်မှ အမျိုးသား(၁)ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား(၃)ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား(၆၉)ဦး၊ မိုးကုတ်မြို့နယ်မှ အမျိုးသား(၈)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၆)ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား(၉)ဦး၊ နွားထိုးကြီးမြို့နယ်မှ အမျိုးသား (၁)ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား(၃)ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား(၅)ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား(၅)ဦး၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်မှ အမျိုးသား(၁)ဦး၊ ငဖဲမြို့နယ်မှ အမျိုးသား(၁)ဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး၊ အောင်လံမြို့နယ်မှ အမျိုးသား(၃)ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား(၂)ဦး၊ စလင်းမြို့နယ်မှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၃)ဦး၊ စုစုပေါင်း (၁၄၉)ဦးတို့အား တာဝန်ရှိသူများက စနစ်တကျ အသီးသီးကြိုဆိုလက်ခံခဲ့ကြသည်။

အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရန်အောင်မြင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများ၊ ၎င်းတို့၏ မိဘအုပ်ထိန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့်ပက်သက်၍ အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား မောင်းပြန်ရိုင်ဖယ် ၁ လက်နှုန်းအတွက် ဆုကြေးငွေကျပ် သိန်း ၅၀ နှုန်းဖြင့် ၁၀ လက်အတွက် ငွေကျပ်သိန်း ၅၀၀ ၊ ပစ္စတိုသေနတ် ၁ လက်နှုန်းအတွက် ဆုကြေးငွေကျပ် သိန်း ၂၀ နှုန်းဖြင့် ၃ လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၆၀ ၊ လက်လုပ်သေနတ်တစ်လက်နှုန်းအတွက် ဆုကြေးငွေ ၅ သိန်း၊ လက်ပစ်ဗုံးတစ်လုံးစီအတွက် ဆုကြေးငွေကျပ် ၃ သိန်း နှုန်းဖြင့် လက်ပစ်ဗုံး ၁၁ လုံးအတွက် ငွေကျပ် ၃၃ သိန်း၊ စကားပြောစက် ၁ လုံးအတွက် ဆုကြေးငွေ ၂ သိန်းနှင့် တိုင်းဒေသကြီးအစိုးရမှ လက်နက်မပါရှိဘဲ အလင်းဝင်ရောက်လာသူများအတွက် တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၁၃၅ ဦးအတွက် ဆုကြေးငွေကျပ် ၁၃၅ သိန်း၊ စုစုပေါင်းငွေကျပ် ၇၃၅ သိန်းကျပ်အား ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် ၁၀ လက်၊ ပစ္စတို ၃ လက်၊ လက်လုပ်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁၁ လုံး၊ စကားပြောစက် ၁ လုံး၊ ကျည်အိမ် ၁၆ ခု၊ ကျည် ၁၂၆၇ တောင့် တို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့်ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ ကျွန်တော်အကြမ်းဖက်အဖွဲ့အစည်းထဲ ဝင်ရောက်သွားတဲ့ပုံစံကတော့ ကျွန်တော့်အိမ်၊ မိသားစုနဲ့အဆင်မပြေ ဖြစ်နေတဲ့အချိန်အပြင်ထွက်ပြီး သူငယ်ချင်းအိမ်သွားနေပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေ အကုန်လုံးက ဒီအကြမ်းဖက်အဖွဲ့အစည်းထဲ ဝင်သွားကြတာပါ။ ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်မှာ ကျွန်တော်လည်း သူတို့နောက်ကို လိုက်ပြီးဝင်သွားပါတယ်။ အဲဒီမှာ ကျွန်တော်တို့ R-2 လို့ခေါ်တဲ့ လူသစ်စုဆောင်းရေးဌာနကို ကျွန်တော်တို့ကိုပို့ပါတယ်။ အဲဒီလူသစ်စုဆောင်းရေးဌာနမှာ ကျွန်တော်တို့ တစ်လလောက်နေခဲ့ရပါတယ်။ တစ်လလောက်နေပြီး တဲ့အချိန်မှာ ကျွန်တော်တို့ ပန်းအိုးကြီး ပန်းအိုးလေးနားက သင်တန်းကွင်းကို တစ်ခါထပ်ပို့ပါတယ်။ သူတို့ကတော့ စိတ်ဓာတ်စစ်ဆင်ရေးဘာညာပြောတာပေါ့။ ဒါပေမယ့် အဲဒီသင်တန်းကွင်းမှာတင် အဲဒီလိုကြမ်းတမ်းပြီး သေတဲ့သူလည်း သေသွားကြပါတယ်။ ထမင်းကျတော့ မဝရေစာပဲကျွေးပါတယ်။ စားရတော့ ကန်စွန်းရွက်ရေလုံပြုတ်၊ ခရမ်းသီးရေလုံပြုတ်တို့ပဲစားရတာများပါတယ်။ သင်တန်းဆရာတွေကလည်း မိန်းကလေးတွေဆိုရင် သားပြောမယားပြော ပြောတာတွေရှိပါတယ်။ ကျွန်တော် သင်တန်းကာလပြီးသွားတဲ့အခါမှာ လုံခြုံရေးဌာနကို ရောက်သွားပါတယ်။ စဉ့်ကူးမြို့လို့ခေါ်တဲ့ စဉ့်ကူးမြို့မှာဂိတ်စောင့်ရပါတယ်။ ပြည်သူတွေရွှေလုပ်လာလို့ ပြည်သူတွေဆီကအခွန် ကောက်ရတာ ပေါ့။ ဆိုင်ကယ်တွေဖြတ်သွားလို့ရှိရင်လည်း အခွန်ကောက်ရတယ်ပေါ့။ ကျွန်တော်တို့အောက်က ရဲဘော်တွေ အဲလိုလုပ်ရပါတယ်။ ဒါပေမယ့် အထက်ကအရာရှိပိုင်း တွေကတော့ စဉ့်ကူးမြို့နယ်ထဲက ရွှေတွင်းတွေမှာ သူကလိုက်ပြီး အခွန်ကောက်တယ်။ ဆက်ကြေးကောက်တယ်။ ပြီးရင် သူတို့ကိုယ်ကျိုးတွေအတွက်ပဲ အသုံးပြုသွားကြပါတယ်။ ရပ်ရွာထဲက ပြည်သူတွေက မင်းတို့လိုအကြမ်းဖက်အဖွဲ့အစည်းတွေကို ရေတောင် မတိုက်ချင်တော့ဘူးလို့ ပြောပါတယ်။ မင်းတို့ကို ငါတို့က မသဒ္ဓါတော့ဘူးပေါ့။ အဲဒီလိုစကားတွေ ကြားရတော့ ကျွန်တော်တို့ရွေးချယ်ခဲ့တဲ့လမ်းက တော်တော်မှားနေပြီလို့ ကျွန်တော်သိခဲ့ရပါတယ်။ နောင်တလည်း တော်တော်ရပါတယ်။ ပြည်သူတွေလည်း အားနာမိတယ်။ အဲဒါနဲ့ ကျွန်တော်အလင်း ဝင်ဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်အစ်ကိုဆီ ကျွန်တော်ဆက်သွယ်ခဲ့ပါတယ်။ အဲဒီမှာ အစ်ကိုက ငါ့ညီဘာမှမဖြစ်ဘူး အာမခံတယ်။ အစ်ကိုကြီးကိုယ်တိုင် လိုက်ပို့ပေးမယ်ဆိုပြီး ကျွန်တော်သူ့ဆီ သွားလိုက်ပါတယ်။ အဲဒီမှာ သူက တပ်မတော်က ဗိုလ်ကြီးတွေဆီ လိုက်ပြီးပို့ပေးပါတယ်။ သင်တန်းကွင်းမှာ တန်းစီတိုင်း မှိုင်းတိုက်ခံရတာကျတော့ မင်းတို့ဟိုဘက်ကို အလင်းဝင်သွားရင်တော့ ဟိုဘက်ကမင်းတို့ကို ညှဉ်းပန်းနှိပ်စက်ပြီးသတ်မှာပဲ။ မင်းတို့မိသားစုတွေလည်း ဒုက္ခရောက်မှာ။ အဲဒီလိုမျိုးတွေ မှိုင်းတိုက်ထားပါတယ်။ ကျွန်တော်တို့ကလည်း အရဲစွန့်ပြီးလာရတာပါ။ တကယ့်တကယ် ကျတော့ တပ်မတော်ကညီအစ်ကိုတွေ ကျွန်တော်တို့ကို ကြိုဆိုကြတာ သူတို့ပြောတာနဲ့တခြားစီပဲ။ အဲဒီလိုပဲ ကျန်ခဲ့တဲ့ညီအစ်ကို မောင်နှမတွေလည်း အမြန်ဆုံးအလင်းလာဝင်စေချင်ပါတယ်။ ဒီအကြမ်းဖက် အဖွဲ့အစည်းရှိနေလို့ ကျွန်တော်တို့နိုင်ငံကြီးဟာလည်း တိုးတက်ဖွံ့ဖြိုးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အနာဂတ်စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ဒီအကြမ်းဖက်အဖွဲ့အစည်းတွေ မရှိဖို့လိုပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက်အဖွဲ့အစည်းထဲရောက်နေတဲ့ ညီအစ်ကိုတွေကိုလည်း အမြန်ဆုံးအလင်းလာဝင်ပြီးတော့ အမြင်မှန်ရပြီး ဝင်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နောက်နောင် ဒီအကြမ်းဖက်အဖွဲ့အစည်းထဲမှာ ဘယ်တော့မှ မပတ်သက်တော့ပါဘူးလို့ ပြည်သူတွေရှေ့မှာ ကတိသစ္စာပြုအပ်ပါတယ်။

၂။ ကျွန်တော့် သူငယ်ချင်းအရင်းက ကျွန်တော့်ကို သူငယ်ချင်းမင်းအလုပ်လုပ်မှာလား၊ အလုပ်လုပ်ချင်လို့ရှိရင် အလုပ်ခေါ်မယ်။ ပိုက်ဆံလည်း အေးအေးဆေးဆေးလေးနဲ့ရမှာပါ။ အလုပ်ကလည်းသက်သာတယ်။ မင်းတို့ ကွန်ပျူတာလေးပဲ ထိုင်နှိပ်ရုံပဲလို့ပြောပြီးတော့မှ ကျွန်တော့်ကိုခေါ်သွားခဲ့တယ်။ အဲဒီလိုမက်လုံး တွေပေးပြီးတော့ အဲဒါနဲ့ကျွန်တော် လက်ပံလှလူသစ်စုဆောင်းရေးကိုရောက်တယ်။ လက်ပံလှလူသစ် စုဆောင်းရေးမှာ တစ်ရက်နေခဲ့ရတယ်။ အဲဒီမှာတစ်ရက်နေခဲ့ပြီးတော့ ကျွန်တော်တို့ R-2 ဆိုတဲ့ လူသစ်စုဆောင်းရေးကို ထပ်ရောက်တယ်။ အဲဒီမှာတော့ တစ်လခွဲလောက်နေခဲ့ရတယ်။ တစ်လခွဲ လောက်နေပြီးတော့ ကျွန်တော်တို့ အဲဒီမိုးကုတ်ဆိုတဲ့ သင်တန်းကွင်းကို ရောက်ပါတယ်။ မိုးကုတ်ဆိုတဲ့ သင်တန်းကွင်းမှာ ပလောင်ဆရာတွေက သူတို့ရဲ့လူမျိုးရေးခွဲခြားဆက်ဆံမှုတွေရယ်၊ ဖိနှိပ်ဆက်ဆံမှုတွေရယ် အများကြီးပေါ့ဗျာ။ အဲဒီဒဏ်တွေကို ကျွန်တော်တို့ ခါးခါးသီးသီးခံခဲ့ရပါတယ်။ ကျွန်တော်တို့ ထမင်းစားရတဲ့အခါမှာလည်း ထမင်းကိုကောင်းကောင်း မွန်မွန်မစားရဘူး။ ထမင်းကို ဘူးသီးရေလုံပြုတ်၊ ခရမ်းသီးရေးလုံပြုတ် အဲလိုတွေကျွေးပါတယ်။ ထောက်ပို့ကို တစ်ပတ်လောက်လုပ်ပြီးတော့ ကျွန်တော် တို့ရှေ့တန်းကို သေနတ်ပေးပြီးတော့မှ ရှေ့တန်းကိုလွှတ်ပါတယ်။ လွှတ်ပြီးတော့ ကျွန်တော်တို့ တပ်မတော်စစ်ကြောင်းနဲ့တွေ့ပါတယ်။ တပ်မတော်က စစ်ကြောင်းနဲ့တွေ့တော့ ကျွန်တော်တို့ ခွေး ပြေး၊ ဝက်ပြေးပြေးခဲ့ရပါတယ်။ လက်နက်တွေချပြီးတော့ ပြေးခဲ့ရတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အသက်ဘေးကနေလုပြီးတော့ ပြေးခဲ့ရတာတွေလည်းရှိပါတယ်။ ပြည်သူတွေကို သူတို့တွေ အနိုင်ကျင့်နှိပ်စက်တာတွေကို ကျွန်တော်မကြိုက်လို့ ကျွန်တော့်ကိုယ် ကျွန်တော်ရုန်းထွက်ဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာ့တပ်မတော်က ကောင်းကောင်းမွန်မွန် နွေးနွေးထွေးထွေးကြိုဆိုနေတဲ့အချိန်မှာ လာပြီးတော့ အလင်းဝင်ကြပါ။ အကြမ်းဖက်အဖွဲ့အစည်းကို အားပေးအားမြှောက်မပြုဖို့လည်း ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ ကျွန်တော်ဆိုရင်လည်း နောင်တတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ ဒီအကြမ်းဖက် အဖွဲ့အစည်းနဲ့ ကျွန်တော်ပေါင်းပြီးတော့ ကျွန်တော်တို့ပြည်သူတွေကို ဖိနှိပ်ဆက်ဆံတာတွေ၊ ရိုက်နှက်တာတွေ လုပ်ခဲ့တာတွေလည်းရှိပါတယ်။ အဲဒါတွေအကုန်လုံးအတွက် ပြည်သူတွေကို ကျွန်တော်စိတ်ရင်းနဲ့ ကျွန်တော့်ကိုခွင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်ခင်ဗျ။

No comments:

Post a Comment