နေပြည်တော် ဇန်နဝါရီ ၂၀
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေအထောက်အပံ့ဖြင့် “မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင် မျိုးစိတ်များ စဉ်ဆက်မပြတ်အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်း” ၏ စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမတွင် ကျင်းပသည်။
ဖွင့်ပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
သံရုံးမှ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ဆက်စပ်ဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီမံကိန်းဒေသမှ ဌာနေတိုင်းရင်းဆေးဆရာများ
တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယခုစီမံကိန်းကို
ရှမ်းပြည်နယ်အရှေ့ပိုင်း မဲခေါင်မြစ်ဝှမ်းဒေသတွင် စီမံကိန်းကာလနှစ်နှစ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊
စီမံကိန်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင် မျိုးစုံမျိုးကွဲများအား စာရင်းကောက်ယူ၍ မျိုးခွဲစစ်ဆေးလေ့လာဖော်ထုတ်ခြင်း၊
ဌာနေတိုင်းရင်းသားများ လူမျိုးစုများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ
အသုံးပြုသောအပင်များအား လေ့လာဖော်ထုတ်ပြီး အပင်မျိုးစိတ်များ၏ ဓာတုဒြပ်ပေါင်းပါဝင်မှုကို
သိပ္ပံနည်းကျစမ်းသပ်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ စီမံကိန်းဒေသမှ ဆေးဖက်ဝင်မျိုးစိတ်
၁၅၀ ကို စုဆောင်းနိုင်ခဲ့ပြီး ထူးခြားဂုဏ်သတ္တိရှိ ဓာတုဒြပ်ပေါင်းများပါဝင်မှုကို
ဓာတ်ခွဲစမ်းသပ်ခဲ့ကြောင်း၊ အဆိုပါမျိုးစိတ်များတွင် အပင်မျိုးစိတ် ၁၆ မျိုးကို
မြန်မာနိုင်ငံအတွက် အပင်မျိုးစိတ်မှတ်တမ်းအသစ်အဖြစ် လေ့လာဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ကြောင်း။
အလားတူ လက်ဖက်မျိုးစိတ်နှစ်မျိုးအား မှတ်တမ်းအသစ်တင်နိုင်ခဲ့ပြီး
ဓာတ်ခွဲစမ်းသပ်ချက်များအရ ရောဂါအမျိုးမျိုးကုသနိုင်သော ထူးခြားဂုဏ်သတ္တိရှိသည့်
ဓာတုဒြပ်ပေါင်းများ ပါဝင်နေသည်ကို လေ့လာဖော်ထုတ်နိုင်ခဲ့ကြောင်း၊
စီမံကိန်းရလဒ်အနေဖြင့် ဆေးဖက်ဝင်အပင်များ၏ ဂုဏ်သတ္တိဆိုင်ရာ နည်းပညာဗဟုသုတများကို မြှင့်တင်ပေးသည့်အပြင်
နောင်အနာဂတ်ဆေးဝါးသစ်များ ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအချက်အလက်များ
ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းသုတေသနရလဒ်အဖြစ် “Medicinal Plants of Mekong Region in
Myan-mar” ဆေးဖက်ဝင်အပင်စာအုပ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း၊
ယခုစီမံကိန်းသည် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသအတွက် ရလဒ်ကောင်းများ ရရှိစေပြီး
ရုက္ခဗေဒအချက်အလက်နှင့် အသုံးချဇီဝဗေဒသိပ္ပံဆောင်ရွက်နေသော နယ်ပယ်အသီးသီးအတွက်လည်း
အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက
မဲခေါင်မြစ်ဝှမ်းဒေသ၏ အရေးပါပုံနှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍအားပြောကြားပြီး
စီမံကိန်းကာလအတွင်း ဆောင်ရွက်ချက်များအား Video Clip ပြသသည်။ ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက ခင်းကျင်းပြသထားမှုနှင့် ပိုစတာများအား
လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ
တက်ရောက်လာသူများက မဲခေါင်မြစ်ဝှမ်းဒေသရှိ ဆေးဖက်ဝင်အပင်မျိုးစိတ်များ၊ လက်ဖက်မျိုးစိတ်များနှင့်
မှတ်တမ်းအသစ်မျိုးစိတ်များ၊ ရိုးရာဓလေ့ဆေးဖက်အသုံးပြုမှုနှင့် သိပ္ပံနည်းကျဓာတ်ခွဲစမ်းသပ်ခြင်းမှ
တွေ့ရှိချက်များကို နှိုင်းယှဉ်လေ့လာခြင်းများနှင့် ပတ်သက်၍
ဆွေးနွေးအကြံပြုကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment