Friday, January 23, 2026

ပညာရေးကဏ္ဍတိုးတက်မြင့်မားခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇန်နဝါရီ ၁၉ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးရာတွင် “မိမိတို့အစိုးရအနေဖြင့် နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို မှာကြားသည့်အခါတိုင်း ပညာရေးကဏ္ဍ၏ အရေးကြီးပုံကို အလျဉ်းသင့်သလို ထည့်သွင်းပြောကြားလေ့ရှိသည်။ မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်လျှင် ပညာရေးကဏ္ဍအားနည်းမှုကြောင့် တိုးတက်မှု နှေးကွေးခြင်းအကျိုးရလဒ်များနှင့် ကြုံတွေ့နေသည်ကို တွေ့ရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများအနေဖြင့် ပညာရေးကို အဓိကအားပေးခြင်း၊ ပမာဏကြီးမားစွာ ရင်းနှီးမြှုပ်နှံထားခြင်းတို့ကြောင့် နိုင်ငံကိုဦးဆောင်သူများနှင့် ပြည်သူများမှာ အသိဉာဏ်ပညာမြင့်မားပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရမည် ဖြစ်သည်။ နိုင်ငံကို ခေတ်နှင့်အညီ လိုက်ပါတိုးတက်လာအောင် ပညာရေးကို အဆက်မပြတ် မြှင့်တင်ပေးနေသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍ၌ အကြောင်းအမျိုးမျိုးကြောင့် အားနည်းချက် များရှိနေသဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် လူသားအရင်းအမြစ်များလိုအပ်နေမှု၊ ပြည်သူများအနေဖြင့် အသိပညာအတွေးအခေါ် မြင့်မားတိုးတက်မှု၌ လိုအပ်မှုများရှိနေရာ အချို့ဆိုလျှင် အမှားအမှန် အကောင်းအဆိုးတို့ကို မဝေခွဲနိုင်ဘဲ အပြုထက် အပျက်ဘက်သို့ ရောက်ရှိနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ကျေးလက်ဒေသများနှင့် ဝေးလံခေါင်သီသောဒေသများတွင် ပညာရေးကဏ္ဍ၌ နိမ့်ကျမှုများရှိနေသဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့၌ အားနည်းချက်များ ဖြစ်ပေါ်ပြီး တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည်ကို တွေ့ရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေခံမြေခံနှင့်အခြေခံကောင်းများ များစွာပိုင်ဆိုင်ထားသည်ကို တွေ့မြင်နိုင်သည်။ သို့သော် အဆိုပါအရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ခြင်းမရှိသည်မှာ ပညာရေးအားနည်းခြင်းကြောင့် ဖြစ်နေသည်ကို ထင်ရှားစွာ တွေ့ရသည်။ ဒေသအသီးသီးတွင် လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် လူသားအရင်းအမြစ်များ လိုအပ်လျက်ရှိသည်။ ဒေသထုတ်ကုန်စွမ်းအားများ အပြည့်အဝမထုတ်လုပ်နိုင်ဘဲ စီးပွားရေး၌ လိုအပ်ချက်များရှိနေသည်။ ပြီးခဲ့သည့်ဒီမိုကရေစီအစိုးရကာလက စီမံခန့်ခွဲမှုအလွဲအမှားများကြောင့် တိုင်းပြည်စီးပွားရေးတိုးတက်မှု နှောင့်နှေးကြန့်ကြာခဲ့မှုများလည်းရှိသည်။ လက်ရှိအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်သည့်အချိန်၌ နိုင်ငံတော်တွင် ကုန်သွယ်ရေးလိုငွေပြမှု မြင့်မားနေသဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ရာ ကုန်သွယ်မှု လိုငွေ လျော့နည်းလာခဲ့သည်။

သို့သော် စီးပွားရေးတိုးတက်မှုတွင် လိုအပ်ချက်များရှိနေသေးသဖြင့် ယခုထက် ပိုမိုတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍတွင် ပန်းတိုင်ရည်မှန်းချက် မပြည့်မီမှုကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံခန့် ဆုံးရှုံးလျက်ရှိသည်။ ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၌ ကုန်ထုတ်လုပ်ငန်းများတိုးတက်လာပြီး နိုင်ငံ့စီးပွားရေး တိုးတက်လာမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်နိုင်ရန် အတတ်ပညာရှင် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်၍ ပညာရေးကဏ္ဍကို နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှာကြားသည့်အတိုင်း မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အဖြစ်အပျက်များနှင့် ပဋိပက္ခများကို သုံးသပ်ကြည့်လျှင် အခြေခံအားဖြင့် တစ်ဦးချင်း အတန်းပညာအားနည်းမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည်ကို လေ့လာတွေ့ရှိနိုင်သည်။ အတန်းပညာအားနည်းမှုကြောင့် စည်းကမ်းလိုက်နာမှုနှင့် တွေးခေါ်မြော်မြင်မှုအားနည်းခြင်း၊ ကျေးလက်နှင့် တိုင်းရင်းသားဒေသမှ ပြည်သူများ အမှားဘက်သို့ရောက်ရှိလွယ်ခြင်း၊ နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်နိုင်မှုအားနည်းသောကြောင့် ဘေးပယောဂများ၊ လှုံ့ဆော်သွေးထိုးမှုများကြားတွင် ပဋိပက္ခများ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

သို့ဖြစ်ရာ အတန်းပညာပြည့်စုံအောင်တတ်မြောက်မှ အသိပညာ၊ အတတ် ပညာ မြင့်မားတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ နိုင်ငံတော်ကို မည်သည့် အစိုးရဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကို မဖြစ်မနေအားပေးဆောင်ရွက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment