နိုင်ငံတစ်နိုင်ငံ၏ ဂျီဒီပီ (Gross Domestic Product ) ဆိုသည်မှာ သတ်မှတ်ထားသည့် ကာလတစ်ခု ဥပမာတစ်နှစ်အတွင်း ယင်းနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို တိုင်းတာခြင်း၊ စီးပွားရေးပမာဏကို ပြသခြင်းတို့အတွက် အညွှန်းကိန်းလည်းဖြစ်ရာ ဂျီဒီပီတန်ဖိုးကို ကြည့်ခြင်းအားဖြင့် နိုင်ငံ၏အခြေအနေကို ခန့်မှန်းသိရှိနိုင်သည်။ ဂျီဒီပီတန်ဖိုး အနိမ့်အမြင့်သည် နိုင်ငံသားတို့၏ ကုန်ထုတ်လုပ်မှုပမာဏပေါ်တွင် တည်ရှိနေခြင်းဖြစ်ရာ နိုင်ငံသားတိုင်းပိုမိုအားထုတ်ကြိုးပမ်း အလုပ်လုပ်ကြသည်နှင့်အမျှ နိုင်ငံစီးပွားပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်သည်။
“မိမိတို့နိုင်ငံ၏ GDP မှာ ဒေသတွင်းနိုင်ငံများထက်
လျော့နည်းလျက်ရှိနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။ အမှန်တကယ်အလုပ်လုပ်ရန်
လိုအပ်နေခြင်းပင်ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။ ပြည်တွင်းစိုက်ပျိုးမွေးမြူရေး
ကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည်ဆိုပါက နိုင်ငံ၏ GDP များ တိုးတက်လာမည်ဖြစ်ကြောင်း” နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျိုင်းတုံမြို့ရှိ
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင်
ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတည်ရှိရာ အရှေ့တောင်အာရှဒေသသည် ကမ္ဘာပေါ်တွင်
အတက်ကြွဆုံးသော စီးပွားရေးဒေသများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ နောက်ဆုံးကိန်းဂဏန်းများအရ
ဒေသတစ်ခုလုံး၏ ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၇ ထရီလီယံခန့်ရှိပြီး
ကမ္ဘာ့ထုတ်လုပ်မှု၏ ၆ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုသည်။ အာဆီယံဒေသတွင်းနိုင်ငံများ၏
၂၀၂၅ ခုနှစ်အတွင်း ဂျီဒီပီကို ခန့်မှန်းချက်များအရ အင်ဒိုနီးရှား (ဒေါ်လာ ၁ ဒသမ ၄၄
ထရီလီယံ)၊ စင်ကာပူ (ဒေါ်လာ ၅၇၄ ဒသမ ၁၈ ဘီလီယံ )၊ ထိုင်း (ဒေါ်လာ ၅၅၈ ဒသမ ၅၇
ဘီလီယံ)၊ ဖိလစ်ပိုင် (ဒေါ်လာ ၄၉၄ ဒသမ ၁၆ ဘီလီယံ)၊ ဗီယက်နမ် (ဒေါ်လာ ၄၈၄ ဒသမ ၇၃
ဘီလီယံ)၊ မလေးရှား (ဒေါ်လာ ၄၇၀ ဒသမ ၅၇ ဘီလီယံ)၊ မြန်မာ (ဒေါ်လာ ၆ဝ ဒသမ ၅၆ ဘီလီယံ)၊
ကမ္ဘောဒီးယား (ဒေါ်လာ ၄၈ ဒသမ ၈ဝ ဘီလီယံ)၊ ဘရူနိုင်း (ဒေါ်လာ ၁၅ ဒသမ ၅၇ ဘီလီယံ)၊
လာအို (ဒေါ်လာ ၁၆ ဒသမ ၉၃ ဘီလီယံ)၊ တီမောလက်စ်တေ (ဒေါ်လာ ၂ ဒသမ ၁၃ ဘီလီယံ)
စသည်ဖြင့် ရှိနေရာ လူဦးရေ၊ နိုင်ငံအရွယ်အစား စသည့်အချက်အလက်များနှင့်
ယှဉ်ထိုးစဉ်းစားပါက မိမိတို့နိုင်ငံမှာ ကြိုးပမ်းအားထုတ်အလုပ်လုပ်ကြရန်
များစွာလိုအပ်လျက်ရှိနေသေးသည်။
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်
မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရေ၊ မြေ သယံဇာတအရင်းအမြစ်တို့ ကြွယ်ဝသည့်
နိုင်ငံဖြစ်သည်။ စိုက်ပျိုးနိုင်သည့် မြေအရင်းအမြစ်ဟက်တာ ၁၂ ဒသမ ၂၅ သန်းရှိနေပြီး
ကွဲပြားခြားနားသည့် ရေ၊ မြေ၊ ရာသီ ဥတုအလိုက် ဆန်စပါး၊ ပဲ၊ ပြောင်း စသည့်
ကောက်ပဲသီးနှံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ပန်းမန်မျိုးစုံတို့ စိုက်ပျိုးနိုင်သကဲ့သို့
ကြက်၊ ဘဲ၊ ဝက်၊ ကျွဲ၊ နွား၊ သားငါးပုစွန်မျိုးစုံတို့ကိုလည်း ဒေသအနှံ့အပြားတွင်
မွေးမြူထုတ်လုပ်နိုင်သည်။ နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းတို့သည်
ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းနှင့် တိုက်ရိုက်အားဖြင့်လည်းကောင်း၊
ဆက်စပ်၍လည်းကောင်း အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နေကြခြင်းဖြစ်သည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုမှာ
ဒေသတွင်းနိုင်ငံများနှင့် မြေတစ်ယူနစ်ချင်းအရလည်းကောင်း၊ တောင်သူတစ်ဦးချင်းအရလည်းကောင်း
ထုတ်လုပ်မှုချင်းနှိုင်းယှဉ်ပါက လျော့နည်းလျက်ရှိသည်ကို တွေ့ရသည်။
သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း သတ်မှတ်ချက်များကိုလည်း မပြည့်မီခြင်းကြောင့်
စိုက်ပျိုးထုတ်လုပ်မှုမှရသင့်သည့် ဝင်ငွေကိုမရရှိဘဲ နှစ်စဉ်ဘီလီယံနှင့်ချီ၍
ဆုံးရှုံးလျက်ရှိသည်။
နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ရာတွင်
ကုန်ထုတ်လုပ်မှုမြှင့်တင်ခြင်းမှတစ်ပါး အခြားမရှိ။ ကုန်ထုတ်လုပ်မှုမြှင့်တင်ရာတွင်လည်း
ယခင်ထက် ပိုမိုကြိုးပမ်းအားထုတ် အမှန်တကယ်အလုပ်လုပ်ကြခြင်းမှတစ်ပါး
အခြားမရှိနိုင်ဟူ၍သာ တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။

No comments:
Post a Comment