Saturday, January 17, 2026

မိတ်ဆွေမပီသသည့် ဘောင်ကျော်သောလုပ်ရပ်

 


၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့အတွက် အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအတွင်း ဖြစ်ပေါ်ခဲ့သည့် ပမာဏကြီးမားလှစွာသော မဲမသမာမှုများကို အကြောင်းပြု၍ မြန်မာနိုင်ငံတွင် နိုင်ငံရေးအရအရေးပေါ်အခြေအနေနှင့် နိုင်ငံရေးအပြောင်းအလဲတို့ ဖြစ်ခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ လက်ရှိအစိုးရက နိုင်ငံတာဝန်ကိုထိန်းသိမ်းခဲ့ရသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် နိုင်ငံတစ်နိုင်ငံ၏ အိမ်စောင့်အစိုးရတစ်ရပ်အနေဖြင့် အန္တိမတာဝန်မှာ အခြေအနေပေးသည်နှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးပြီး နိုင်ငံကိုပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်တင်ပေးရန်ပင် ဖြစ်သည်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် ယင်းသို့သောရွေးကောက်ပွဲပင်ဖြစ်ပြီး မြန်မာနိုင်ငံသူနိုင်ငံသား မဲဆန္ဒရှင်ပြည်သူများ မျှော်လင့်စောင့်စားနေကြသည့် ရွေးကောက်ပွဲလည်းဖြစ်သည်။ အထူးသဖြင့်ရွေးကောက်ပွဲသည် အချိန်ကာလအားဖြင့် တစ်နှစ်အတွင်း ကျင်းပသင့်ခဲ့သော်လည်း ပြည်တွင်းမငြိမ်မသက်မှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်ခြင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်း၊ မဲစာရင်းများပြုစုခြင်း၊ မှတ်ပုံတင်ကတ်ပြားများ သန်းနှင့်ချီ၍ပြုလုပ်ပေးရခြင်း စသည့်အကြောင်းများကြောင့် အရေးပေါ်ကာလသက်တမ်းရှည်ကြာခဲ့ရသည်။ မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် နိုင်ငံကို ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်လည် ရောက်ရှိလိုခြင်းဖြစ်ရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသော ရွေးကောက်ပွဲအပိုင်း(၁)နှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပသော ရွေးကောက်ပွဲအပိုင်း (၂) တို့တွင် တက်တက်ကြွကြွမဲပေးခဲ့ကြခြင်းကြောင့် အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်။ ထို့အပြင်ရွေးကောက်ပွဲကို လာရောက်ကြည့်ရှုခဲ့ကြသည့် နိုင်ငံတကာစောင့်ကြည့်လေ့လာ သူများနှင့် ပြည်တွင်းပြည်ပမီဒီယာများကလည်း သဘောထား မှတ်ချက်ကောင်းများ ပေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်ခန့်အလို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အခြေအမြစ်မရှိသည့် မီဒီယာထုတ်ပြန် ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်က ပြင်းပြင်းထန်ထန်နှင့် ပြတ်ပြတ်သားသား ပယ်ချလိုက်သည်။ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ယင်းကြေညာချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကိုလည်းကောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကိုလည်းကောင်း မျက်ကွယ်ပြုထားပြီး တစ်ဖက်သတ်အမြင်ဖြင့် အထောက်အထားမဲ့ စွပ်စွဲချက်များကိုသာ ဖော်ပြထားသည့်အပြင် စစ်အာဏာရှင်ဟူသော နိုင်ငံရေးအရ နှိမ်ချသည့်စကားလုံးကိုပါ ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ကျင်းပမည့်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍လည်း ကြိုတင်အကဲဖြတ်သည့်သဘော၊ ကန့်သတ်တားမြစ်ချက်များချမှတ်ရန် ကြိုးပမ်းသည့် သဘောတို့ကိုဖော်ပြခဲ့ရာ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် မသက်ဆိုင်သည့်ကဏ္ဍကို ပြုလုပ်ခြင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပေါ်ပေါက်လာသည့် အစိုးရတစ်ရပ်ကို လေးစားမှုမပြုဘဲ ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်ခြင်း၊ အာဆီယံအဖွဲ့အစည်း၏မူဝါဒကို ချိုးဖောက်ခြင်းဖြစ်ရာ မလေးရှားလူ့အခွင့်အရေး ကော်မရှင် မီဒီယာထုတ်ပြန်ကြေညာချက်၏ ရည်ရွယ်ချက်မှာ မေးခွန်းထုတ်စရာဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင်းပနေသည့် ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသကဲ့သို့ လူ့အခွင့်အရေးနှင့်အညီ မဲပေးရန်အရည်အချင်းနှင့် ပြည့်စုံသူ တိုင်း တန်းတူညီမျှ ဆန္ဒမဲပေးခွင့်ရသော ရွေးကောက်ပွဲလည်းဖြစ်သည်။ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ကြေညာချက်သည် အာဆီယံမိသားစုနှင့် နိုင်ငံတကာအသိုက်အဝန်းအတွင်း တင်းမာမှုနှင့်စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေသော၊ မိတ်ဆွေမပီသသော လုပ်ရပ်ဖြစ်သည့်အလျောက် ပြင်းပြင်းထန်ထန်၊ ပြတ်ပြတ်သားသား ပယ်ချရမည်သာ ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment