မြစ်ကြီးနား ဇန်နဝါရီ ၂၃
(၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပွဲတော်အဖြစ် ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲများသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တက်ရောက်၍ ပြိုင်ပွဲဝင်အားကစားသမားများကို အားပေးဂုဏ်ပြုသည်။
ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များနှင့် တိုက်ကွမ်ဒိုဆပ်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၄ နာရီတွင် တက်ရောက်အားပေးကြည့်ရှုပြီး အနိုင်ရအားကစားသမားများကို ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ယနေ့ ညနေ ၃ နာရီတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငြိမ်းချမ်းသာယာခရိုင် ဘော်လီဘောခန်းမ၌ကျင်းပသည့် (အမျိုးသား/အမျိုးသမီး) ဖိတ်ခေါ်ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ သွားရောက်အားပေးချီးမြှင့်သည်။
ပြည်ထောင်စုဝန်ကြီးသည် အားကစားပွဲများသို့ တက်ရောက်အားပေးရာတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် ဘဝနေထိုင်မှုပုံစံကိုမြှင့်တင်ခြင်း၊ လူငယ်များအတွက် ကျန်းမာသန်စွမ်းမှု၊ စည်းလုံးညီညွတ်မှုနှင့် အားကစားစိတ်ဓာတ်များ ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အားကစားပွဲများ စဉ်ဆက်မပြတ် ကျင်းပသင့်ကြောင်း အကြံပြုပြောကြားသည်။
ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပွဲများတွင် တိုင်းရင်းသားလူမျိုးများ၊ ကျေးရွာများနှင့် အဖွဲ့အစည်းပေါင်းစုံမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြည်နယ်အတွင်း ငြိမ်းချမ်းသာယာဝပြောရေး၊ စည်းလုံးညီညွတ်ရေးနှင့် လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်ရေးတို့ကို မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment