နေပြည်တော် ဇန်နဝါရီ ၂၅
၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) သို့ လာရောက်လေ့လာခဲ့ကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
ညစာစားပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
ဦးသန်းစိုး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊
ဘယ်လာရုစ်သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှ
ကိုယ်စားလှယ်အဖွဲ့၊ နီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊
အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့၊
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ
ကိုယ်စားလှယ်အဖွဲ့၊ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်နှင့် International Conference of Asian
Political Parties (ICAPP) အဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ
တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊
ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲ၏
အရေးကြီးသည့် မှတ်တိုင်တစ်ခုဖြစ်သည့် ရွေးကောက်ပွဲအပိုင်း (၃) ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊
ရွေးကောက်ပွဲတွင် အဆွေတော်တို့၏ ပါဝင်ဆောင်ရွက်ခဲ့မှုများကို ချီးကျူးမှတ်တမ်းတင်သည့်အနေဖြင့်
ယနေ့ဂုဏ်ပြုညစာစားပွဲကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း။
ရွေးကောက်ပွဲကျင်းပသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ပါဝင်၍
စောင့်ကြည့်လေ့လာခဲ့ကြသည့်အတွက် မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ
ပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ အဆွေတော်တို့၏
စောင့်ကြည့်လေ့လာမှုသည် လွတ်လပ်မှုနှင့် တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုကို
ခိုင်မာစေရုံသာမက ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊
မဲဆန္ဒရှင်ပြည်သူများနှင့် ရွေးကောက်ပွဲတွင် ပါဝင်သူအားလုံး၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ပါကြောင်း။
နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံအဖွဲ့ဝင်များ၊
လုံခြုံရေးတာဝန်ထမ်းဆောင်ကြသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက်
အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့ကြသူများ၊ အထူးသဖြင့် နိုင်ငံသားတစ်ဦး၏
တာဝန်သိစိတ်ဖြင့် လာရောက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ ကြိုးစားအားထုတ်မှုများကို
အဆွေတော်တို့အနေဖြင့် မျက်ဝါးထင်ထင်မှတ်ကျောက်တင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်သူများ၏
စိတ်အေးချမ်းသာယာ၊ ပျော်ရွှင်တက်ကြွစွာနှင့် နိုင်ငံ့အနာဂတ်အတွက် မဲပေးနေမှုများကို
တွေ့မြင်သိရှိခဲ့ကြပြီး ဖြစ်ပါကြောင်း။
ယနေ့ အခမ်းအနားကတစ်ဆင့် မြန်မာနိုင်ငံနှင့်
နိုင်ငံတကာအသိုင်းအဝိုင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် နားလည်မှုကို ပိုမိုခိုင်မာစေမည်ဟု
ယုံကြည်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို
တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေမည့် အဆွေတော်တို့၏ လေ့လာတွေ့ရှိချက်များနှင့်
အကြံပြုချက်များကိုလည်း စောင့်မျှော်နေပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ
ကျင်းပနိုင်မှုသည် မြန်မာနိုင်ငံ၏ ကောင်းမွန်သည့် အရွေ့တစ်ခုကို
ဖော်ဆောင်နိုင်ခြင်း ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းလုံးကို
အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် တက်ရောက်လာကြသည့်
အဆွေတော်တစ်ဦး တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း
ဂုဏ်ပြုစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ညစာစားပွဲသို့
တက်ရောက်လာကြသူများနှင့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြပြီး ညစာမသုံးဆောင်မီနှင့်
သုံးဆောင်နေစဉ်အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊
ယဉ်ကျေးမှုအကအဖွဲ့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို
ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေတင်ဆက်မှုအပြီးတွင် အနုပညာဦးစီးဌာနအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းများနှင့်
ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment