Wednesday, January 28, 2026

ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား စစ်ရေယာဉ် (မုတ္တမ)ဖြင့် မြိတ်မြို့မှ ရန်ကုန်မြို့သို့ပို့ဆောင်

 


နေပြည်တော် ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် online လိမ်လည်မှုများ၊ online လောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားတိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် နိုင်ငံခြားသားများကိုလည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ ပါဝင်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည့်အပြင် အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။





ထို့ပြင် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟုသံသယရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကို နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ မြန်မာနိုင်ငံသို့ပြန်လည် လွှဲပြောင်းခေါ်ယူသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ မြန်မာနိုင်ငံသား ၇၂၉ ဦးကို အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)နှင့် တပ်မတော်လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။

ထိုသို့ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများအနက် တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံသား ၅၄၃ ဦးကို မြိတ်မြို့မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးနိုင်ရေး မြိတ်မြို့၊ ဆိပ်ငယ်တံတားမှ စစ်ရေယာဉ်များဖြင့် တင်ဆောင်၍ ကျွန်းစုမြို့နယ်၊ မော်တုံးကြီးကျေးရွာအနီးရှိပင်လယ်ပြင်၌ စောင့်ဆိုင်းနေသည့် စစ်ရေယာဉ် (မုတ္တမ)ပေါ်သို့ ပို့ဆောင်ပေးရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ စစ်ရေယာဉ်(မုတ္တမ)သည် ဇန်နဝါရီ ၂၇ ရက် ညပိုင်းတွင် စတင်ထွက်ခွာခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ပေးခဲ့သည့် မြန်မာနိုင်ငံသားများအား စစ်ရေယာဉ်ပေါ်တွင် တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ စားသောက်နေထိုင်မှုများ အဆင်ပြေစေရေးအတွက် ဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့သည်။ စစ်ရေယာဉ်(မုတ္တမ)သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အမှတ်(၃)ဆိပ်ခံတံတားသို့ရောက်ရှိကြပြီး သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်ခရိုင်ရုံးမှ တာဝန်ရှိသူများက လူဦးရေတိုက်ဆိုင်စစ်ဆေးခြင်း၊ သန်လျင်ခရိုင် ကျန်မာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးမကောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ခရိုင်အတွင်းရှိဌာနဆိုင်ရာများက စားသောက်ဖွယ်ရာများအား တစ်ဦးချင်းပေးအပ်သည်။

ထို့နောက် ပြန်လည်ခေါ်ဆောင်လာသော မြန်မာနိုင်ငံသားများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ပေးသော မော်တော်ယာဉ်များဖြင့် ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ၊ လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းတို့၏ ပြောကြားချက်များကိုလည်း ယခုကဲ့သို့ကြား သိရပါသည် -

(၁) အမျိုးသမီး

လိုင်းပေါ်မှာ လူခေါ်တဲ့ဟာတွေတွေ့တယ်။ ကျွန်မတို့သွားပြီးတော့ ဆက်သွယ်ကြည့်တော့ ဒီအလုပ်ကအလွန်ကောင်းတယ်။ တစ်လကို သိန်း ၄၀ လောက်ရမယ်။ ဘာမှမလုပ်ရဘူး Custu-mer Service ပေးရုံပဲဆိုပြီး ခေါ်ခဲ့တာ။ ဟိုမှာ တစ်လကို သိန်း ၄၀ လောက်ရတယ်ဆိုပြီးတော့ သွားခဲ့တာပေါ့။ စရောက်တော့ တစ်ရက်လောက်ပေးနားတယ်။ ရောက်တဲ့အချိန်မှာ နင်တို့သုံးတဲ့ Facebook အတိုင်းပဲ IG အကောင့် တွေမွေးရတယ်။ ပြီးရင် အဲဒီကနေ မှ ရည်ညွှန်းတဲ့ နိုင်ငံကို အင်ဒိုနီးရှားဆို အင်ဒိုနီးရှား၊ US ဆို US ပေါ့။ ကျွန်မတို့က အင်ဒိုနီးရှားကို လူရှာပြီးတော့မှ Whatup ရဖို့အတွက် ကျွန်မတို့က တောင်းပေးရတာ။ ပြဿနာတွေမဖြစ်ခင်မှာ ကျွန်မတို့ကသံရုံးကို တိုင်မယ်ပေါ့။ သံရုံးကိုတိုင်ပြီးတော့မှ သံရုံးက လာခေါ်ပေးတာကို စောင့်မယ်ဆိုပြီးတော့မှ စီစဉ်ထားကြတာ။ အဲဒီကနေမှ ကမ္ဘောဒီးယားအစိုးရက လိုက်လံဖမ်းဆီးတဲ့အခါမှာ ဖြစ်ချင်တာဖြစ်တော့ သေရင်လည်းသေပါစေ၊ ရှင်ရင်လည်း ငါတို့မြန်မာပြည်တော့ ရောက်အောင်ပြန်မယ်။ ဘယ်လိုနည်းနဲ့ မဆိုပြီးတော့ အဲဒီကနေထွက်ပြေးပြီး နီးစပ်ရာကမ္ဘောဒီးယားတွေကို မေးပြီးတော့မှ ကားငှားပြီး သံရုံးကို ရောက်အောင်သွားခဲ့တာ။ စရောက်တော့ သံအမတ်ကြီးရော၊ အောက်ကအစ်မတွေလည်း အလွန်သဘောကောင်းတယ်။ အကုန်လုံးလည်း အစစအရာရာကူညီပေးတယ်။ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ အပြင်မှာတောင်မနေခိုင်းဘဲ သံရုံးထဲမှာပဲ နေဖို့ထိုင်ဖို့တွေ အစစအရာရာ ကျန်းမာရေးအကုန်လုံးဂရုစိုက်ပေးတယ်။ နေမကောင်းဘူးဆိုရင်လည်း ဆေးခန်းပြပေးတယ်။ အစားအသောက်ဆိုရင်လည်း သူတို့စီစဉ်နိုင်သလောက် အကုန်လုံးစီစဉ် ပေးပြီးတော့မှ အားလုံးနွေးနွေးထွေးထွေးနဲ့ ဆက်ဆံပေးတယ်။ အစကနေအဆုံးထိပေါ့။ ကျွန်မတို့လေယာဉ်ပေါ် စတက်ကတည်းက လေယာဉ်ပေါ်မှာပါတဲ့ တပ်မတော်ကအရာရှိတွေရော၊ စစ်သည်တွေအကုန်လုံး ကျွန်မတို့ အပေါ် နွေးနွေးထွေးထွေး ဆက်ဆံကြတယ်။ အစစအရာရာ ဂရုစိုက်ပေးပြီး ခေါ်လာပေးပြီး လေဆိပ် ဆိုက်ပြီးတော့မှ တပ်ဝင်းထဲကို ရောက်တဲ့အချိန်မှာလည်း ထမင်းကျွေးတာကအစ အရာရှိ၊ စစ်သည်တွေက ကျွန်မတို့ကို နှိမ်ချခြင်း၊ ခွဲခြားခြင်းမရှိဘဲ အကောင်းမွန်ဆုံး ဆက်ဆံပေးခဲ့တယ်။ အဲဒီကနေမှတစ်ဆင့် သင်္ဘောပေါ် ရောက်လာတယ်။ သင်္ဘောပေါ်က အရာရှိ၊ စစ်သည်တွေရော အကုန်လုံးက ဂရုတစိုက်နဲ့ ကြိုဆို ပေးတယ်။ အကုန်လုံးကိုကျေးဇူး တင်ပါတယ်။ အမှန်အတိုင်း ပြောလို့ရှိရင်တော့ ကျွန်မတို့ကိုယ့် သဘောနဲ့ကိုယ် ဆုံးဖြတ်ပြီးတော့မှ သွားခဲ့ကြတာ။ အခုလိုဒုက္ခဖြစ်ချိန်မှာ အစစအရာရာမငြိုမငြင်ဘဲ ကူညီပေးတဲ့အတွက်လည်း စိတ်ထဲမှာအလွန်ပဲကျေးဇူးတင်မိပါတယ်။ အလွန်လည်းဝမ်းသာပါတယ်လို့ ပြောချင်ပါတယ်။

(၂) အမျိုးသမီး

ကမ္ဘောဒီးယားနိုင်ငံကို အလုပ်တွေခေါ်တာတွေ့တာနဲ့ သွားကြည့်မယ်။ အဆင်ပြေရင်လုပ်မယ်။ အဆင်မပြေရင် ပြန်လာခဲ့မယ်ဆိုပြီးတော့ ရောက်သွားတာပေါ့။ တရုတ်လိုနည်းနည်းပါးပါး တတ်တယ်ဆိုတော့ စကားပြန်လုပ်မယ်ဆိုပြီးတော့သွားခဲ့တာ။ အဲဒီကိုရောက်တော့ ရောင်းစားခံလိုက်ရတယ်။ ရောင်းစားခံလိုက်ရပြီး သူတို့ကတိုက်ပိတ်ထားတယ်။ ၁၇ ရက်၊ ၁၈ ရက်လောက် တိုက် ပိတ်ထားတယ်။ တိုက်ပိတ်ထားပြီး လက်ထိပ်တွေခတ်ထားတယ်။ ၁၂ နာရီတစ်ခါ လာကြည့်တယ်။ ထမင်းကျွေးတယ်။ ပြီးလို့ရှိရင် ပြန်ပိတ်သွားတယ်။ သူတို့ထင်တာ တရုတ်စကား အဲဒီလောက်မရဘူးထင်လို့ နောက်တစ်နေရာ ပြန်ရောင်းစားဖို့လုပ်တယ်။ ပြည့်တန်ဆာရုံရောင်းစားဖို့ပေါ့။ အဲဒီလိုဆိုတော့ ပြည့်တန်ဆာရုံက လာကြည့်တော့ ၆ ထောင်ပဲပေးမယ်ဆိုတော့ သူတို့ကပိုက်ဆံ ရှုံးခံရမှာဆိုတော့ မရောင်းဘဲနဲ့ ကုမ္ပဏီမှာပဲ အလုပ်လုပ်ဖို့ဆိုပြီးတော့ ထားလိုက်တယ်။ အကောင့်တွေလော့ဂ်အင် ဝင်ခိုင်းတယ်။ Tiktok၊ We Chat အကောင့်တွေ လော့ဂ်အင်ဝင်ရတယ်။ အဲဒီကနေတစ်ဆင့် သူတို့က လိမ်တာပေါ့။ ရောက်ရောက်ချင်းကို ချော့ပြီးတော့ စာချုပ်တွေချုပ်ခိုင်းတယ်။ လက်ဗွေတွေနှိပ်ခိုင်းတယ်။ အဲဒီလိုမျိုး နှိပ်ခိုင်းတာကျတော့ တကယ်လို့ကိုယ်တွေက ရဲတိုင်တာဖြစ်ဖြစ်၊ သံရုံးကိုတိုင်တာဖြစ်ဖြစ် လာကြည့်တဲ့အချိန် အဲဒီစာချုပ်ကို သူတို့ကထုတ်ပြတယ်။ စာချုပ်ချုပ်ထားတယ်ဆိုတော့ ရဲတွေလည်း ဘာမှမလုပ်နိုင်ဘူး။ မခေါ်သွားနိုင်ဘူး။ အဲဒီလိုမျိုးပုံစံပေါ့။ ကိုယ်ကရောင်းစားခံရတယ်ဆိုတော့ သူတို့ပြောတဲ့အတိုင်းလုပ်ရတယ်။ မလုပ်ရင်ရိုက်တာတွေ၊ ကျဉ်စက်နဲ့တို့တာတွေလည်းရှိတယ်။ ကြောက်တော့လည်းလုပ်ရတာပေါ့။ မလုပ်လို့ရှိရင် ရိုက်ခံရမှာလေ။ သံရုံးမှာက ထမင်းစားဖို့ရယ် အိပ်ဖို့နေရာတွေ သေချာစီစဉ်ပေးတယ်။ လေယာဉ်လာကြိုမယ်ဆိုတာသိတယ်။ အဲဒါပြီးရင် တုံးတွေထုပေးပြီး ကတ်တွေလုပ်ပေးတယ်။ အဲဒါပြီးမှ အရင်ရောက်တဲ့သူကို အုပ်စု ၁၊ ၂ ခွဲပြီးတော့ ပြန်ပို့တယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ မဟုတ်လို့ရှိရင် ကိုယ့်အစီအစဉ်နဲ့ဆိုရင်တော့ အိမ်ပြန်ရောက်မှာ မဟုတ်တော့ဘူး။ ကိုယ့်နိုင်ငံကိုပြန်ရောက်မှာ မဟုတ်တော့ဘူး။

(၃) အမျိုးသား

သန်လျင်၊ ကျောက်တန်း၊ ခရမ်းသုံးခွ စတဲ့မြို့နယ်ရုံးတွေကနေ ကျွန်တော်တို့ လဝကတွေအနေနဲ့ နာမည်စာရင်း ကောက်ဖို့အတွက် တာဝန်ပေးခြင်း ခံရတဲ့အတွက်ကြောင့် ဒီနေရာမှာလာပြီးတော့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ သန်လျင်ခရိုင်မှာရှိတဲ့ လဝကရယ်၊ အလုပ်သမားဦးစီးဌာန ရယ်ကတော့ နာမည်စာရင်းကောက်ယူရေးပေါ့။ ပြီးတော့ သက်ဆိုင်ရာဌာနတွေလည်း အသီးသီးပေါ့၊ သူတို့ရဲ့ ကျရာတာဝန်အခန်းကဏ္ဍတွေကို တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားကို အလုပ်သွားလုပ်မယ်ဆိုရင် တရားဝင်လမ်းကြောင်းတွေကနေ သွားကြရင်တော့ ပိုပြီးတော့အဆင်ပြေပါတယ်။ အခုလိုမျိုး တရားမဝင်သွားတယ်ဆိုရင် ဥပဒေ လမ်းကြောင်းအရလည်း ကာကွယ်မှုမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားကို ထွက်လည်တာပဲဖြစ်ဖြစ်၊ အလုပ်သွားလုပ်တာပဲဖြစ်ဖြစ် နိုင်ငံတော်ကနေ သတ်မှတ်ထားတဲ့ ဥပဒေလုပ်ထုံး လုပ်နည်းတွေ ကြားထဲကနေပဲသွားကြဖို့အတွက် ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သည်ဟုသံသယရှိသဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများအနက် ဇန်နဝါရီ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)ဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်တွင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)ဖြင့် ၅၀ ဦး၊ တပ်မတော်လေယာဉ်များဖြင့် ၃၈၀ ဦးကိုလည်းကောင်း၊ ဇန်နဝါရီ ၂၆ ရက်တွင် တပ်မတော်လေယာဉ်များဖြင့် ၁၆၃ ဦးကိုလည်းကောင်း အသီးသီးခေါ်ဆောင်ပေးခဲ့ပြီး စုစုပေါင်းမြန်မာနိုင်ငံသား ၇၂၉ ဦးကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment