လုံခြုံရေးပူးပေါင်းအဖွဲ့များက အဆိုပါသိမ်းဆည်းရမိမှုများနှင့် ဆက်စပ်၍ လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းနှင့် နယ်မြေရှင်းလင်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက် ယနေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့၏ အနောက်မြောက်ဘက် ၃၄ ကီလိုမီတာခန့်အကွာ၊ နားလင်းကျေးရွာ၏ အရှေ့မြောက်ဘက် ၁၄ ကီလိုမီတာခန့်အကွာ ယခင်သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးအဓိက ထုတ်လုပ်သည့်နေရာ၏ မြောက်ဘက် ၂ ဒသမ ၅ ကီလိုမီတာခန့်အကွာ၌ မသင်္ကာဖွယ်ရာမူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ တွေ့ရှိရ၍ သွားရောက်ရှင်းလင်းခဲ့ရာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုရသည့် ဆက်စပ်ပစ္စည်းများဖြစ်သော အမျိုးအစားစိစစ်ဆဲ အက်ဆစ်များထည့်ထားသည့် ပုံးပြာ ၃၅၀၀ လုံးနှင့် သံပေပါ ၅၀၇ လုံး၊ ဂတ်စ်အိုး ၂၄၃ လုံး၊ မီးစက် ၂ လုံး၊ ဆေးပြားရိုက်စက် ၉ လုံး၊ မသင်္ကာဖွယ်ရာ Happy Water ထုတ်လုပ်သည် ဟုယူဆရသော စက်ရုံဂိုထောင် ၁ လုံး၊ ဆေးပြားအခြောက်ခံဗန်း ၅၀ ခု၊ လူနေတဲ ၁၂ လုံး၊ အက်စစ်ပုံးထားသည့် ဂိုဒေါင် ၇ လုံး၊ ဖန်ပေါင်းချောင်များဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် တဲ ၁ လုံး၊ ပစ္စည်းထည့် ဂိုထောင် ၃ လုံး၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့် ကုန်ကြမ်းများထားရှိသည့် ဂိုဒေါင် ၂ လုံးနှင့် ရိက္ခာဂိုထောင် ၂ လုံးတို့ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိမူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ပညာရှင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဒေသတစ်ဝိုက်အားလည်း မသင်္ကာဖွယ်မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများရှိနိုင်သေးသဖြင့် နယ်မြေဖော်ထုတ်ရှင်းလင်းခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းများရရှိပါကလည်း တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန်လိုအပ်ကြောင်းနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။