နေပြည်တော် ဇန်နဝါရီ ၂၀
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်စစ်ဆေးပြီး တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။
နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့်
တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြရာ
အစည်းအဝေးခန်းမ၌ တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်က
တိုင်းစစ်ဌာနချုပ်ဆိုင်ရာအချက်အလက်များနှင့် စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေး၊
နယ်မြေစိုးမိုးရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊
အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်ရေးဆောင်ရွက်လျက်ရှိမှု၊
မူးယစ်ဆေးဝါးများဖမ်းဆီးရမိမှုနှင့်
မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊
ဘိန်းခင်းများ ဖျက်ဆီးနိုင်မှု၊ တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရမိမှု၊
ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု၊
တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ
ဆောင်ရွက်ထားရှိမှု၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့်
အသား၊ ငါးနှင့် ဥများအား အရာရှိ၊ စစ်သည်မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား
သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မှု၊ သက်သာချောင်ချိရေးလုပ်ငန်းများ
ဆောင်ရွက်ပေးနိုင်မှု၊ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း
(၁) နှင့် (၂) အား အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် အပိုင်း (၃) အား
သတ်မှတ်မြို့နယ်များအလိုက်၌ အောင်မြင်စွာကျင်းပနိုင်ရေး
ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍
ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး၊
လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ယခင်ကတည်းကပင် EAO အဖွဲ့အချို့ နယ်မြေကျော်လွန်ဝင်ရောက်ခြင်း၊
တိုက်ပွဲဖော်ဆောင်ခြင်းများ လုပ်ဆောင်တတ်သည့် အလေ့အထရှိကြောင်း၊ ထို့ပြင်
လက်ရှိအချိန်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း
လုပ်ငန်းများကိုပါ လုပ်ဆောင်လာကြသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့်
မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းများ
လုပ်ဆောင်မှုမရှိစေရေးအမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်သွားရန်
အလေးထားမှာကြားလိုကြောင်း၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးလုပ်ငန်းများကိုလည်း
စနစ်တကျဖြင့် ဆက်လက်ဆောင်ရွက်သွားရန်လိုပြီး ဘိန်းခင်းစိုက်ပျိုးမှု၊
ဖျက်ဆီးမှုများအား နှစ်အလိုက် မှတ်ပုံတင်ပြုစု၍
စနစ်တကျတိုက်ဖျက်ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ
ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊
ပညာတတ်များပေါကြွယ်ဝစေရေး၊ အသိအမြင်တိုးပွားစေရေးတို့အတွက်လည်း တတ်နိုင်သည့်ဘက်မှ
ကူညီဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသိအမြင်ဗဟုသုတများ
ကျယ်ပြန့်လာမှသာလျှင် ၎င်းတို့၏ လူမှုစီးပွားဘဝများတိုးတက်မှုကို ဖော်ဆောင်ရာ၌
အထောက်အကူပိုမိုဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို
ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ
ဒေသခံတိုင်းရင်းသားပြည်သူများ၏ စိတ်အတွင်း၌ ပြည်ထောင်စုစိတ်ဓာတ်နှင့်
တိုင်းပြည်ကို ချစ်မြတ်နိုးသည့်စိတ်များ ကိန်းအောင်းနေစေရေး၊ အမျိုးသားရေးစိတ်ဓာတ်များ
ရှင်သန်ထက်မြက်စေရေးတို့အတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊
တပ်တွင်းစည်းလုံးညီညွတ်ရေး၊ စည်းရုံးရေးနယ်မြေများအလိုက် တပ်နှင့်
ပြည်သူတစ်သားတည်းဖြစ်စေရေး၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏
သက်သာချောင်ချိရေးတို့ကိုလည်း အလေးထားဆောင်ရွက်သွားရန်လိုကြောင်းနှင့်
အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
တွေ့ဆုံအမှာစကားပြောကြား
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်
တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျခန်းမ၌ ခိုလမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊
မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့
ကော်မရှင်အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)
ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ခိုလမ်တပ်နယ်မှ အရာရှိ၊
စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို
ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး
ထိုသို့တွေ့ဆုံအမှာစကားပြောကြားရာတွင်
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း၌
ပြည်ထောင်စုဖွားတိုင်းရင်းသားလူမျိုးစုပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိပြီး
ပထဝီမြေအနေအထားအရအရေးပါသည့် နေရာဒေသတစ်ခုဖြစ်ကြောင်း၊ တပ်မတော်သည်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရခြင်းဖြစ်ပြီး
ထိုသို့ ထမ်းဆောင်ရာ၌ တိုင်းစစ်ဌာနချုပ်များအနေဖြင့် မိမိတို့ကွပ်ကဲရသည့် တပ်များ၏
စွမ်းရည်များတိုးတက်လာစေရေး၊ စစ်သည်များ၏ စွမ်းရည်များထက်မြတ်လာစေရေး
အမြဲမပြတ်လေ့လာသုံးသပ်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း
အစိုးရအဆက်ဆက်ပြောင်းလဲလာခဲ့သော်လည်း တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန်များကို တို့တာဝန်အရေးသုံးပါးဦးထိပ်ထား၍
ခေတ်အဆက်ဆက်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်၏
အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို
ကျေပွန်စွာထမ်းဆောင်နိုင်ရေး စဉ်ဆက်မပြတ်
ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
စစ်အခြေခံသဘောတရားအပေါ်တွင်မူတည်၍
မိမိတို့ထမ်းဆောင်ရသည့် တာဝန်များကို ဒေသအခြေအနေ၊ ခေတ်ကာလအခြေအနေတို့နှင့်
လိုက်လျောညီထွေစွာ ကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စွမ်းရည်စွမ်းအားရှိသည့်တပ်များ
ဖြစ်ရန်လိုကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးဆိုသည်မှာ ပြည်ပကျူးကျော်သည့်ရန်မှ
ကာကွယ်ရေးဖြစ်သော်လည်း မိမိတို့နိုင်ငံ၏ လိုအပ်ချက်အရ ပြည်တွင်းလက်နက်ကိုင်
ပဋိပက္ခများနှင့် ယခင်ကဖြစ်ပွားခဲ့သည့်
ပြည်ပရန်ကာကွယ်ရေးတရုတ်ကူမင်တန်ကျူးကျော်မှုများ၊ ကုလားဆိုးသောင်းကျန်းသူများကို
တပ်မတော်အနေဖြင့် နှိမ်နင်းခဲ့ရကြောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အပါအဝင်
ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူများကိုလည်း တိုက်ခိုက်နှိမ်နင်းခဲ့ရကြောင်း၊
ထိုအချိန်က တပ်မတော်အနေဖြင့် အင်အားနည်းပါးခဲ့သော်လည်း စနစ်တကျစုဖွဲ့ပြီး
သောင်းကျန်းသူချေမှုန်းရေး စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ကြောင်း၊
“တိုက်ရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းတိုက်”၊ “တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းတိုက်”
ဖြင့် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း။
ထို့နောက် တပ်မတော်ကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး
ပြည်ပရန်ကာကွယ်ရေးအတွက်လည်း ခေတ်မီတပ်မတော်ဖြစ်စေရေး တပ်မတော်ခေါင်းဆောင်များက
ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တပ်တစ်တပ်ချင်း၊ တပ်မတော်သားများတစ်ဦးချင်းစီ၏
စွမ်းရည်၊ စွမ်းပကားများကို မြှင့်တင်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို
ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းအနေဖြင့် စွမ်းရည်ရှိသည့်သူများဖြစ်အောင်
လေ့ကျင့်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့်
ကျန်းမာကြံ့ခိုင်မှုရှိရန်၊ ရဲစွမ်းသတ္တိရှိရန်နှင့်
ကျွမ်းကျင်မှုရှိရန်လိုကြောင်း၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာအရ
ကျန်းမာကြံ့ခိုင်နေမှသာလျင် ခက်ခဲကြမ်းတမ်းသည့်
လုပ်ငန်းတာဝန်များကိုထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ
ရဲစွမ်းသတ္တိရှိမှသာလျင် တိုက်ရဲခိုက်ရဲသည့် စိတ်များရှိမည်ဖြစ်သဖြင့်
ရဲစွမ်းသတ္တိရှိစေရေး လေ့ကျင့်မွေးမြူသွားရန်လိုကြောင်း၊ ကျွမ်းကျင်မှုရှိရန်ဆိုရာတွင်
သင်ကြားထားသည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာများကို
ကျွမ်းကျင်မှုရှိရန်လိုအပ်သကဲ့သို့ စစ်မြေပြင်တွင်တာဝန်ထမ်းဆောင်ချိန်တွင်
မိမိတို့တာဝန်အလိုက် ကိုင်တွယ်အသုံးပြုရသည့် စစ်လက်နက်ပစ္စည်းကိရိယာများကို
ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုနိုင်ရန်လည်းလိုကြောင်း၊
အဆိုပါအရည်အချင်းသုံးရပ်နှင့် ပြည့်စုံစေရေးတပ်မှူးများအနေဖြင့်
နေ့စဉ်လုပ်ဆောင်ရမည့် သမားစဉ်လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန်ဖြင့်
လုပ်ဆောင်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် လေ့ကျင့်ရေးလုပ်ငန်းများကို
ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို
မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်သွားမည်ဆိုပါက အရည်အချင်း ပြည့်ဝသည့်
တပ်မတော်သားများဖြစ်လာမည်ဖြစ်ကြောင်း။
လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့်
ရွေးကောက်ပွဲဖြစ်စေရေး
၂၀၂၅ ခုနှစ်၊
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲအပိုင်း (၁) နှင့်
အပိုင်း (၂) ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်း
အပိုင်း (၃) ကို ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်
နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်
ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊
ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊
မဲစာရင်းများမှန်ကန်စေရေး၊ သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ၂၀၂၄ ခုနှစ်
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင်
ရွေးကောက်ပွဲကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်ခဲ့ကြောင်း၊
ပါတီများ ဖွဲ့စည်းခွင့်နှင့် မှတ်ပုံတင်ခွင့်များကိုလည်း ၂၀၂၃ ခုနှစ်ကတည်းက
ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း၊ ပါတီများအနေဖြင့် ပါတီဝင်စည်းရုံးခွင့်နှင့်
ပါတီတည်ဆောက်ချိန်လုံလောက်စွာရရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲကို
ဒီမိုကရေစီနည်းလမ်းများနှင့်အညီ ကျင်းပနေခြင်းဖြစ်ပြီး ပါတီများအနေဖြင့်လည်း
ဒေသအလိုက် သတ်မှတ်ချက်များနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
လွှမ်းခြုံနိုင်သည့် ပါတီကြီးများရှိသကဲ့သို့ ဒေသအလိုက် ယှဉ်ပြိုင်သည့် ပါတီများ၊
တစ်သီးပုဂ္ဂလပုဂ္ဂိုလ်များလည်းရှိကြောင်း၊ ကျင်းပပြီးသည့် ရွေးကောက်ပွဲအပိုင်း (၁)
နှင့် (၂) ရလာဒ်များအား စာရင်းဇယားများဖြင့် ပွင့်လင်းမြင်သာစွာကြေညာပေးပြီးဖြစ်ကြောင်း၊
လာမည့်မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အနိုင်ရရှိသည့်အစိုးရအဖွဲ့အား
လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်များကို
လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်တွင် အစိုးရအဖွဲ့များ
ခေတ်အဆက်ဆက်မည်သို့ပင်ပြောင်းလဲလျက်ရှိသော်လည်း တပ်မတော်အနေဖြင့်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်နေမည့်
ခိုင်မာသည့် အဖွဲ့အစည်းပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်
ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုတွင်လည်း တက်လာသည့်အစိုးရများနှင့်
သဟဇာတဖြစ်စွာပူးပေါင်း၍ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ခဲ့ပြီး စည်းကမ်းတကျဖြင့်
တာဝန်ထမ်းဆောင်သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊
စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး
နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင်
စွမ်းရည်စွမ်းအားများ ပြည့်ဝနေရန်လိုအပ်မည်ဖြစ်သဖြင့်
စွမ်းအားရှိသည့်တပ်ဖြစ်စေရေးနိုင်ငံတော်မှ လိုအပ်သည်များ
ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)
တပ်ဖွဲ့များအားလုံးကို ခေတ်နှင့်အညီ အဆင့်မီတိုးတက်နေစေရေး
စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နေ့စဉ်နှင့်အမျှတိုးတက်ပြောင်းလဲလာသည့်
စစ်ဘက်ဆိုင်ရာနည်းပညာများ၊ အသုံးအဆောင်ပစ္စည်းများကို
ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စွမ်းရည်ရှိသည့်
တပ်မတော်သားများဖြစ်စေရေးအတွက်လည်း လေ့ကျင့်ရေးတာဝန်များကို
မှန်မှန်ကန်ကန်ထမ်းဆောင်သွားကြရန်လိုကြောင်း။
စွမ်းရည်ရှိပြီး အရည်အချင်းရှိသည့်
တပ်မတော်ဖြစ်စေရေးတပ်မတော်သားတစ်ဦးချင်း၏ အဆင့်များအလိုက် အသိပညာ၊
အတတ်ပညာများရှိရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်အဖြစ်
တာဝန်ထမ်းဆောင်နေသူများအနေဖြင့် မိမိနိုင်ငံနှင့် သက်ဆိုင်သောဗဟုသုတများ၊
နိုင်ငံတကာနှင့် သက်ဆိုင်သည့် ဗဟုသုတများ၊ တိုင်းရင်းသားရေးရာဗဟုသုတများ
သိရှိနေရန်လိုအပ်သဖြင့် အမြဲမပြတ်လေ့လာနေရန်လိုကြောင်း၊ အရည်အချင်းရှိသည့်
တပ်မတော်ဖြစ်စေရေးတပ်မတော်သားများအားလုံး အတန်းပညာမြင့်မားရေးကိုလည်း
ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ခေတ်သစ်စစ်ပွဲများတွင် အသုံးပြုသည့် စစ်အသုံးအဆောင်ပစ္စည်းများကို
အသုံးပြုနိုင်ရန်အတွက် အတန်းပညာရှိသည့် စစ်သည်များလိုအပ်ကြောင်း၊ ထို့ကြောင့်
တပ်မတော်သားများအားလုံး အတန်းပညာမြင့်မားရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊
တပ်မတော်သားများ အားလုံးအနေဖြင့် အဆင့်အလိုက် တက်မြောက်ရမည့် အတတ်ပညာများ
တတ်မြောက်စေရေးအတွက်လည်း တန်းမြင့်သင်တန်းကျောင်းများတွင် သင်တန်းများ
ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အတတ်ပညာများရရှိစေရေးအတန်းပညာများကို
သင်ကြားရန်လိုသကဲ့သို့ အသိပညာရှိရန်အတွက် စာအုပ်စာပေများကို
ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ အတန်းပညာ၊ အတတ်ပညာရှိမှ လူတော်ဖြစ်လာမည်ဖြစ်ပြီး အသိပညာရှိမှသာလျင်လည်း
လူကောင်းများဖြစ်လာမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကို
ပြန်လည်လေ့လာကြည့်မည်ဆိုပါက အခြေခံအားဖြင့်
တစ်ဦးချင်းအတန်းပညာအားနည်းမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည်ကို
လေ့လာတွေ့ရှိနိုင်ကြောင်း၊ အတန်းပညာများ အားနည်းမှုကြောင့်
စည်းကမ်းလိုက်နာမှုနှင့် တွေးခေါ်မျှော်မြင်မှုများနည်းပါးခြင်း၊ နိုင်ငံရေးနှင့်
နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်နိုင်မှုမရှိခြင်းတို့ကြောင့် ဘေးပယောဂများ၊
လှုံ့ဆော်သွေးထိုးမှုများအကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း၊
အတန်းမြင့်မားသူများအနေဖြင့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုများကို ခံယူထားရပြီး
စည်းကမ်းစနစ်တကျဖြင့် အတန်းပညာများသင်ယူခဲ့ရသောကြောင့် များသောအားဖြင့်
စည်းကမ်းကောင်းမွန် သူများဖြစ်ကြသည်ကို လေ့လာတွေ့ရှိရကြောင်း၊ တပ်မတော်တွင်
စည်းကမ်းသည် တပ်မတော်၏ကျောရိုးဖြစ်ပြီး စိတ်ဓာတ်များလည်း
ကောင်းမွန်နေရန်လည်းလိုကြောင်း၊ စည်းကမ်းနှင့် စိတ်ဓာတ်ကောင်းမွန်သူများသာ
လုပ်ငန်းတာဝန်များနှင့် ရည်မှန်းချက်များ အောင်မြင်မှုများရရှိသည်ကိုတွေ့ရကြောင်း၊
ထို့ကြောင့် စည်းကမ်းကောင်းသည့် တပ်များနှင့် တပ်မတော်သားများဖြစ်စေရေး
ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း။
မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်တာဝန်ကို
စတင်ထမ်းဆောင်ချိန်၌ နိုင်ငံတော်၏ ကုန်သွယ်မှုလိုငွေပြမှုမြင့်မားသဖြင့်
မိမိတို့အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ
တိုးတက်အောင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေမှာ
လျော့နည်းလာခဲ့ကြောင်း၊ သို့သော် စီးပွားရေးတိုးတက်မှုပိုမိုရရှိအောင်
ဆောင်ရွက်ရဦးမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရေး တပ်မတော်သားများအနေဖြင့်လည်း
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင်
ပန်းတိုင်ရည်မှန်းချက် မပြည့်မီမှုကြောင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့်
ဆုံးရှုံးရလျက်ရှိကြောင်း၊ ပန်းတိုင်ရည်မှန်းချက်များ
ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၌ ကုန်ထုတ်လုပ်မှုများ
တိုးတက်လာပြီး နိုင်ငံ့စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုသို့
ဆောင်ရွက်နိုင်ရန်အတွက် အတတ်ပညာရှင် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်သဖြင့်
ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
မိမိတို့အစိုးရအနေဖြင့် တာဝန်ထမ်းဆောင်သည့် ၅
နှစ်တာကာလအတွင်း ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ၊
သဘာဝဘေးဒဏ်များဖြစ်ပေါ်ခဲ့မှုများ၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားခဲ့မှုများကြားမှ
အခက်အခဲများ၊ အကြပ်အတည်းများစွာကို ကျော်ဖြတ်၍ နိုင်ငံတော်၏ စီးပွားရေးကို
တိုးတက်အောင်ဆောင်ရွက်ခဲ့ရကြောင်း။
နိုင်ငံတစ်နိုင်ငံတွင် ကာကွယ်ရေးအတွက်
အင်အားတောင့်တင်းသည့် တပ်မတော်တစ်ခုရှိရမည်ဖြစ်ပြီး တပ်မတော်အင်အားမတောင့်တင်းပါက
ပြည်ပမှစွက်ဖက်ခြင်းများကို ခံရနိုင်သဖြင့် စွမ်းရည်၊ စွမ်းအားရှိသည့်
တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည်
တိုင်းရင်းသားပြည်သူများမှ ပေါက်ဖွားလာသူများဖြစ်သဖြင့် စည်းလုံးညီညွတ်စွာဖြင့်
နေထိုင်ကြရန်လိုကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတည်ရှိနေသည့် ပထဝီအနေအထားအရ
ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံးအနေဖြင့် စည်းလုံးညွတ်မှုရှိရန်နှင့်
နိုင်ငံတော်ကာကွယ်ရေးကို စုစည်းညီညွတ်သည့်အားဖြင့် တည်ဆောက်နိုင်ရမည်ဖြစ်ကြောင်း၊
တပ်မတော်သားအားလုံးအနေဖြင့်
နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကိုထမ်းဆောင်နေသကဲ့သို့
ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ဖတ်ရှုခြင်း၊ ပြည်တွင်းပြည်ပသတင်းများအား
ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်ခြင်းဖြင့် အသိပညာဗဟုသုတများမြင့်မားလာပြီး
ဆင်ခြင်တုံတရားများလည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံတော်နှင့်
နိုင်ငံသားများက အားကိုးအားထားရသည့် တန်ဖိုးရှိသည့်
တပ်မတော်သားများဖြစ်လာမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်များ၏
လိုအပ်ချက်များကို မေးမြန်းသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊
စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးက
လက်ခံရယူသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး
လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment