ဒေါက်တာရင်ရင်နွယ်
ကမ္ဘာ့အကြီးမားဆုံးအကြမ်းဖက်မှုအဖြစ် မှတ်သားရမယ်လို့ပြောရတဲ့ အကြောင်းရင်းကတော့ မယုံနိုင်ရလောက်တဲ့ ကိန်းဂဏန်းတွေကြောင့်ပဲဖြစ်တယ်....။
အဲဒီအဖြစ်အပျက်ကို ပြန်တွေးတိုင်းနယူးယောက်က
အကြမ်းဖက်မှုဖြစ်ရပ် 9 /11 ကို ပြန်သတိရမိတယ်
(အမေရိကန်နိုင်ငံသား စာရေးဆရာ Rick Heizman)
ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏အမှုနှင့် ပတ်သက်ပြီးကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ပြုလုပ်လျက်ရှိသည်။
အဆိုပါ ကြားနာပွဲနှင့်ပတ်သက်ပြီး နိုင်ငံတော်ယာယီသမ္မတ၏ အကြံပေးအဖွဲ့အဖွဲ့ဝင် ဒေါက်တာ ရင်ရင်နွယ်နှင့် အမေရိကန်နိုင်ငံသား စာရေးဆရာ Mr. Rick Heizman တို့၏ ပြောကြားချက်များကို ဖော်ပြအပ်ပါသည်။
ဒေါက်တာရင်ရင်နွယ် အဖွဲ့ဝင်၊ နိုင်ငံတော်ယာယီသမ္မတ၏ အကြံပေးအဖွဲ့
စစချင်းပြောချင်တာကတော့ ICJ မှာ အခုပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး ပါဝင်တဲ့အဖွဲ့ဝင်တွေ၊ ကျွန်မတို့ရုံးက အကြံပေးဒေါ်ခင်ဦးလှိုင်လည်း ပါသွားတယ်။ သွားရှင်းပြတာကို ကျွန်မအနေနဲ့ အပြည့်အဝထောက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ၂၀၁၆ နဲ့ ၂၀၁၇ မှာ ဒီကိစ္စတွေ၊ ဘင်္ဂါလီ တွေကို လူမျိုးတုံးစေမှုဖြစ်စေတယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ပတ်သက်ပြီး ဖြစ်တဲ့နှစ်တွေမှာ ဒီအစိုးရမတိုင်ခင်က အဖြစ်မှန်တွေကို သက်သေအထောက်အထားနဲ့ ထောက်ပြတင်ပြတာ နိုင်ငံတကာအသိုင်းအဝိုင်းကို ဒါပထမဦးဆုံးအကြိမ်လို့ပဲ ပြောရမယ်။ အဲဒီတော့ ဒါပထမဦးဆုံးအကြိမ် ဒီအစိုးရလက်ထက်မှာ မှန်မှန်ကန်ကန်ဖြစ်စဉ်တွေကို ရှင်းပြတာပဲ။ ကိုယ့်ရှုထောင့်ကနေ အထောက်အထားတွေနဲ့ နိုင်ငံတော်ရှုထောင့်၊ နိုင်ငံ့အချုပ်အခြာရှုထောင့်၊ တိုင်းရင်းသားတွေရဲ့ ရှုထောင့်ကနေတင်ပြနိုင်တာ ဒါပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။ ဟိုအရင်အစိုးရတုန်းက အဲဒီတင်ပြတဲ့ အဆင့်လောက် မရောက်ခဲ့ဘူး။ အဲဒီတုန်းကလည်း ကျွန်မနားထောင်ခဲ့ပါတယ်။ အဖြစ်အပျက်အမှန်ကို တင်ပြခြင်းအထိ မရောက်ခဲ့ပါဘူး။
ဆက်ပြီးပြောရမယ်ဆိုရင် အခုလောလောဆယ် သည်ဟိတ်ဂ်မြို့မှာ ဖြစ်နေတဲ့ ICJ ကိစ္စ။ မြန်မာနိုင်ငံက ဂမ်ဘီယာနဲ့ အမှုဖြစ်နေတယ်။ အမှုဖြစ်နေတာက ဂမ်ဘီယာက စွပ်စွဲတာ။ ကျွန်မအနေနဲ့ ပထမ ကဏ္ဍဖြစ်ပြီးဒီကိစ္စမှာ အရေးပါအရာရောက်တဲ့ ကိုဖီအာနန်ကော်မရှင်နဲ့ ပတ်သက်ပြီး နည်းနည်း ရှင်းပြချင်ပါတယ်။ ကိုဖီအာနန်ဆိုတာက ကျွန်မကိုယ်တိုင်လည်း ကမ္ဘာ့ကုလသမဂ္ဂမှာလုပ်ခဲ့တော့ ကျွန်မသူနဲ့လည်း စကားပြောဖူးပါတယ်။ သူက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တွေထဲမှာ သတ္တမမြောက် အတွင်းရေးမှူးချုပ်ဖြစ်ပါတယ်။ သူက ၁၉၉၆ ကနေ ၂၀၀၇ ခုနှစ်အထိ လုပ်ခဲ့ပါတယ်။
ပထမအချက် ကျွန်မပြောချင်တာက သူ့ကို Report ကို ဦးဆောင်ဖို့ ဘာကြောင့် ရွေးလိုက်သလဲ ဆိုတာ ရှင်းရှင်းပြောရရင် ကျွန်မသိပ်ပြီးနားမလည်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုဖီအာနန်ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိပဲဖြစ်ဖြစ်၊ UN ကထုတ်တဲ့ အတ္ထုပ္ပတ္တိပဲဖြစ်ဖြစ် အတ္ထုပ္ပတ္တိတစ်ခုခုကို ကြည့်လိုက်မယ်ဆိုရင် ကိုဖီအာနန်က ကုလသမဂ္ဂမှာရှိတဲ့နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို သိပ်အလေးမထားတဲ့ အတွင်းရေးမှူးချုပ်လို့ပဲ ကျွန်မသုံးသပ်ရမှာပဲ။ ဥပမာပြောရမယ်ဆိုရင် ဆားဘီးယားနိုင်ငံပေါ့။ သူကသူ့ဟာသူ နိုင်ငံသက်သက်ရှိတာ။ ဆားဘီးယား နိုင်ငံကို ကိုဆိုဗိုကိစ္စနဲ့ သူတို့ပဋိပက္ခတွေဖြစ်တုန်းက ဒါကပြည်တွင်းရေးပဋိပက္ခ။ နိုင်ငံတော်တော်များများက ပြည်တွင်းရေးပဋိပက္ခလို့ သတ်မှတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဆိုဗိုက အစ္စလာမ်ဘာသာများတဲ့ ပြည်နယ်ဆိုပြီးသူတို့က ခွဲထွက်ချင်တယ်။ ခွဲထွက်ချင်တော့ ဥရောပတိုက်က နိုင်ငံတော်တော်များများက အဲဒီခွဲထွက်မှုကို အားပေးတယ်။ ဆားဘီးယားနဲ့ ဥပမာအာရှတိုက်နိုင်ငံတွေ ဘာတွေကတော့ အားမပေးဘူးပေါ့။
အဲဒီအချိန်မှာ ဆားဘီးယားကို အတင်းအကျပ် ဝင်တိုက်ဖို့ UN မှာလည်း သဘောမတူနိုင်ဘူး။ သဘောမတူနိုင်တော့ ဘာလုပ်သလဲဆိုတော့ ကိုဖီအာနန်ရဲ့ခွင့်ပြုချက်နဲ့ အမိန့်အရ နေတိုးလေယာဉ်ပျံတွေ၊ အထူးသဖြင့် အမေရိကန်လေယာဉ်ပျံတွေက ဆားဘီးယားကို ဗုံးကြဲလိုက်တယ်။ ၁၉၉၉ ခုနှစ်မှာ သူအတွင်းရေးမှူးချုပ်ဖြစ်နေပြီ၊ မတ်လကနေ မေလအထိ ဗုံးကြဲတယ်။ ဗုံးကြဲရင်းနဲ့ တရုတ်သံရုံးကိုသွားထိတယ်။ အရင်ယူဂိုဆလားဗီးယားနိုင်ငံမှာရှိတဲ့ ဆားဘီးယားမြို့တော်ဖြစ်တဲ့ ဘဲလ်ဂရိတ်မြို့တော်မှာ တရုတ်သံရုံးကိုသွားထိတော့ တရုတ်သတင်းထောက် သုံးဦးသေသွားတယ်။ သံရုံးက တရုတ်လူမျိုးတွေ ၂၁ ယောက်လောက် ဒဏ်ရာရတယ်။ ဒါက ကုလသမဂ္ဂကခွင့်ပြုထားတဲ့ ဗုံးကြဲခြင်းလည်း မဟုတ်ဘူး။ သူ့ဟာသူ တစ်ဖက်သတ် အနိုင်ကျင့်တယ်လို့ပဲ တော်တော်များများနိုင်ငံတွေက ယူဆကြတယ်။ ဒီတော့ ကိုဆိုဗိုခွဲထွက်တော့လည်း ဥရောပတိုက်က အားပေးတယ်။ ဗုံးကြဲတဲ့ဖိအားတွေနဲ့ဆိုတော့ ဆားဘီးယားက ကိုဆိုဗိုကို ခွဲထွက် တာတော့ ခွင့်မပြုဘူး။ ဒါပေမယ့် ခွဲထွက်ခံလိုက်ရတယ်။ ဒီနေ့အထိလည်း ကိုဆိုဗိုကို သီးခြားနိုင်ငံ အဖြစ် အသိအမှတ်မပြုတဲ့ အစိုးရတွေက ကမ္ဘာပေါ်မှာ ပိုများတယ်။ အနောက်နိုင်ငံတွေကတော့ အသိအမှတ်ပြုတယ်။
အဲဒီတော့ ကျွန်မဆိုလိုတာက ကိုဆိုဗိုနဲ့ ဆားဘီးယားကိစ္စမှာ နိုင်ငံရဲ့ အချုပ်အခြာဖြစ်တဲ့ ဆားဘီး ယားရဲ့လိုအပ်ချက်တွေကို၊ နောက်ပြီး သူ့ရဲ့ဥပဒေ ဘောင်တွေ၊ ဘာတွေမစဉ်းစားဘဲ တစ်ဖက်သတ် ဒီလိုဗုံးကြဲခိုင်းတာတော့ အဲဒီနိုင်ငံကို မလေးစားလို့ပဲလို့ ကျွန်မတို့ သတ်မှတ်ရမယ်။ ဆားဘီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မလေးစားဘူး။ ဒါ ၁၉၉၉ ဆိုတော့ အဲဒီကတည်းက ကိုဖီအာနန်ကအတွင်းရေးမှူးချုပ်ဖြစ်နေပြီ။ သူက ၂၀၀၇ ခုနှစ်အထိ ဖြစ်တာ။ ဘယ်သောအခါမှ ကျွန်မတို့နိုင်ငံမှာရှိတဲ့ ခွဲထွက်တဲ့ကိစ္စတွေ၊ ခွဲထွက်ဖို့ တောင်းဆိုတဲ့ ဘင်္ဂါလီ တောင်းဆိုချက်တွေ ဘာတွေ၊ လူမျိုးအရ နိုင်ငံတော်က သတ်မှတ်တဲ့ အခေါ်အဝေါ်နဲ့ မသတ်မှတ်ဘဲ တခြားအခေါ်အဝေါ်နဲ့ သတ်မှတ်တာတွေ၊ ဒီလိုနိုင်ငံတော်အချုပ်အခြာကို လာထိပါးတဲ့ကိစ္စတွေမှာ ရှင်းရှင်းပြောရင် ကော်မရှင်တစ်ခုဖွဲ့ပြီး ကိုဖီအာနန်ကို အဲဒီကော်မရှင်ဥက္ကဋ္ဌအနေနဲ့ ခန့်မယ်လို့ ကျွန်မက မထင်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့လုပ်ရပ်တွေအားလုံးက နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို သူအလေးမထားဘူးဆိုတာ ပြနေတယ်လို့ ကျွန်မတို့ ယူဆခဲ့တယ်။
အဲဒီအချိန်မှာ မြန်မာနိုင်ငံအစိုးရက ကိုဖီအာနန်ပါဝင်တဲ့ ကော်မရှင်ဖွဲ့မယ်ဆိုတော့ လွှတ်တော်ထဲ မှာ ရခိုင်ပါတီ(ANP)နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တို့က ကန့်ကွက်ကြတယ်။ မလုပ်ပါနဲ့၊ ကျွန်တော်တို့၊ ကျွန်မတို့သဘောမတူကြဘူးပေါ့လေ။ ဒါပေမယ့် အဲဒီလို ကန့်ကွက်ချက်တွေကို နားမထောင်ဘူး။ လွှတ်တော်ကို ပေးမဆုံးဖြတ်ဘဲ အဲဒီအချိန်က လုပ်ခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေက ကိုဖီအာနန်ကိုကော်မရှင်ဖွဲ့ခိုင်းပြီးအဲဒီမှာ စုံစမ်းခိုင်းတယ်။ စစ်ဆေးခိုင်းတယ်။ အဲဒါပြီးတော့ အစီရင်ခံစာ ထုတ်ခိုင်းတယ်။
ဒုတိယကဏ္ဍအနေနဲ့ ပြောရမယ်ဆိုရင် ကိုဖီအာနန်ကော်မရှင်ကိုဖွဲ့ပြီးသူတို့က ကွင်းဆင်းပြီး အစီရင်ခံစာထုတ်တော့ ဘယ်လိုဖြစ်လာသလဲ ဆိုတာပြောရမယ်။ ပထမအချက်ကတော့ ကွင်းဆင်း နေတုန်းပဲ ဘင်္ဂါလီမိသားစုတွေ၊ ဘင်္ဂါလီရွာတွေကို သူတို့က သွားပြီး ကိုယ်တွေ့အင်တာဗျူးတွေ၊ ကိုယ်တွေ့ စစ်ဆေးရေးတွေလုပ်တယ်။ သူတို့ အင်တာဗျူးတွေလုပ်နေတုန်း ဖုန်းကဝင်လာတယ်။ ဖုန်းတွေဝင်လာပြီး ချက်ချင်းပဲ သူတို့ကိုယ်သူတို့ မွတ်ဆလင်ခေါ်ရာကနေ ရိုဟင်ဂျာဆိုပြီးခေါ်တယ်။ အဲဒီအချက်ကို ကြည့်လိုက်ရင် အပြင်ကနေ တစ်ဦးဦးက ဒီနာမည်ကိုသုံးအောင် ကြိုးကိုင်နေတဲ့ သဘောရှိတယ်။
တတိယအချက်က အဲဒီအစီရင်ခံစာထွက်လာတော့ နိုင်ငံတော်အနေနဲ့ ဒါတွေကို အကောင်အထည် ဖော်ဖို့ အင်မတန်ခက်တဲ့ အချက်တွေပါတယ်။ အဲဒီအချက်တွေက ဘာတွေလဲဆိုတာ ကျွန်မအနေနဲ့ အနည်းငယ်ပြောလိုပါတယ်။ ဒါပေမယ့် အဲဒီလိုမပြောခင် အကောင်အထည်ဖော်လို့ ခက်တယ်ဆိုတော့ အကောင်အထည်မဖော်တော့ ဘာဖြစ်သလဲဆိုရင် နိုင်ငံတော်အနေနဲ့ အပြောခံရတာပေါ့။ ကိုဖီအာနန်လို အထင်ကရပုဂ္ဂိုလ်ကြီး ထောက်ခံတဲ့အစီရင်ခံစာ၊ သူကိုယ်တိုင်ပါခဲ့တဲ့ အစီရင်ခံစာမှာဘာကြောင့် ဒီလိုထောက်ခံတဲ့အတိုင်း မလုပ်သလဲဆိုတာ အဲဒီလိုမေးစရာတွေဖြစ်လာတယ်။ ဖြစ်လာတော့ အဲဒီအချိန်မှာ နိုင်ငံတော်က ခေါင်းဆောင်တွေ ကလည်းပြောတယ်။ အဲဒီအတိုင်းလုပ်ပါမယ်ဆိုပြီး ကတိပေးတယ်။ အခုအချိန်ကတော့ အချိန်တွေလည်း အများကြီး ကုန်ခန်းသွားပါပြီ။ ရခိုင်ပြည်နယ် အခြေအနေကလည်း အင်မတန်ပြောင်းလဲသွားပါပြီ။ အဲဒါတွေကို အကောင်အထည်ဖော်လို့ လွယ်သလား၊ မလွယ်ဘူးလားဆိုတာ နိုင်ငံသားတွေ ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ပါ။
အကောင်အထည်ဖော်ဖို့ အခက်အခဲတွေ့မှာကတော့ ပထမဦးဆုံး နိုင်ငံသားဥပဒေပါ။ နိုင်ငံသား ဥပဒေက အခုအချိန်မှာ နိုင်ငံတော်အပေါ် သက်ရောက်တာက ၁၉၈၂ နိုင်ငံသားဥပဒေ။ အဲဒီ အတိုင်း နိုင်ငံသားလိုချင်ရင် နိုင်ငံသားဥပဒေနဲ့ ဘောင်ညီအောင် နိုင်ငံသားအဖြစ် လျှောက်ရမယ်။ မှတ်ပုံတင်လျှောက်ရမယ်။ ဒါက ဘယ်ဘာသာ ဘယ်လူမျိုးကိုမှ ပစ်မှတ်ထားပြီးလုပ်တဲ့ ဥပဒေ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မကိုယ်တိုင်လည်း ရှမ်းပြည်နယ်မှာနေပြီး ရှမ်းပြည်နယ်မှာ ကြီးခဲ့တာပဲ။ အဲဒီအချိန်တုန်းက ရှမ်းနဲ့ တရုတ်နယ်စပ်မှာဆိုရင် တရုတ်လူမျိုးတွေလည်း ဒီဥပဒေကို ဘယ်လိုပဲပြောပြော လိုက်နာရတာပဲလေ။ တချို့ တွေက နိုင်ငံသားကတ်ပြား ရှိချင်ရှိမယ်။ အဖေက ရှိချင်မှရှိမယ် ဒီလိုမျိုးတွေပေါ့။
ဒီတော့ ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာက ဘယ်လိုထွက်သလဲဆိုရင် အဲဒီထဲမှာ ဝေဖန်ထားတဲ့ မြန်မာနိုင်ငံ နိုင်ငံသားဥပဒေသည် နိုင်ငံတကာ အဆင့်အတန်းနဲ့ နိုင်ငံတကာ သတ်မှတ်ချက်တွေနဲ့မမီဘူးလို့ ပြောထားတယ်။ ဒီဥပဒေကို ပြန်လည်ဆန်းစစ်ပြီး ပြင်သင့်သလို ပြင်ရမယ်ပေါ့၊ အဲဒီလို ပြောထားတယ်။ အဓိကကဘာလဲဆိုတော့ တစ်အချက်က ကျွန်မအနေနဲ့ သုံးသပ်တာပါ။ ဒါကလူတိုင်းလည်း သုံးသပ်နိုင်ပါတယ်။ နိုင်ငံတကာစံဆိုတာဘာလဲ။ နိုင်ငံသားဥပဒေမှာ နိုင်ငံတကာစံရောရှိသလား။ ဗြိတိန်နိုင်ငံသားဖြစ်ဖို့ရာ သူ့ဟာသူသတ်မှတ် ချက်ရှိမယ်။ အမေရိကန်နိုင်ငံသားဖြစ်ဖို့ရာလည်း ကျွန်မကြားဖူးသလောက် သတ်မှတ်ချက်ရှိတယ်။ ဘယ်အခြေအနေတွေကို ပြည်စုံအောင်လုပ်ရမယ် ဆိုတာတွေပါတယ်။ ထိုင်းနိုင်ငံသားဖြစ်ဖို့ရာလည်း သတ်မှတ်ချက်တွေရှိတယ်။ ကျွန်မတို့ မြန်မာနိုင်ငံ သားဖြစ်ဖို့ကြတော့ ပထမသတ်မှတ်ချက်တွေ အများကြီးရှိပါတယ်။ ဒီသတ်မှတ်ချက်တွေကြားထဲမှာ သတ်မှတ်ချက် ထင်ထင်ရှားရှားတစ်ခုကတော့ တိုင်းရင်းသား ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ရမယ်ဆိုတော့ ဒီဟာတွေက ဘယ်လိုမှ နိုင်ငံတကာစံနှုန်းနဲ့ သွားနှိုင်းလို့မရဘူး။ နိုင်ငံတကာစံနှုန်းနဲ့ညီအောင် ပြန်ဆန်းစစ်ပြီး ပြောင်းသင့်တာ ပြောင်းပေးရမယ်ဆိုတော့ မခက်ပေဘူးလား။ ဒါကအင်မတန်အကောင်အထည်ဖော်လို့ မလွယ်တဲ့ အကြုံပြုချက်၊ သတ်မှတ်ချက်ဖြစ်နေ တယ်။
ဒုတိယတစ်ချက်က ကိုဖီအာနန်ကော်မရှင်က မကြိုက်တာ နိုင်ငံသားကလည်း အဆင့်အမျိုးမျိုး ရှိတယ်။ တခြားနိုင်ငံတွေမှာ နိုင်ငံသားအမျိုးအစားမရှိတာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံလောက်တော့ သတ်မှတ်ချက်မများဘူးတဲ့။ ကိုယ်တွေရဲ့ နိုင်ငံသားဥပဒေကို ပြန်ကြည့်တဲ့အခါ တကယ်တော့ နိုင်ငံသား ဆိုတဲ့အထဲမှာ နိုင်ငံသားမဟုတ်တဲ့သူ မဟုတ်ဘဲနဲ့ နိုင်ငံသားဖြစ်တဲ့သူတွေထဲမှာပဲ နိုင်ငံသားဆိုတာ သတ်မှတ်ချက်ရှိတယ်။ အဲဒါကတော့ မွေးကတည်းက နိုင်ငံသား။ ၁၈၂၃ ခုနှစ်မတိုင်ခင်ကတည်းက ကိုယ့်ရဲ့ မိဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တွေက မြန်မာပြည်ကိုရောက်ပြီး အဲဒီမိသားစုတွေက ဆင်းသက်လာတဲ့ တိုင်းရင်းသားလူမျိုးတွေပေါ့။ ဒါတွေအားလုံးကတော့ မွေးရာပါနိုင်ငံသားတွေပါ။ နောက်တစ်ခုကတော့ ဧည့်နိုင်ငံသားဆိုပြီးရှိတယ်။ ဧည့်နိုင်ငံသားဆိုတော့ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံသား အက်ဥပဒေလုပ်လိုက်တယ်။ အဲဒီအက်ဥပဒေအရ နိုင်ငံသားဖြစ်လာတဲ့ ပုဂ္ဂိုလ်ကို ဧည့်နိုင်ငံသားလို့ ခေါ်တယ်။
နောက်တစ်ခုက နိုင်ငံသားပြုခွင့်ရသူ။ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ လျှောက်ထားတဲ့သူတွေ အမျိုးမျိုး ရှိတယ်။ ဒါတွေကလည်း ကျွန်မတို့ နိုင်ငံသားဥပဒေရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဒါတွေကိုပါ ပြောင်းပစ်ရမယ် ဆိုတော့လည်း အမျိုးအစားတွေမရှိအောင် ထားရမယ်ဆိုတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံကမတူဘူး။ တချို့နိုင်ငံတွေက နိုင်ငံသားဖြစ်တယ်၊ နိုင်ငံသားမဖြစ်ဘူး ဆိုပြီး ရှိရင်ရှိမှာပေါ့။ တချို့နိုင်ငံတွေကလည်း နိုင်ငံသားမှာမှ အဆင့်အမျိုးမျိုးရှိတာတွေရှိပါတယ်။ အဲဒီ နှစ်ချက်အနေနဲ့ပဲ နိုင်ငံတကာစံသတ်မှတ်နှုန်းတွေ၊ စံသတ်မှတ်ထားတဲ့အတိုင်း ဖြစ်သင့်တယ်။ နောက်တစ်ခုက နိုင်ငံသားက အမျိုးအစားမခွဲသင့်ဘူး ဆိုတာနဲ့ပဲ အကောင်အထည်ဖော်ရတာပေါ့။ လောလောဆယ် သူပြောတဲ့အခြေအနေမှာ ရခိုင် ပြည်နယ်မှာက အရေးပေါ်ဖြစ်နေတယ်။ မြန်မာနိုင်ငံ ကလည်း ရခိုင်ပြည်နယ်နဲ့ပတ်သက်လို့က အရေးပေါ်အခြေအနေပဲ။ အဲဒီအခြေအနေမှာ ဘယ်လိုမှ ၁၉၈၂ နိုင်ငံသားဥပဒေကိုတော့ ပြောင်းလို့ရမှာမဟုတ်ဘူး။ အဲဒါကို ကျွန်မမီးမောင်းထိုးပြချင်ပါတယ်။
နောက်တတိယအချက်အနေနဲ့ ရခိုင်ပြည်နယ် အဝင်အထွက်ကို သတင်းထောက်တွေကအစ နိုင်ငံတကာသတင်းထောက်တွေ၊ နိုင်ငံတကာပုဂ္ဂိုလ်တွေ ကအစ ရခိုင်ပြည်နယ်အဝင်အထွက် အားလုံးကို ခွင့်ပြုရမယ်။ ဘာမှလုံခြုံရေးကန့်သတ်ချက်တွေ မရှိရဘူးဆိုတာလည်း ပါဝင်တယ်။ ဒါကြောင့် အဲဒီအချိန်မှာ စောစောကပြောခဲ့တဲ့အတိုင်းပဲ အရေးပေါ်အခြေအနေဖြစ်နေပြီး အင်မတန်တင်းမာနေတယ်။ တင်းမာနေတယ်ဆိုတာ ကိုယ်နဲ့မဟုတ်ဘူးနော်။ တပ်မတော်နဲ့လည်း မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် အဲဒီတုန်းကတော့ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီနဲ့က တင်းမာနေတဲ့အချိန်မှာ လုံးဝလွှတ်ပေးလိုက်လို့လည်း မဖြစ်ဘူးလေ။ အဲဒီလုံခြုံရေးစည်းမျဉ်းတွေ ဘာတွေရှိခဲ့တယ်။ အသွားအလာစည်းမျဉ်းတွေ။ စတုတ္ထအချက်က ဘာလဲဆိုတော့ နယ်ခြားစောင့် တပ်တွေပါအားလုံး ရခိုင်ပြည်မှာရှိတဲ့ လုံခြုံရေး ပုဂ္ဂိုလ်တွေအားလုံးကို ရဲတွေပဲရှိစေချင်တယ် ပေါ့။ အဲဒီပုံစံပြောတော့လည်း နည်းနည်းလက်တွေ့ မကျဘူးပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော် အခန်းကဏ္ဍ မပါလို့မှမရတာ။ အဲဒီလို ပြောချင်တာပါ။
အမေရိကန်နိုင်ငံသား စာရေးဆရာ Rick Heizman
ကျွန်တော်က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမှ အမေရိကန်နိုင်ငံသား Rick Heizman ဖြစ်ပါတယ်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာ နေထိုင်နေပါတယ်။ ၁၉၈၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို အကြိမ် တော်တော်များများ ရောက်ဖူးပါတယ်။ ရခိုင်ပြည်နယ်ကိုလည်း ၁၉၉၆ ခုနှစ်ကစပြီး အကြိမ်တော်တော်များများ ရောက်ဖူးပါတယ်။
အခုရခိုင်တွေနဲ့ ဘင်္ဂါလီတွေအကြား ပဋိပက္ခတွေအကြောင်း ပြောပါမယ်။ မှတ်သားရမယ့်အချက် တစ်ချက်ရှိတာကတော့ ဒီပဋိပက္ခက အချိန်အကြာကြီး တည်ရှိနေတာဖြစ်ပြီး အခြေခံအားဖြင့် ဒုတိယ ကမ္ဘာစစ်ကာလကတည်းက ရှိနေတာဖြစ်တယ်။ မကြာသေးမီကပဲ အဲဒီမှာ ဘင်္ဂါလီတွေရဲ့ အဓိက တိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့တယ်။ ၂၀၁၂၊ ၂၀၁၆ နဲ့ ၁၀ လအကြာ ၂၀၁၇ ခုနှစ်တွေပါ။ ၂၀၁၇ ခုနှစ်တိုက်ခိုက်မှုဟာဆိုရင် လုံးဝကို အံ့အားသင့်ဖွယ်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး အကြမ်းဖက်မှုလို့ သမိုင်းမှာ ခေါ်ဆို ရမလောက်ပဲ။ အဲဒီအချိန် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ နံနက်စောစောမှာ အံ့ဩဖွယ်တိုက်ခိုက်မှု တွေ စတင်ခဲ့ပြီး ပစ်မှတ် ၁၅၀ လောက်ကို တိုက်ခိုက်ခဲ့တယ်။ အဲဒီမှာ ရွာတွေ၊ တပ်အခြေစိုက် စခန်းတွေ လည်းပါတယ်။
တပ်အခြေစိုက်စခန်းနဲ့ ရဲစခန်း ၃၀ တိုက်ခိုက် ခံရပြီး ရွာပေါင်း ၈၀ လောက် အဲဒီနံနက်မှာပဲ တိုက်ခိုက်ခံခဲ့ရတယ်။ တချို့ရွာတွေကတော့ နောက်နေ့ နံနက်မှ တိုက်ခိုက်ခံခဲ့ရတယ်။ (သတင်းလည်း မရကြ တော့။) ကမ္ဘာ့အကြီးမားဆုံးအကြမ်းဖက်မှုအဖြစ် မှတ်သားရမယ်လို့ ပြောရတဲ့ အကြောင်းရင်းကတော့ မယုံနိုင်ရလောက်တဲ့ ကိန်းဂဏန်းတွေကြောင့်ပဲ ဖြစ်တယ်။ တချို့သော ဘင်္ဂါလီအကြမ်းဖက်တွေ ရာချီကလည်း ပစ်မှတ် ၁၅၀ ကို တိုက်ခိုက်ခဲ့တယ်။ သူတို့မှာ ခေတ်မီလက်နက်တွေမရှိဘူး။ တချို့မှာတော့ ရိုင်ဖယ်ပြောင်းရှည်သေနတ်တွေရှိတယ်။ ဒါပေမယ့်လည်း လက်နက်အများစုက တုတ်၊ ဓားနဲ့တောခုတ်ဓားလိုလက်နက်တွေပဲဖြစ်တယ်။ အားလုံး ထိတ်လန့်အံ့ဩကုန်ကြတယ်။ အဲဒီအဖြစ်အပျက်ကို ပြန်တွေးတိုင်း နယူးယောက်က အကြမ်းဖက်မှု ဖြစ်ရပ် 9 / 11 ကို ပြန်သတိရမိတယ်။ ဒါဟာအလွန် ကြီးမားတယ်၊ ဘာလို့လဲဆိုတော့ ပြန်ပေးဆွဲသူ ၁၉ ဦး၊ မတူညီတဲ့ ပစ်မှတ်နေရာတွေကြောင့်ပါ။ ဒါပေမယ့် ပစ်မှတ် ၁၅၀၊ ၁၆၀ နဲ့ တကယ်တော့လူပေါင်းတစ်သိန်းလောက်နဲ့ ကျေးရွာတွေ၊ ပြည်သူတွေဟာ သူတို့ရဲ့ တိုက်ခိုက်မှုတွေခံရတယ်။ ဓားနဲ့ခုတ်သတ်ခံခဲ့ကြရတယ်။ တချို့တွေက ပစ်သတ်ခံခဲ့ရတယ်။ ဘင်္ဂါလီတွေရဲ့ ဆက်လက်တိုက်ခိုက်မှုတွေနဲ့ရွာတွေကို မီးရှို့မှုတွေကြောင့် နှစ်ပတ်လောက် အခြေ အနေ တင်းမာလာခဲ့တယ်။
မြန်မာ့တပ်မတော်ဟာ နိုင်ငံတိုင်းရဲ့ တပ်မတော်တွေ လုပ်ဆောင်တဲ့အတိုင်း ဝင်ရောက်လုပ်ဆောင်ခဲ့တယ်။ နိုင်ငံတိုင်းမှာ သောင်းကျန်းသူတွေကို တွန်းလှန်ဖို့နဲ့ ဖြစ်ပွားလျက်ရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်အောင် ဆောင်ရွက်ဖို့ တပ်မတော်ရှိကြပါတယ်။ တပ်မတော်မှာ သောင်းကျန်းသူတွေကို လိုက်လံရှာဖွေပြီး ဖယ်ရှားရမယ့်တာဝန်ရှိတယ်။ ဒီလိုဘင်္ဂါလီအကြမ်းဖက်သမားတွေကို တွန်းလှန်ဖို့ တပ်မတော်အနေနဲ့ သီတင်းပတ်နှစ်ပတ်လောက် အချိန်ယူခဲ့ရတယ်။ အခုလို အလားတူဖြစ်ရပ်မျိုး ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်မှာလည်း ဖြစ်ခဲ့တယ်။ သေသေချာချာကြည့်မယ်ဆိုရင် ဒီအဖြစ်အပျက် သုံးရပ်လုံးဟာ ဘင်္ဂါလီအကြမ်းဖက်သမားတွေက စတင်ခဲ့တယ်ဆိုတာ ရှင်းရှင်းတွေ့ရပါတယ်။ သူတို့က ဗလီတွေကို သူတို့ရဲ့ ဌာနချုပ်တွေအဖြစ် အသုံးချပြီး လုပ်ဆောင်ဖို့ အစီအစဉ်တွေရှိနေခဲ့တာပါ။ ရွာထဲက ဗလီတွေက ပြည်သူတွေကို ဦးနှောက် ဆေးတာနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတယ်။
ဖမ်းဆီးမိထားတဲ့ အကျဉ်းသားတွေကို ကျွန်တော်တို့က မေးခွန်းတွေမေးမြန်းပြီး မှတ်သားခဲ့တယ်။ သူတို့အားလုံးက သူတို့ရဲ့ ဗလီနဲ့ ဗလီဆရာတွေ ကိုသာ ဖော်ပြကြတယ်။ ဗလီဆရာတွေက တိုက်ခိုက် မှုတွေလုပ်ဆောင်ဖို့ ပြည်သူတွေကို ဦးနှောက်ဆေးပြီး အယူဝါဒသွတ်သွင်းခဲ့ကြတယ်။ ဗုဒ္ဓဘာသာဝင်တွေ၊ လူနည်းစုဟိန္ဒူတွေနဲ့တခြားသော မျိုးနွယ်စုတွေ၊ သူတို့ဘာသာဝင်မဟုတ်သူအားလုံးကို ဖယ်ထုတ်ချင်တဲ့သူတို့ရဲ့ ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ အကျဉ်းသားတွေနဲ့အင်တာဗျူး ဖြေကြားသူတွေရဲ့ တုံ့ပြန်မှုတွေမှာလည်းအခုလို ပြောဆိုမှုတွေတွေ့ရတယ်။ ဗလီတွေမှာ ရည်မှန်းချက်တွေကို သင်ကြားပေးနေတဲ့ ခေါင်းဆောင်တွေရှိတယ်။ အဲဒီရည်မှန်းချက်ဆိုတာ မြန်မာကနေခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခု၊ ရှာရီယာဥပဒေနဲ့ အစ္စလာမ်နိုင်ငံတစ်ခုဖြစ်လာဖို့ပဲ ဖြစ်တယ်။ သူတို့လိုချင်တာဒါပဲ။ ဒါဟာသူတို့ ဘာလို ချင်တယ်ဆိုတာကို ပြောတာပဲ။
၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တိုက်ခိုက်မှု မတိုင်ခင်မှာ အာဆာ ARSA ရဲ့ ခေါင်းဆောင်ဟာ အကြမ်းဖက်အုပ်စုဖြစ်တဲ့ အာရကန်ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ဝင်ဖြစ်တယ်။ အဲဒီမတိုင်ခင်မှာ ခေါင်းဆောင်ဖြစ်သူရဲ့ ဖုန်းကို ခိုးနားထောင်ခံခဲ့ရပြီး ARSA ရဲ့ ခေါင်းဆောင်ဟာ Atais ဆိုတာ မသိခဲ့ဘူး။ မတိုက်ခိုက်မီအရင်နေ့မှာ အရေးကြီးဖုန်းခေါ်ဆိုမှု သုံးခုကိုတွေ့ရပြီး နှစ်ခုက ပါကစ္စတန်နိုင်ငံက ဗိုလ်ချုပ်နဲ့ပြောခဲ့တာဖြစ်တယ်။ နောက်တစ်ခုက ဆီးရီးယားရှိ ISIS ခေါင်းဆောင်နဲ့ ပြောခဲ့တာဖြစ်ပါတယ်။ ဒါတွေဟာ အဝင်ခေါ်ဆိုမှုတွေဖြစ်တယ်။ သူတို့ဆီကို ခေါင်းဆောင်တွေရဲ့ ခေါ်ဆိုမှု၊ စာပို့မှုတွေဖြစ်ပြီး ဘာသာပြန်တဲ့အခါ သူတို့ရဲ့တိုက်ခိုက်မှု တွေအတွက် ကြိုတင်ပြီး ဂုဏ်ပြုစကားပြောတာ တွေပဲဖြစ်တယ်။ ပါကစ္စတန်ဗိုလ်ချုပ်ကလည်း တိုက်ခိုက်မှုကို ရှေ့ဆက်ဖို့ဆန္ဒရှိတယ်။ သူတို့က တစ်ပတ်အကြာမှာ အခုလိုတိုက်ခိုက်မှုမျိုးစီစဉ်ပြီး ဖြစ်တယ်။ မနက်ဖြန်မှာ တိုက်ခိုက်မှုလုပ်ဆောင်မယ်.....။ ဒီအစီအစဉ်ဟာ ပစ်မှတ်အများကြီးကို စီစဉ်ထားတာဖြစ်တယ်။ ဒါပေမယ့် ခေါင်းဆောင်ဟာ ဘက်ပြောင်းသွားသူတွေရဲ့ သတင်းပေးမှုကို ကြောက်လန့်ပြီး အစီအစဉ်ပြောင်းလဲလိုက်တာပါ။ ဒီလုပ်ရပ်တွေအားလုံးဟာ လူမျိုးတုံးသတ်ဖြတ်ဖို့ ကြံစည်မှုပဲဖြစ်တယ်။
လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်မှုဆိုတဲ့ စကားစုဟာ ဒီနေရာမှာ အလွန်အရေးကြီးပါတယ်။ ဆိုလိုတာက လူမျိုးတုံးသတ်ဖြတ်ရန် ကျူးလွန်ဖို့ ကြံစည်တာပါ။ ဘင်္ဂါလီတွေက အဲဒီဒေသမှာရှိတဲ့ သူတို့ ဘာသာဝင်မဟုတ်တဲ့ ပြည်သူတွေကို လူမျိုးတုံး သတ်ဖြတ်ချင်တာပါ။ ဒါပေမယ့်သူတို့ ကျရှုံးခဲ့တယ်။ ဒါ့ကြောင့်မို့ လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်မှုလို့ခေါ်တာပါ။ အခုလည်း ဘင်္ဂါလီတွေက သူတို့ဟာ လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်မှုရဲ့ပစ်မှတ်တွေ ဖြစ်နေပါတယ်လို့ ပြောနေကြောင်း သိပါတယ်။ ဒါဟာ အမှန်တရားမဟုတ်ပါဘူး။
ရှိနေတဲ့ သက်သေတွေအားလုံးကို ကြည့်မယ်ဆိုရင် ဘင်္ဂါလီလူမျိုးတွေရဲ့ ပြောဆိုချက်တွေပဲဖြစ် တယ်။ ဒါပေမယ့် လူမျိုးတုံးသတ်ဖြတ်ရန် ကြံစည်မှု မဟုတ်ပါဘူး။ တကယ်လို့ မြန်မာ့တပ်မတော်ကသာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ချင်တယ်ဆို အလွယ်လေးပါ။ ဒီလူတွေအားလုံးကို နယ်စပ်ဖြတ်ကျော်သွားဖို့၊ သတ်ဖြတ်ဖို့ ဒါမှမဟုတ် တစ်ခုခုလုပ်လို့ရပါတယ်။ ဒါပေမယ့် မလုပ်ခဲ့ပါဘူး။ ဒါဟာ ဘယ်နိုင်ငံမဆို တစ်စုံတစ်ယောက် ဝင်ရောက်ကျူးကျော်တဲ့အခါ လုပ်ဆောင်ရမယ့် လုံခြုံရေးတပ်ဖွဲ့ရဲ့ တာဝန်ကို လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ မကြာမီ လူမျိုးတုံး သတ်ဖြတ်ရန် ကြံစည်မှုအကြောင်းကို ထပ်ပြောပြ ပါမယ်။
သမိုင်းကြောင်းကို ကြည့်မယ်ဆိုရင် ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်း မောင်တော၊ ဘူးသီးတောင် မှာ ကြီးမားတဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တွေ ရှိခဲ့တယ်။ ဗုဒ္ဓဘာသာဝင်တွေ အများကြီး သေကျေခဲ့တယ်။ ဗုဒ္ဓဘာသာဝင် သုံးသောင်းလောက် သေဆုံးခဲ့တယ်။ ဗုဒ္ဓဘာသာဝင် တစ်သိန်းခန့် ထွက်ပြေးခဲ့ရတယ်။ ဗုဒ္ဓဘာသာဝင် ရွာလေးရာကျော် မီးရှို့ခံခဲ့ရတယ်။ အဲဒီအချိန်က ဗြိတိသျှတာဝန်ရှိသူ တွေတောင်မှ “ရွာတွေ မီးလောင်နေတယ်။ အားလုံးပဲ မွတ်ဆလင်တွေက ဗုဒ္ဓဘာသာဝင်တွေဆီက လွှဲပြောင်းယူနေကြတယ်။ ဒီလိုဆက်သွားရင် ဗုဒ္ဓဘာသာဝင်တွေ အနာဂတ်မရှိတော့ဘူး” ဆိုတာမျိုး ပြောခဲ့ကြတယ်။ အဲဒီအချိန်က ဗြိတိသျှလေ့လာ သုံးသပ်သူတစ်ဦးရဲ့ ပြောစကားဖြစ်တယ်။
မူဂျာဟစ်လို့ခေါ်ကြတဲ့ မြေအောက်လှုပ်ရှားမှု တွေလည်းရှိခဲ့တယ်။ မူဂျာဟစ်ဆိုတာ အာရပ်စကား ဖြစ်တယ်။ မူဂျာဟစ် ပြောက်ကျားအဖွဲ့က ၁၅ နှစ် ကြာ လှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့တယ်။ ၁၉၆၀၊ ၁၉၇၀၊ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်တွေမှာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေဟာ ဗုဒ္ဓဘာသာဝင်တွေကို နှင်ထုတ်ဖို့ တစ်ကြိမ်ပြီး တစ်ကြိမ်အမျိုးမျိုးသော ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ကြတာ နောက်ဆုံး ၂၀၁၂၊ ၂၀၁၆ နဲ့ ၂၀၁၇ တွေ အပါအဝင်ပါ။ ဖြစ်ရပ် တိုင်းမှာ အပြစ်ကျူးလွန်မှုတွေဟာ ဘင်္ဂါလီအကြမ်းဖက်သမားတွေပဲဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေက စတင်တိုက်ခိုက်တာမရှိခဲ့ဖူးဘူး။ ဗုဒ္ဓဘာသာဝင်တွေက အဲဒီမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ်နေချင်တယ်။ ဟိန္ဒူဘာသာဝင် လူနည်းစု၊ တိုင်းရင်းသားလူမျိုးစုတွေဖြစ်တဲ့ သက်လူမျိုး၊ မြိုလူမျိုး၊ ခမီလူမျိုးတွေရော ပါပါမယ်။
အခု ကြီးမားလှတဲ့ ဆုံးရှုံးမှုအကြောင်းပြောတာပေါ့။ ၂၀၁၇ ခုနှစ်ပြီးနောက် ဘင်္ဂါလီတွေက တူလာတိုလီ (မင်းကြီးရွာ)၊ ချွတ်ပြင်၊ မောင်နု၊ အင်းဒင်တို့လို နေရာတွေမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရတယ်လို့ အော်ဟစ်ကြတယ်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ ယူဆတဲ့နေရာတွေ တစ်နေရာချင်း ကျွန်တော်သွားခဲ့တယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်ဆိုတဲ့ သက်သေမတွေ့ခဲ့ဘူး။ ဒါ့ကြောင့် အဲဒီကနေ တစ်မိုင်နှစ်မိုင်ဝေးတဲ့ ရွာတွေကလူတွေကို မေးမြန်းကြည့်တော့လူတွေမှာ ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေ ရှိခဲ့ပြီး ဘာတွေဖြစ်နေလဲဆိုတာ ပြောပြကြပေမယ့် အဲဒီမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်တယ် ဆိုတာ ဘယ်သူမှ မကြားဖူးကြဘူး။
တစ်ခုတည်းသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုတာ ခမောင်းဆိပ်ကျေးရွာအုပ်စုက ဟိန္ဒူလူမျိုး တစ်ရာကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်ပြီး ဒါဇင်ချီတဲ့ အမျိုးသား၊ အမျိုး သမီးရုပ်အလောင်းတွေ စုပုံထားတဲ့ ဂူတွေကိုသာ ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုထဲကနေ ရှင်ကျန်သူအချို့ရှိခဲ့တယ်။ အသက်ရှင်ကျန်ရစ်သူတွေဟာ အသက် ၂၀ ခန့်ရှိ လှပတဲ့ ဟိန္ဒူမိန်းကလေးတွေဖြစ်ပြီး သူတို့ရဲ့ဖခင် တွေ၊ ခင်ပွန်းတွေနဲ့ ကလေးတွေ သူတို့ရှေ့မှာပဲ သတ်ဖြတ်ခံရတာကို ကြည့်ရှုဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဘင်္ဂါလီတွေ ဆီသွားဖို့၊ အသက်အရွယ်ကြီးရင့်တဲ့ မွတ်ဆလင်ယောကျ်ားကြီးတွေကို လက်ထပ်ဖို့လည်း ဖိအားပေးခံခဲ့ရတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ် နိုင်ခဲ့တယ်။ သူတို့ရဲ့အဖြစ်အပျက်တွေဟာ လူမဆန်တဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်။ ဒါကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပြဿနာအားလုံးထဲမှာ ဟိန္ဒူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တစ်ခုတည်းသာ တကယ့်ဖြစ်ရပ်မှန်ပါ။
ကျွန်တော်က ကျွန်တော့်အဖွဲ့နဲ့အတူ ရခိုင်ပြည်နယ်ထဲကို သုံးကြိမ်တိုင်တိုင် ဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော့်ကိုကူညီပေးဖို့ လူငါးယောက် လောက်ကို ရွေးချယ်ခဲ့ပါတယ်။ ယာဉ်မောင်း စတဲ့သူတွေလည်းပါတယ်။ ကျွန်တော်ဟာ ဒီလို လုပ်ခွင့်ရတဲ့ တစ်ဦးတည်းသော နိုင်ငံခြားသားပါ။
ကျွန်တော်လုပ်ခဲ့တာက ARSA က ထုတ်လွှင့်တဲ့ YouTube ဗီဒီယိုတွေကို ဘာသာပြန်တာပါ။ ARSA ဒါမှမဟုတ် သူတို့အဖွဲ့ဝင်တွေထဲက ထုတ်လွှင့်တဲ့ ဗီဒီယိုတွေပါ။ အဲဒီမှာဘာသာပြန်တစ်ယောက် ရှိတယ်။ သူကမွတ်ဆလင်ဖြစ်ပါတယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာကိုမုန်းတယ်၊ ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းတင်ဖို့နဲ့ ဘာမဆိုဘာသာပြန်ဖို့ ဆန္ဒရှိတယ်။ ဘာသာစကားရဲ့ ရှုပ်ထွေးမှုတွေ အားလုံးကို ကျွန်တော်တို့ အများကြီး ဘာသာပြန်ခဲ့တယ်။ YouTube ကနေ ARSA ရဲ့ လုပ်ဆောင်ချက် တွေကို ပြသတဲ့ ဗီဒီယိုဖိုင် ၃၅၀ ကို ဘာသာပြန်ခဲ့တယ်။ ဥပမာသူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ၊ မွတ်ဆလင်တွေကို ပြသဖို့၊ သူတို့ကြားမှာပြသဖို့ ရိုက်ကူးထားကြတာပါ။
ကျွန်တော်တို့ဟာ သေဆုံးသွားတဲ့ လူသတ်သမားတွေရဲ့ ဗီဒီယိုတွေကိုရယူခဲ့ပြီး သူတို့ရဲ့ ဖုန်းတွေ ကို ရခဲ့ပါတယ်။ မကြာမီ အဲဒီဗီဒီယိုကို ဝင်ကြည့်ပြီး အနက်ရောင်ဦးထုပ်တွေ၊ ရှပ်အင်္ကျီတွေ၊ ဘောင်းဘီ တွေ ဝတ်ဆင်ပြီး ဓားတွေနဲ့ ဗုဒ္ဓဘာသာရွာတစ်ရွာကို ချီတက်ပြီး လူတိုင်းကို သတ်နေတဲ့ ဗီဒီယိုတွေကို ရယူနိုင်ခဲ့ပါတယ်။ ဒါတွေကို သူတို့လုပ်ခဲ့ပါတယ်။ အဲဒါမျိုး ဗီဒီယိုရာပေါင်းများစွာ ရှိပါတယ်။ ကြားရတာက ဘင်္ဂါလီဘာသာစကားကိုကြားရတယ်ဆိုတာပါပဲ။ အခု မြန်မာလူမျိုးတွေက ဘင်္ဂါလီ ဘာသာစကားကို မသိဘူး။ ဒါဆိုရင် သူတို့ဘာပြောနေမှန်း မသိတော့ဘူး။ ဒါပေမယ့် ကျွန်တော်ဘာသာပြန်ပြီး စာတန်းထိုးတွေထည့်လိုက်တဲ့အခါ အဓိပ္ပာယ်က ကြောက်စရာကောင်းပါတယ်။
အဲဒီမှာကြားရတာတွေနဲ့ မြင်ရတာတွေဟာ တကယ်ပဲဖြစ်ပျက်နေတဲ့ ကြောက်စရာကောင်းတဲ့ ဦးနှောက်ဆေးကြောခြင်းတစ်ခုနဲ့ ပေါင်းစပ်နေပါတယ်။ အခု အာဆာခေါင်းဆောင် Rashed Ullah ဆီကနေ သိမ်းယူခံရတဲ့ ကွန်ပျူတာအကြောင်း ပြောကြရအောင်။ သူ့နာမည်က Rashed Ullah ပါ။ သူက ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ဖြစ်တဲ့ RSO ရဲ့ အကြီးအကဲဖြစ်ပြီး သူ့မှာရှိတဲ့ ကွန်ပျူတာ ကို ကျွန်တော်တို့ ဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်။ Password တွေ ဘာတွေမသိပေမယ့် ကွန်ပျူတာကို သိမ်းယူသွားတော့ ဖွင့်ပြီး ဗီဒီယိုဖိုင် ၇၀၀ ကျော် တွေ့ရှိခဲ့ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ဂရုတစိုက် စစ်ဆေးပြီး မှတ်တမ်းတင်ကာ ဘာသာပြန်ပြီး တင်ခဲ့ တဲ့ ဗီဒီယိုဖိုင်တွေပါ။
ဒါတွေက မေယုတောင်တန်းတွေမှာ သူတို့ ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်လေ့ကျင့်ရေးစခန်းတွေမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေပါ။ မေယုတောင်တန်းတွေက အဲဒီဒေသမှာရှိတဲ့ အဓိက တောင်တန်းတွေပါ။ ပြီးတော့ ဆော်ဒီအာရေဗျနိုင်ငံက လျှို့ဝှက်စခန်း တစ်ခုမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေပါ။ ဘင်္ဂါလီအကြမ်းဖက်သမားတွေဟာ အဲဒီဆော်ဒီအာရေဗျမှာ လေ့ကျင့်နေကြတာဖြစ်ပြီး အဲဒီဒေသနှစ်ခုကြားမှာ ဆက်စပ်မှုတွေအများကြီးရှိတယ်။ မေယုတောင်တန်း ဗီဒီယိုတွေနဲ့ ဆော်ဒီအာရေဗျက ဗီဒီယိုတွေက တုန်လှုပ်ချောက်ချားဖွယ် သက်သေအထောက် အထားတွေပါ။ သိမ်းဆည်းရမိထားတဲ့ ကွန်ပျူတာမှာ အချက်အလက်တွေအများကြီးပါတယ်။ ပေါက်ကွဲ အားပြင်းတဲ့ C4, C3, PET, PTEN နဲ့ အခြားပေါက်ကွဲ စေတတ်တဲ့ပစ္စည်းတွေနဲ့ အဆိပ်တွေအကြောင်း အချက်အလက်တွေပါတဲ့ စာမျက်နှာတွေ သို့မဟုတ် ဗီဒီယိုအချက်အလက်တွေလည်း အများကြီးပါတယ်။ အဆိပ်လုပ်နည်း၊ ဗုံးလုပ်နည်း၊ ကျည်ဆန်လုပ်နည်း၊ အရာအားလုံးကို ဘယ်လိုလုပ်ရမလဲ၊ ဓားတွေနဲ့ ဘယ်လို တိုက်ခိုက်ရမလဲ၊ ဓားစာခံတွေကို ဘယ်လိုဖမ်းဆီးရမလဲ၊ မကောင်းတဲ့အရာတွေ လုပ်နည်းတွေ အကြောင်း လမ်းညွှန်ချက်တွေပါတယ်။
ဒါတွေက အဲဒီကွန်ပျူတာတွေထဲက ဗီဒီယိုဖိုင် တွေထဲမှာပါနေတာ။ နောက်တစ်ခုကတော့ မြန်မာ နိုင်ငံမှာ တခြားမွတ်ဆလင်အုပ်စုတွေရှိတယ်။ ပန်းသေး မွတ်ဆလင်တွေ၊ ကမန်မွတ်ဆလင်တွေနဲ့ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ခေါ်တဲ့ ဘင်္ဂါလီမွတ်ဆလင်တွေရှိ တယ်။ ဒါပေမယ့် အဲဒါက ငြင်းခုံစရာပါ။ ကမန် မွတ်ဆလင်တွေနဲ့ ပန်းသေးမွတ်ဆလင်တွေက တန်းတူနိုင်ငံသားတွေဖြစ်ပြီး နိုင်ငံတော်တည်ထောင် ကတည်းက နိုင်ငံ သားတွေပါ။ သူတို့က ဘာပြဿနာမှ မလုပ်ကြပါဘူး။ အဲဒါက အဓိကအချက်ပဲ။ မြန်မာနိုင်ငံမှာ တခြားမွတ်ဆလင်အုပ်စုတွေက ဘာပြဿနာမှ မလုပ်ကြပါ ဘူး။ သူတို့ရဲ့ ကိုယ်ပိုင် မြေအတွက် မလှုပ်ရှားကြပါဘူး။
ဘင်္ဂါလီမွတ်ဆလင်တွေကပဲ တိုက်ခိုက်နေကြတာ။ သူတို့ ပြည်နယ်ရဲ့ အစွန်အဖျားမှာ ဘယ်တုန်းကမှ ငြိမ်းချမ်းမှုဆိုတာမရှိခဲ့ဘူး။ သူတို့က အမြဲတမ်း ခွဲထွက်ချင်နေကြတယ်။ ပြီးတော့ သူတို့က ကျရှုံးခဲ့ကြ တယ်။ ပြီးတော့ သူတို့တိုက်ခိုက်ကြတယ်။ ပန်းသေး မွတ်ဆလင်တွေက မူလက တရုတ်နိုင်ငံက လာတာပါ။ တရုတ်မွတ်ဆလင်တွေက နယ်စပ်ကို ဖြတ်ကျော်လာ ပြီးတော့ ကမန်မွတ်ဆလင်တွေရဲ့ အမွေအနှစ်ကရှေး ယခင်ကတည်းက ပါရှားကလာတာပါ။ ဘင်္ဂါလီမွတ်ဆလင်တွေက ဘင်္ဂလားဒေ့ရှ်ဒေသတွေကို ပြန်ပြောင်းနေထိုင်ကြပြီး အဲဒီအချိန် အဲဒီဒေသက အိန္ဒိယနိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ အရှေ့ဘင်္ဂလားလို့ ခေါ်တယ်။ ဒါကြောင့် ဘင်္ဂလားဘင်္ဂါလီလို့ ခေါ်တယ်။ သူတို့တွေက အဲဒီကလာတာပါ။
ဒါပေမယ့် လက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့ ဘင်္ဂါလီ မွတ်ဆလင်အများစုက အာဏာပိုင်တွေကို သူတို့ဟာ ကမန်မွတ်ဆလင်တွေ အမှန်တကယ်ဖြစ်ကြောင်း ဒါမှမဟုတ် လက်ခံယုံကြည်ဖို့ကြိုးစားနေကြတယ်။ သူတို့ဟာ ကမန်မွတ်ဆလင်တွေ မဟုတ်ကြပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့သိတဲ့ လွတ်လပ်တဲ့ ကမန်မွတ်ဆလင်တွေက ဘင်္ဂါလီ မွတ်ဆလင်တွေထက် အများကြီး ပိုရှင်သန်နိုင်လို့ပါ။ အဓိကအချက်ကတော့ ဘင်္ဂါလီမွတ်ဆလင်တွေဟာ ပြဿနာရှာတတ်တဲ့ လူတွေဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ဆူပူမှုတွေ၊ ပြဿနာတွေဖန်တီးပြီး လှုပ်ရှားနေကြတယ်။ ကြည့်ကြည့်ရအောင်။ အာရကန်လို့ ဘာသာပြန်ရင် ဒါမှမဟုတ် အာရကန်လို့ခေါ်တဲ့ နယ်ပယ်ရဲ့ ရှေးနာမည်ဟောင်းက မြေပေါ်မှာ အပျက်အစီးတွေ၊ ဗုဒ္ဓဘာသာ အပျက်အစီးတွေနဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး ဗုဒ္ဓဘာသာ မြို့တွေထဲက တစ်ခုဖြစ်တဲ့ မြောက်ဦးမြို့ရဲ့ဧရာမအပျက်အစီးတွေနဲ့ ပြည့်နှက်နေပြီး တခြားဘယ် နေရာကိုသွားသွား အတိတ်က ရုပ်တုတွေ၊ စေတီ ပုထိုးတွေကို တွေ့နေရတာပါပဲ။
ဒါပေမယ့် အဲဒီနားတစ်ဝိုက်မှာ မွတ်ဆလင်တွေရဲ့ အပျက်အစီးတွေ လုံးဝမရှိပါဘူး။ ရှေးဟောင်း သုတေသန အထောက်အထားတွေ မရှိပါဘူး။ အနည်းငယ်တော့ ရှိပါတယ်။ ဟုတ်ပါတယ်။ အဲဒီဒေသမှာ မွတ်ဆလင်လူနည်းစုတွေ ရှေးယခင်ကတည်းက ရှိခဲ့ဖူးတယ်လို့ ကျွန်တော်တို့ ဝန်ခံချင်ပါတယ်။ မွတ်ဆလင် လူနည်းစုပဲရှိတယ်။ တရုတ်လူနည်းစု၊ အင်ဒိုနီးရှား ဒါမှမဟုတ် ဆူမားတြား လူနည်းစု၊ ကမ္ဘော ဒီးယားလူနည်းစုတွေလည်း ရှိခဲ့ပါတယ်။ အဲဒီမှာ ခရစ်ယာန်လူနည်းစု စသဖြင့်ပေါ့ရှိတယ်။ သမိုင်းကြောင်းအရ မွတ်ဆလင်မရှိဘူးလို့ မပြောလိုပါဘူး၊ အဲဒီမှာ မွတ်ဆလင်တွေရှိပေမယ့် လူနည်းစုက အလွန်နည်းပါတယ်။ အဲဒီမှာ လူရာပေါင်းများစွာကိုလည်း ရုပ်ရှင်နဲ့အင်တာဗျူးလုပ်ခဲ့ပြီး ကျွန်တော့်ရဲ့ စာတန်းထိုးထားတဲ့ အင်တာဗျူးတွေက အလွန်ကောင်းပါတယ်။
အဲဒီမှာ ဗုဒ္ဓဘာသာဝင်တွေကိုအင်တာဗျူးခဲ့တယ်၊ မွတ်ဆလင်တွေကိုလည်း အင်တာဗျူးဖို့ ဆုံးဖြတ် ခဲ့ပြီး ဟိန္ဒူ၊ မြို၊ သက်၊ ဒိုင်းနက်၊ ခမီစတဲ့ လူနည်းစုတိုင်းရင်းသားတွေကို အင်တာဗျူးခဲ့ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ မွတ်ဆလင်တွေကို အင်တာဗျူးခဲ့ပြီး ကျွန်တော်အင်တာဗျူးခဲ့တဲ့ မွတ်ဆလင်အများစုဟာ တကယ်တော့ ဘင်္ဂါလီတွေရဲ့ပုန်ကန်မှုအတွက် ထောက်ခံမှုမရှိပါဘူး။ ဒုတိယ ကမ္ဘာစစ်ကာလတွေ၊ ၁၉၄၂ ခုနှစ်ကနေ ၁၉၅၀ ပြည့်နှစ်လောက်အထိ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ဆူပူအုံကြွမှုတွေကို မှတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အထူးအင်တာဗျူးတွေ လုပ်ခဲ့ပါတယ်။
အဲဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်အင်တာဗျူး စုစုပေါင်းတစ်ဒါဇင်လောက် လုပ်ခဲ့ပါတယ်။ အဲဒီအင်တာဗျူးတွေကို ဖတ်ရတာ ၁၉၄၀ ပြည့် လွန်နှစ်များအတွင်း ဒီလူတွေဘယ်လိုအခြေအနေတွေကို ကြုံတွေ့ခဲ့ရတယ်ဆိုတာကို နားလည်ဖို့ အလွန်အသုံးဝင်ပြီး ထင်ရှားစေပါတယ်။
သတင်းအဖွဲ့


No comments:
Post a Comment