နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြည်သူလူထု၏ဆန္ဒနှင့်အညီ လျှောက်လှမ်းနိုင်ရေး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ပြီဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်မည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရေးစသည့် ကဏ္ဍပေါင်းစုံ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်နေသည့်ကာလအတွင်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်တွင်း၌သာမက နိုင်ငံတကာနှင့်လည်း ထိတွေ့ဆက်ဆံပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် မြန်မာနိုင်ငံ၏ ကောင်းမွန်သည့်ရလဒ်များနှင့် တိုးတက်ဖြစ်ထွန်းမှုများကို နိုင်ငံတကာကသိရှိအောင် ထုတ်ဖော်ပြသနိုင်ခဲ့သည်။
ရေရှည်တည်တံ့ခိုင်မြဲသော နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ထာဝရငြိမ်းချမ်းရေးသည် အရေးအကြီးဆုံးအချက်ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်ရေးအတွက် ယနေ့အချိန်အထိ အရေးပါဆဲဖြစ်၍ NCA သဘောတူညီချက်များအတိုင်း ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများကို ခြိမ်းခြောက်နေသည့် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှု ဒုစရိုက်လုပ်ငန်းများ ထပ်မံမပေါ်ပေါက်စေရေးအတွက် အမြစ်ပြတ်သည်အထိ နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ဖြတ်ကျော်ဒုစရိုက်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အဆက်မပြတ် ထိရောက်စွာဆောင်ရွက်လျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုများသည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့်အတွက် ထိရောက်စွာတိုက်ဖျက်ခြင်းဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးတိုးတက်ခိုင်မာအောင် ဆောင်ရွက်ရမည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ယခုထက် ပိုမိုတိုးတက်ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင် ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာအလယ်တန်းအဆင့်(KG+9)ကို မသင်မနေရအဆင့် သတ်မှတ်ပြီး ပညာရေးအဆင့်ကို မြှင့်တင်လျက်ရှိသည်။ မကြာမီကာလတွင် အခြေခံပညာကျောင်းများ၌ အတန်းတင်စာမေးပွဲများကို ကျင်းပတော့မည်ဖြစ်ရာ တန်းစဉ်အားလုံး အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် မိဘ၊ ဆရာ၊ ကျောင်းသားများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးပြီး ကျန်းမာရေးအသိအမြင်များ ကျယ်ပြန့်စွာ ဖြန့်ဝေပေးရမည်ဖြစ်သည်။
နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့သည့်ကာလအတွင်း စိန်ခေါ်မှုများစွာနှင့် ခက်ခဲကြမ်းတမ်းမှုများကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့သည်။ နိုင်ငံတော်အစိုးရ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် နိုင်ငံတော်အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် နိုင်မည့် နိုင်ငံရေးအင်အားစုများနှင့် ပြည်သူ့ကိုယ်စားလှယ်များကို အကောင်အထည်ဖော်ပေးနိုင်ခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူများ၏ လူမှုစီးပွားဘဝများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင် ခဲ့ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ထွန်းလာရေးအတွက် နိုင်ငံတော်တစ်ဝန်း တည်ငြိမ်အေးချမ်းသာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်သာယာလှပရေးနှင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီယဉ်ကျေးမှု ထူထောင်နိုင်ရေးတို့ကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲပြီး တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
No comments:
Post a Comment