နေပြည်တော် ဇန်နဝါရီ ၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈
ရက်တွင် ရွေးကောက်ပွဲအပိုင်း (၁) ကို အောင်မြင်စွာ
ကျင်းပပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း ရွေးကောက်ပွဲအပိုင်း (၂) နှင့် အပိုင်း (၃)
တို့ကို ဆက်လက်ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ
စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်းများ ဆောင်ရွက်နိုင်ရန် ရက်ပေါင်း ၆၀
သတ်မှတ်ခွင့်ပြုပေးခဲ့ပြီး ရွေးကောက်ပွဲအပိုင်း (၁) ပြီးနောက် အပိုင်း (၂) နှင့်
အပိုင်း (၃) အတွက် မဲဆွယ်စည်းရုံးခြင်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး နေ့ရက်များ
သတ်မှတ်ခွင့်ပြုပေးခဲ့ပါကြောင်း။
မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ
ဆက်လက်ဆောင်ရွက်ရာတွင် မဲဆွယ်စည်းရုံးရေးဆိုင်ရာဥပဒေ၊ စည်းကမ်းများနှင့်အညီ
စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊
ပြိုင်ဘက်ပါတီများ၊ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများကို စော်ကားပုတ်ခတ်၍
ပြောဆိုစည်းရုံးခြင်းသည် ရာဇဝတ်ကြောင်းအရ ပြစ်မှုမြောက်နိုင်သကဲ့သို့
ရွေးကောက်ပွဲဆိုင်ရာတရားမဲ့ပြုကျင့်မှုလည်း မြောက်နိုင်ပါကြောင်း၊ တစ်ဖက်ပါတီကို
နှိမ့်ချပုတ်ခတ်ပြောဆိုစည်းရုံးခြင်းသည် ကျင့်ဝတ်သိက္ခာမဲ့သည့် လုပ်ဆောင်ချက်အဖြစ်
မှတ်ယူရမည်ဖြစ်ပြီး ရွေးကောက်ပွဲနှင့် ပါတီ၏ ပုံရိပ်ကိုလည်း ထိခိုက်စေမည်ဖြစ်ပါကြောင်း။
ရွေးကောက်ပွဲအပိုင်း
(၁) မှ ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများကို
ထုတ်ပြန်ကြေညာလျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကုန်ကျစရိတ်နှင့် စပ်လျဉ်း၍
တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးထားပြီးဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏
ကုန်ကျစရိတ်စာရင်းများကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၂ ပါအတိုင်း
သတ်မှတ်ရက်အတွင်း အချိန်မီတင်သွင်းကြရန် မှာကြားလိုကြောင်း၊ တင်သွင်းရန်ပျက်ကွက်ပါက
အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရမည်ကို သတိချပ်စေလိုပါကြောင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းများ
ပြည့်စုံမှန်ကန်စေရေးမဲစာရင်းကို သုံးကြိမ်တိုင်ကပ်ထားကြေညာပေးခဲ့ပြီး
မဲစာရင်းတွင် မပါဝင်ပါက တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းများကို
ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊
ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍လည်း
ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ
ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့ပြီး ၂-၁-၂၀၂၆
ရက်စွဲဖြင့်လည်း အသိပေးထုတ်ပြန်ကြေညာပြီးဖြစ်ပါကြောင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊
ရေတွက်ခြင်း၊ ဆန္ဒမဲစာရင်းများ ပြုစုခြင်း၊ ကပ်ထားကြေညာခြင်းဆိုင်ရာ
လုပ်ငန်းစဉ်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊
ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ အသိသက်သေများ၊ အများပြည်သူတို့အား ဖိတ်ကြား၍
ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရရှိသည့်
ဆန္ဒမဲစာရင်းများကို အများပြည်သူသိရှိနိုင်ရန်
သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားပြီးဖြစ်ပါကြောင်း၊
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို
လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့်
ရွေးကောက်ပွဲဖြစ်ကြောင်း အသိအမှတ်ပြုမှတ်ကျောက်တင်ရန်အတွက် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊
နိုင်ငံတကာနှင့် ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းများမှ သတင်းမီဒီယာသမားများ
စုစုပေါင်း ၁၅၄၄ ဦးခန့် စောင့်ကြည့်လေ့လာသတင်းရယူခွင့်ပြုခဲ့ပါကြောင်း၊
နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက မဲဆန္ဒရှင်ပြည်သူများ၏ စိတ်ပါဝင်စားမှု၊
အားတက်သရော လာရောက်မဲပေးခဲ့မှုများကို မြင်တွေ့ခဲ့ကြသည့်အတွက် အောင်မြင်သည့်
ရွေးကောက်ပွဲဖြစ်ကြောင်းနှင့် ထောက်ခံအားပေးအသိအမှတ်ပြု မှတ်ချက်စကားများ
ပြောကြားခဲ့ပါကြောင်း၊ အခက်အခဲအမျိုးမျိုးကြားမှ လာရောက်မဲပေးခဲ့ကြသည့်
မဲဆန္ဒရှင်ပြည်သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့်
ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ မှန်မှန်ကန်ကန်၊
ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲမှတစ်ဆင့် ဂုဏ်သိက္ခာရှိသော လွှတ်တော်အသီးသီးဖွဲ့စည်းနိုင်မည်ဟု
ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍
အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက
ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးပါတီဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍
ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက
ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက
လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်စကားပြောကြားသည်။
အခမ်းအနားသို့
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ
တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊
နိုင်ငံရေးပါတီ ၄၇ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။




No comments:
Post a Comment