မြန်မာနိုင်ငံတွင် သမိုင်းကြောင်းနောက်ခံနှင့် နိုင်ငံရေးအခြေအနေများအရ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာသည်။ တပ်မတော်အနေဖြင့် မိသားစုချင်းဖြစ်၍ စိတ်ရှည်သည်းခံစွာဖြင့် ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးတို့ကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းအခြေအနေကို အခွင့်ကောင်းယူ၍ ဝိသမလောဘသားများနှင့် ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပြီး မူးယစ်ဆေးဝါးလုပ်ငန်းများ ထူထောင်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်း၊ သယံဇာတများကို ထုတ်ယူခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားနှင့် ဒုစရိုက်လုပ်ငန်းများ ထူထောင်ခြင်းတို့ ပြုလုပ်လာသည်။
နိုင်ငံတော်အစိုးရနှင့်
တပ်မတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊
ဒေသတွင်းငြိမ်းချမ်းသာယာဝပြောရေးကိုရှေးရှု၍ ပေါ်ပေါက်လာသော
အဖျက်အမှောင့်ဒုစရိုက်လုပ်ငန်းများအားလုံးကို အမြစ်ပါမကျန် ပျောက်ပျက်စေရန်
အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ရှင်းလင်းတိုက်ဖျက်လျက်ရှိသည်။
မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၄
ရက်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်၌
နိုင်ငံတော်အစိုးရက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ နိုင်ငံတကာမှ သံအမတ်ကြီးများ၊
သံတမန်များ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊
ပြည်တွင်းပြည်ပသတင်းဌာနများ တက်ရောက်လေ့လာသတင်းရယူခဲ့ကြသည်။
ယခုမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုသည်
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင်
အများဆုံးဖမ်းဆီးရမိသည့်ဖြစ်စဉ်ဖြစ်သည့်အပြင် အရေးပါသည့် သတင်းအချက်အလက်များစွာ ပါဝင်နေသည်ကိုတွေ့ရသည်။
နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်
အိမ်နီးချင်းနိုင်ငံများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲပြီး ယခုကဲ့သို့
သမိုင်းဝင်ပြောင်မြောက်အောင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ မူးယစ်ဆေးဝါးပြဿနာသည်
နိုင်ငံအားလုံးကို ခြိမ်းခြောက်နေသည့် ပြဿနာဖြစ်၍ နိုင်ငံတကာမှ
လက်တွဲပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သော်လည်း အားနည်းမှုများရှိနေသဖြင့်
ပြည်တွင်းအင်အားဖြင့်ပင် အစွမ်းကုန်ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတွင်
ရှမ်းပြည်နယ်သည် ရေမြေသဘာဝအရ ဘိန်းစိုက်ပျိုးထုတ်လုပ်နိုင်သဖြင့် တစ်ချိန်က
ရွှေတြိဂံဒေသဟု နာမည်ကြီးပြီး မူးယစ်ဆေးဝါးများထွက်ရှိရာ အဓိကနေရာတစ်ခုဖြစ်ခဲ့သည်။
ရှမ်းပြည်နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အမျိုးမျိုးရှိပြီး
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကိုရှေးရှု၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများ
အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ဆင်ရေးများရပ်တန့်ပေးခဲ့သည်။
စစ်ဆင်ရေးများရပ်တန့််ချိန်တွင် မူးယစ်ဆေးဝါးလုပ်ငန်းများ
လုပ်ကိုင်မှုများရှိသဖြင့် တပ်မတော်က သတိပေးဟန့်တားမှုများ ပြုလုပ်ခဲ့ရသည်။ သို့သော်
၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ
ကြီးမားစွာဖြစ်ပေါ်လာသောကြောင့် အဆိုပါနေရာများမှ တပ်မတော်အနေဖြင့်
ခေတ္တဆုတ်ခွာပေးခဲ့သည်။ ထိုအချိန်တွင် မူးယစ်ဆေးဝါးနှင့် ဒုစရိုက်လုပ်ငန်းများ
ပြန်လည်အခြေချလာပြီး ကြီးထွားလာသည်။
၂၀၂၅
ခုနှစ်မှစတင်၍ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး
အိမ်နီးချင်းနိုင်ငံနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့်
အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာများကို
ရှာဖွေဖော်ထုတ်ဖျက်ဆီးခဲ့သည်။ ယခုဖော်ထုတ်ဖမ်းဆီးရမိမှုသည် မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်
မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ဆင်ရေးများတွင် အကြီးမားဆုံးနှင့် ပမာဏအများဆုံးရှင်းလင်း၊
ဖျက်ဆီး၊ ဖမ်းဆီးရမိသည့် စစ်ဆင်ရေးဖြစ်သည်။ စစ်ဆင်ရေးကိုဆောင်ရွက်ရာတွင်
တပ်မတော်တပ်ရင်းသုံးရင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲကွန်မန်ဒိုတပ်ခွဲသုံးခွဲတို့က
ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ်သော
တာဝန်ထမ်းဆောင်မှု၊ စစ်ဆင်ရေးကို အောင်မြင်အောင်ကြီးကြပ်ကွပ်ကဲနိုင်မှုတို့ကြောင့်
သမိုင်းတွင်သည့် အောင်မြင်မှုကိုရရှိခဲ့သဖြင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်က
လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချီးကျူးလေးစားဂုဏ်ပြုခဲ့သည်။
ဖမ်းဆီးရမိမှုနှင့်
ပတ်သက်၍ စစ်ဆင်ရေးကြာချိန် ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိဖြစ်သည်။ ယခုဖမ်းဆီးရမိသည့် အိုက်စ်ပမာဏသည်
၂၀၂၅ ခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဖမ်းဆီးရမိခဲ့သည့်
ထုတ်လုပ်ဖြန့်ဖြူးခဲ့သော အိုက်စ်ပမာဏ၏ ၃၃ ဒသမ ၄၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ထို့ကြောင့်
ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်သောနေရာ သုံးခုသည် မြန်မာ
နိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာဖြစ်နိုင်သည်ဟု စိစစ်တွေ့ရှိရသည်။
အဆိုပါနေရာမှ ထွက်ပေါက်လမ်းကြောင်းအမျိုးမျိုးရှိရာတွင် ပင်လယ်မှ
ပြည်ပနိုင်ငံများလမ်းကြောင်းကို AA သောင်းကျန်းသူ၊ လွိုင်ကော်နှင့် တောင်ငူလမ်းကြောင်းမှ
ထိုင်းနိုင်ငံလမ်းကြောင်းကို KNU/KNLA, NUG, PDF သောင်းကျန်းသူ၊
ကလေး-ကလေးဝလမ်းကြောင်းကို PDF, CDF သောင်းကျန်းသူ စသည်ဖြင့်
မရိုးဖြောင့်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပါဝင်ပတ်သက်နေသည်ကို
တွေ့ရသည်။
သို့ဖြစ်ရာ
မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး တစ်မျိုးသားလုံးကို
အန္တရာယ်ပေးနေသော မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှု ဒုစရိုက်လုပ်ငန်းများကို
အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများ ပူးပေါင်းလက်တွဲပြီး
အင်တိုက်အားတိုက် ထိထိရောက်ရောက် အမြစ်ပြတ်တိုက်ဖျက်လျက်ရှိပါကြောင်း။ ။

No comments:
Post a Comment