နေပြည်တော် ဒီဇင်ဘာ ၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)ဖွဲ့စည်းတည်ထောင်မှု(၇၈) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ် သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ) များနှင့်
ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် ဇနီး၊
ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊
ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော် (ရေ) မှ
အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ
တက်ရောက်ကြသည်။
ဦးစွာ
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် တပ်မတော် (ရေ) ၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါက
ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊
မြန်မာ့ရေတပ်သည် ၁၂ ရာစု ပုဂံခေတ်ကတည်းကအစပြုခဲ့ပြီး ၁၈ ရာစု ကုန်းဘောင်ခေတ်တွင်
ရာထူးဌာနန္တရ၊ ဂုဏ်ထူးအဆောင်အယောင်များဖြင့် စနစ်တကျဖွဲ့စည်းနိုင်ခဲ့သော်လည်း ၁၈၈၅
ခုနှစ်တွင် အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝရောက်ရှိခဲ့မှုနှင့်အတူ
တိမ်မြုပ်ခဲ့ရကြောင်း၊ ထို့နောက် ၁၉၄၀ ပြည့်နှစ်တွင် ဗမာ့အပျော်တမ်းအရန်ရေတပ် (BRNVR)
ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၄၂ ခုနှစ် ဂျပန်တို့
မြန်မာနိုင်ငံသိမ်းပိုက်စဉ် ဗမာ့အပျော်တမ်းအရန် ရေတပ်ကလည်း အိန္ဒိယကို
အင်္ဂလိပ်တို့နှင့်အတူ တချို့တစ်ဝက်ပါသွားခဲ့ပြီး ၁၉၄၂ ခုနှစ်၊ ဇွန်လ ၂ဝ ရက်တွင်
ဗမာ့လွတ်လပ်ရေးရေတပ်မတော် (BIN) အဖြစ်
ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း။
ဒုတိယကမ္ဘာစစ်အပြီး
အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့ပြီး နောက်လွတ်လပ်ရေးမရမီရက်ပိုင်းအလို
၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေတွင် ဗမာ့အပျော်တမ်းအရန်ရေတပ်ကို “ဗမာ့ရေတပ်မတော် (Burma Navy)” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊
ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဘိုက ရေတပ်ဦးစီးချုပ်အဖြစ် အင်္ဂလိပ်တို့ထံမှ
လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့ပြီး စတင်တည်ထောင်စဉ်က အရာရှိ ၇၅ ဦး၊ စစ်သည် ၅၀၀
ဦးနှင့် စတင်ခဲ့ကြောင်း၊ စစ်ရေယာဉ်များအနေဖြင့် ဖရီဂိတ်စစ်ရေယာဉ် (မေယု)၊
မိုင်းရှင်းရေယာဉ် ၂ စီးနှင့် တိုက်ရေယာဉ် ၁၂ စီး၊ စစ်ရေယာဉ်စုစုပေါင်း ၁၅
စီးဖြင့် စတင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယနေ့အချိန်တွင် ဖရီဂိတ်စစ်ရေယာဉ်ကြီးများအထိ
ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်အသုံးပြုနိုင်ခဲ့ပြီး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေယာဉ်များအပါအဝင်
ကုန်းရေနှစ်သွယ်စစ်ဆင်ရေးရေယာဉ်များကိုလည်း အင်အားဖြည့်တင်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊
ထို့ကြောင့် ယခင်က ပင်လယ်ပြင်စစ်ဆင်ရေးများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်နိုင်ခဲ့သည့်ရေတပ်မှ
ယခုအခါမှာ သီးသန့်စီးပွားရေးဇုန်နှင့် ပင်လယ်ပြင် နယ်နိမိတ်တစ်လျှောက်
စိုးမိုးလှုပ်ရှားနိုင်သည့် ရေတပ်အဖြစ် တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏
ကမ်းရိုးတန်းသည် ၁,၂၆၀ ရေမိုင်ရှည်လျားပြီး ကိုကိုးကျွန်းကဲ့သို့ မဟာဗျူဟာအချက်အချာကျသည့်
ကျွန်းများအပါအဝင် ကျွန်းကြီး၊ ကျွန်းငယ်ပေါင်း ၁,၄၀၀
ကျော်ရှိကြောင်း၊ ရေပြင်နယ်နိမိတ် စတုရန်းမိုင် ၁၄၀,၀၀၀
ကျော် ကျယ်ဝန်းပြီးရေပေါ်ရေအောက် အဖိုးတန်သယံဇာတများပေါများသည့်
ပင်လယ်ကမ်းရိုးတန်း သဘာဝအလှတရားများစွာတို့နှင့် ပြည့်နှက်နေကြောင်း။
ထိုသို့ရေပေါ်ရေအောက်
သယံဇာတပစ္စည်များ ပေါကြွယ်ဝပြီးအဖိုးတန်လှသည့် မြန်မာ့ပင်လယ်ပြင်ကို ကာကွယ်ရန်
ရေပြင်၊ ဝေဟင်၊ ရေအောက် စစ်ဆင်နိုင်သည့် စစ်ရေယာဉ်ကြီးများကို
တည်ဆောက်တပ်တော်ဝင်နေသကဲ့သို့ တပ်မတော် (ကြည်း)၊ တပ်မတော် (လေ) တို့နှင့်အတူ
ပူးပေါင်းစစ်ဆင်ရေးများ ဆောင်ရွက်ခြင်း၊ စစ်ကူပစ်ကူပေးခြင်း၊ ကြည်း၊ ရေ၊ လေ
တပ်ဖွဲ့အသီးသီး၏ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်ခြင်း၊
နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပစ္စည်းများ
သယ်ယူပို့ဆောင်ပေးခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခြင်း၊ ဆေးကုသပေးခြင်းနှင့်
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် ပင်လယ်ပြင်သွားတိုက်ခိုက်ရေးစစ်ရေယာဉ်များ၊
မြစ်တွင်းသွားဘက်စုံသုံးစစ်ရေယာဉ်များ၊ ကမ်းထိုးရေယာဉ်များ၊ ထောက်ပံ့ရေးရေယာဉ်များနှင့်
ဆေးရုံရေယာဉ်တို့အား တည်ဆောက်တပ်တော်ဝင်ခြင်းနှင့် လွှဲပြောင်းလက်ခံအသုံးပြုလျက်ရှိကြောင်း။
၂၁
ရာစုတွင် နိုင်ငံအများစုသည် သမားရိုးကျခြိမ်းခြောက်မှုများအပြင် သမားရိုးကျမဟုတ်သော
ခြိမ်းခြောက်မှုများဖြစ်သည့် ပင်လယ်ဓားပြမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့်
လက်နက်မှောင်ခိုကူးမှုစသည့် ရေကြောင်းလုံခြုံရေးဆိုင်ရာပြဿနာများကို ရင်ဆိုင်ဖြေရှင်းနေကြရကြောင်း၊ထိုသို့
ခြိမ်းခြောက်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ခေတ်မီပြီး အင်အားတောင့်တင်းခိုင်မာသည့်
ရေတပ်ရှိရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့၏ ပိုင်နက် ပင်လယ်၊ သီးသန့်စီးပွားရေးဇုန်၊
ကမ်းရိုးတန်းဒေသများနှင့် နိုင်ငံ၏ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို
အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင်ဥပဒေများနှင့်အညီ အပြည့်အဝထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း။
လတ်တလော
နိုင်ငံတကာတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသာမက ပြည်တွင်းတွင်
ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် အခြေအနေများအရ ရေကြောင်းစွမ်းအားအရင်းအမြစ်များသည်
မရှိမဖြစ်လိုအပ်သည်ကို တွေ့ရှိရကြောင်း၊ ရေကြောင်းမှ တပ်ဖွဲ့များ၊ ရိက္ခာများ၊
လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ပေးခြင်းသာမက ပစ်ကူစစ်ကူပေးခြင်းကိုပါ
ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ ရေကြောင်းစွမ်းအားရရှိရေးအတွက်
ရေတပ်အင်အားကို တိုးချဲ့တည်ဆောက်ပေးနေသကဲ့သို့ ကမ်းခြေစောင့်တပ်ဖွဲ့ကိုလည်း
ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော် (ရေ) မှဦးဆောင်ပြီး
ကမ်းခြေစောင့်တပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့တို့နှင့် အတူတကွလက်တွဲကာ
မိမိတို့နိုင်ငံ၏ ရေကြောင်းလုံခြုံရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ရေကြောင်းအကျိုးစီးပွားများသည်
ပိုင်နက်ပင်လယ်အတွင်းသာ မိမိတို့နိုင်ငံ၏ မဟုတ်ဘဲ သီးသန့်စီးပွားရေးဇုန်ဖြစ်သည့်
ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာတည်ရှိနေသည့်အတွက် တပ်မတော် (ရေ) အနေဖြင့်
လွှမ်းခြုံကာကွယ်နိုင်ရန်လိုအပ်ကြောင်း၊ ထို့အပြင် ပင်လယ်ပြင်နယ်နိမိတ်ချင်း
ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံရေတပ်များနှင့် ယှဉ်နိုင်ရန်
စွမ်းဆောင်ရည်မြင့်မားပြီး တိုက်စွမ်းအားကောင်းသည့် စစ်ရေယာဉ်များကို
အမျိုးအစားစုံအချိုးကျကျ ဖွဲ့စည်းထားရှိရန်လိုအပ်ကြောင်း။
တပ်မတော်
(ရေ) ကို တိုက်ပွဲဝင်အသင့်ဖြစ်ရန်အတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊
ရေတပ်သားအသင့်ဖြစ်မှုဆိုသည့် အသင့်ဖြစ်မှု ၃ ရပ် နှင့် ပြည့်စုံအောင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊
စစ်ရေယာဉ်အသင့်ဖြစ်မှုအတွက် စစ်ရေယာဉ်များကို တည်ဆောက်တပ်တော်ဝင်သည့် နေရာတွင်လည်း
သမားရိုးကျနှင့် သမားရိုးကျမဟုတ်သည့် ခြိမ်းခြောက်မှုများကို
တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိရန် ဖရီဂိတ်စစ်ရေယာဉ်ကအစ မြစ်တွင်းအမြန်သွားတိုက်ခိုက်ရေးရေယာဉ်များ
အဆုံး၊ အထောက်အကူပြုရေယာဉ်များပါမကျန် အမျိုးအစားစုံလင်စွာ
ဖြည့်ဆည်းပေးလျက်ရှိကြောင်း။
မိမိတို့တပ်မတော်
(ရေ) သည် မြစ်တွင်းသွားတိုက်ရေယာဉ်မှစပြီး ယခုကဲ့သို့ အရွယ်အစားကြီးမားသည့်
ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက်တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့်
တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို
အထောက်အကူများစွာဖြစ်စေခဲ့သည့်အပြင် မြန်မာ့ရေပြင်ပိုင်နက်
စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေခဲ့ကြောင်း၊ “ရေတပ်၏
တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ခေတ်မီစစ်ရေယာဉ်များ
အရေအတွက်များများ ပိုင်ဆိုင်နိုင်ရေးဆက်လက်ကြိုးပမ်းနေသကဲ့သို့ မြန်မာနိုင်ငံ၏
ရေပြင်သဘာဝနှင့်ကိုက်ညီသည့် မြစ်တွင်းသွားဘက်စုံသုံးစစ်ရေယာဉ်များကို
ကိုယ်တိုင်တည်ဆောက်နိုင်ခဲ့သည့်အတွက် မြစ်တွင်းစစ်ဆင်ရေးများတွင် ပိုမိုထိရောက်စွာ
ဆောင်ရွက်လာနိုင်ခဲ့ကြောင်း။
ရေတပ်သားတစ်ဦးချင်းစီ၏
နှလုံးသားထဲတွင် “နိုင်ငံတော်အားပင်လယ်ပြင်မှ ရှေ့တန်းကျကျကာကွယ်နိုင်ရမည်”၊
“နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်နိုင်ရမည်”၊
“ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရ မည်”ဆိုသည့် တပ်မတော် (ရေ) ၏
ရည်မှန်းချက်တာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်
စွဲမြဲစွာမှတ်သားထားရမည်ဖြစ်ကြောင်း၊ ကျယ်ပြောလှသည့် မြန်မာ့ပင်လယ်ပြင်ကို
ရေတပ်တစ်ခုတည်းဖြင့် ပြည့်ပြည့်စုံစုံကာကွယ်နိုင်ရန် မဖြစ်နိုင်ကြောင်း၊ ကြည်းတပ်၊
လေတပ်၊ ကမ်းခြေစောင့်တပ်ဖွဲ့တို့နှင့် ပေါင်းစပ်ပြီး ကာကွယ်မှသာ နိုင်ငံတော်၏
ရေကြောင်းလုံခြုံရေးအခန်းကဏ္ဍကို ပိုမိုအာမခံနိုင်မည်ဖြစ်ကြောင်း၊
ရေကြောင်းစစ်ဆင်ရေးသည် ဘက်စုံအသွင်ဆောင်သည့် သဘောသဘာဝရှိပြီး မျက်မှောက်ခေတ်ရေကြောင်းစစ်ဆင်ရေးကဏ္ဍကို
ထိရောက်အောင်မြင်စွာစစ်ဆင်နိုင်ရန် စစ်ရေယာဉ်မျိုးစုံပါဝင်ပြီး ခေတ်မီလက်နက်နှင့်
လက်နက်စနစ်များ၊ အရည်အချင်းပြည့်ဝသည့် ရေတပ်သားများနှင့် ဟန်ချက်ညီညီ
ပေါင်းစပ်စစ်ဆင်ရန်လိုအပ်သည့်အပြင် ကမ်းတက်စစ်ဆင်ရေး၊ မြစ်တွင်းစစ်ဆင်ရေး၊
ခြေလျင်အသွင်တိုက်ပွဲဝင်နိုင်ရေးအတွက်ပါ အမြဲစုဖွဲ့လေ့ကျင့်ထားရန်လိုအပ်ကြောင်း။
တပ်မတော်
(ရေ) ၏ ကဏ္ဍကြီး ၄ ရပ်ကိုထမ်းဆောင်ရာတွင် စစ်ရေးကဏ္ဍအနေဖြင့် တိုက်စွမ်းရည်နှင့်
တိုက်စွမ်းအား ဟန်ချက်ညီတိုးတက်မှသာ တိုက်ပွဲဝင်အသင့်ဖြစ်သည့်
တပ်ဖွဲ့တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ တိုက်စွမ်းအားရရှိရန်အတွက် စစ်ဆင်မှုနယ်ပယ် ၄
ရပ်တွင် စစ်ဆင်နိုင်မည့် ခေတ်မီ Platform များ၊ စွမ်းရည်မြင့်လက်နက်နှင့် လက်နက်စနစ်များ၊
ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ကိရိယာများကို ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ယနေ့အချိန်တွင်
ရေပြင်သွားစစ်ရေယာဉ်ကြီးများသာမက ရေငုပ်သင်္ဘောများကိုပါ ရရှိပိုင်ဆိုင်လာခဲ့ပြီး
သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင်အသင့် ရေတပ်အဖြစ်ရောက်ရှိနေပြီဖြစ်ကြောင်း။
ထို့အပြင်
ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ကိုယ်တိုင်တည်ဆောက်အသုံးပြုလာနိုင်သည့်အတွက်
ရေပြင်စစ်ဆင်ရေး၊ ဝေဟင်စစ်ဆင်ရေး၊ ရေအောက်စစ်ဆင်ရေး၊ အီလက်ထရောနစ်စစ်ဆင်ရေး
စသည့်စစ်ဆင်မှုနယ်ပယ် ၄ ရပ်စလုံးတွင် တိုက်ပွဲဝင်နိုင်စွမ်းရှိသဖြင့် နောင်တွင်
ရေတပ်၏ ကဏ္ဍကြီး ၄ ရပ်ဖြစ်သည့် စစ်ရေးကဏ္ဍ၊ သံတမန်ရေးရာကဏ္ဍ၊
တရားဥပဒေစိုးမိုးရေးကဏ္ဍနှင့် စာနာအကူအညီပေးရေးကဏ္ဍများကိုလည်း ပိုမိုထိရောက်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။
တရားဥပဒေစိုးမိုးရေးကဏ္ဍတွင်
ပင်လယ်ပြင်တွင်ကြုံတွေ့နေရသည့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများဖြစ်သည့်
တရားမဝင်ငါးခိုးဖမ်းမှု၊ လူ/လက်နက်မှောင်ခို သယ်ဆောင်ဖြတ်သန်းမှု၊ သစ်ခိုးထုတ်မှု၊
တရားမဝင်ပြောင်းရွှေ့နေထိုင်မှု၊ မူးယစ်ဆေးဝါးသယ်ဆောင်မှု၊ ပင်လယ်ဓားပြနှင့်
လက်နက်ကိုင်အကြမ်းဖက်မှုများကို တားဆီးကာကွယ်ရန်
တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင်လုပ်ကိုင်ဆောင်ရွက်မှုများနှင့်
ဥပဒေမဲ့ဖြတ်သန်းသယ်ဆောင်မှုများကို ထိရောက်စွာ တားဆီးနိုင်မှသာ
ရေကြောင်းဆိုင်ရာလုံခြုံမှု (Maritime Security) ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
စာနာအကူအညီပေးရေးကဏ္ဍအနေဖြင့်
“အထက်အမိန့်တစ်စုံတစ်ရာ စောင့်ဆိုင်းစရာမလိုဘဲ ချက်ချင်းဆောင်ရွက်ပေးရန်”
မူဝါဒတစ်ရပ်အနေဖြင့် ချမှတ်ပေးထားခဲ့ပြီးဖြစ်ကြောင်း၊ ပင်လယ်ပြင်တွင်
ဒုက္ခရောက်နေသည်သူများကို ကူညီခြင်း၊ နိုင်ငံရပ်ခြားတွင်
ဒုက္ခမျိုးစုံကြုံတွေ့နေရသည့် မိမိတို့၏သွေးချင်းတိုင်းရင်းသား ပြည်သူများကို
ပြန်လည်ခေါ်ဆောင်ခြင်း၊ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးတာဝန်များ ထမ်းဆောင်ခြင်း၊မြစ်ဝကျွန်းပေါ်၊
ကမ်းရိုးတန်းတစ်လျှောက် ကျွန်းနေပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုများ
ဆောင်ရွက်ပေးခြင်း၊ မုတ်သုံရာသီတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ဆိုင်ကလုန်းမုန်တိုင်း၊
ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များနှင့်
ကမ္ဘာ့ကပ်ရောဂါခံစားရသည့် ဒေသများတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့ဝင်များ၏
ကူညီဆောင်ရွက်ပေးနေမှုများသည် ပြည်သူများ၏ အသက်အိုးအိမ်ကာကွယ်ရေးကို
တစ်ဖက်တစ်လမ်းက ကာကွယ်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ကို သဘောပေါက်ရန်လိုကြောင်း၊
ထိုသို့ဆောင်ရွက်ပေးခြင်းသည် မိမိတို့တပ်မတော်၏ နိုင်ငံတော်နှင့်
ပြည်သူလူထုအပေါ်ထားရှိသည့် မွန်မြတ်သည့် စိတ်ထားပင်ဖြစ်ကြောင်း။
သံတမန်ရေးရာကဏ္ဍတွင်
အိမ်နီးချင်းနိုင်ငံရေတပ်များ၊ အာဆီယံရေတပ်များသာမက နိုင်ငံတကာရေတပ်များနှင့်ပါ
စဉ်ဆက်မပြတ် ပူးပေါင်းလေ့ကျင့်ဆောင်ရွက်စေခဲ့ပြီး တပ်မတော်၏အဆင့်အတန်းကို
ပြသနိုင်ခဲ့ကြောင်း၊ အာဆီယံရေတပ်ဦးစီးချုပ်များ တွေ့ဆုံပွဲ၊ အိမ်နီးချင်းနိုင်ငံ
ရေတပ်များ၊ အာဆီယံရေတပ်များနှင့် တွေ့ဆုံဆွေးနွေးပွဲများ၊ အာဆီယံရေတပ်များ၊
နိုင်ငံပေါင်းစုံရေတပ်များနှင့် ပြုလုပ်သည့် လေ့ကျင့်ခန်းများတွင်
ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် တပ်မတော် (ရေ) အနေဖြင့် သံတမန်ရေးရာကဏ္ဍကို
ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။
တပ်မတော်
(ရေ) ကို တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့်
လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဆိုသည့် အသင့်ဖြစ်မှု ၃ ရပ်နှင့်
ပြည့်စုံအောင် စဉ်ဆက်မပြတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့်
ကိုယ်စီကျွမ်းကျင်မှုရှိစေရေး အမြဲမပြတ်လေ့လာလေ့ကျင့်နေရမည်ဖြစ်ပြီး
လက်နက်နှင့်လက်နက်စနစ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် အသားကျလေ့ကျင့်ရန်လိုအပ်ကြောင်း၊
ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် တပ်မတော် (ရေ) မျိုးဆက်သစ်အရာရှိ၊
စစ်သည်များကိုလည်း ကောင်းမွန်သည့် အစဉ်အလာကောင်းများ လက်ဆင့်ကမ်းပေးသွားရမည်ဖြစ်ကြောင်း၊
မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင်အကျိုးစီးပွားများကို ကာကွယ်ရေးအတွက်
ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားရင်း
ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့မှသည် နောင်လာမည့် နှစ်ပတ်လည်နေ့
များစွာတိုင်တိုက်စွမ်းရည်တိုက်စွမ်းအား မြင့်မားကောင်းမွန်ပြီး နိုင်ငံတော်အတွက်
အားထားရသည့် တပ်မတော် (ရေ) အဖြစ် အစဉ်ရပ်တည်နိုင်ပါစေရန်
ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။
၎င်းနောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် (၇၈) နှစ်မြောက် တပ်မတော် (ရေ)
နှစ်ပတ်လည်နေ့အထိမ်းအမှတ်မှတ်တမ်း Documentary အားကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ကာကွယ်ရေးဦးစီးချုပ် (ရေ) က တပ်မတော် (ရေ) ဖွဲ့စည်းတည်ထောင်မှု
(၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်တံဆိပ်၊ တပ်မတော် (ရေ) သမိုင်း
မှတ်တမ်းစာအုပ်နှင့် ဓာတ်ပုံ Album တို့အား
ဂါရဝပြုပေးအပ်ပြီး တပ်မတော် (ရေ) အရာရှိများမှ “ပြည်ထောင်စုညီရှေ့သို့ချီ”
ဂုဏ်ပြုတေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ယင်းနောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် (ရေ) ပြခန်းသို့ သွားရောက်၍
တပ်မတော် (ရေ) အဆင့်ဆင့် တိုးတက်လာမှုသမိုင်းပြခန်းနှင့် သုတေသနပြကွက်များအား
လှည့်လည်ကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်ပြီး
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ် (မုတ္တမ) ပေါ်ရှိ အလေးပြုခံစင်မြင့်မှနေ၍
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးသည်။ ဂုဏ်ပြုတပ်ဖွဲ့၏
အလေးပြုခြင်းကိုခံယူနေစဉ် စစ်ရေယာဉ် (ရန်တိုင်းအောင်) နှင့် စစ်ရေယာဉ်
(ရန်ကြီးအောင်) တို့မှ အမြောက် (၂၁) ချက်ပစ်ဖောက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေးပြုကြသည်။ ၎င်းနောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရေငုတ်သင်္ဘောစစ်ရေယာဉ် (မင်းရဲကျော်ထင်) ဖရီဂိတ်စစ်ရေယာဉ်
(အောင်ဇေယျ) ဦးဆောင်သော ဖရီဂိတ်စစ်ရေယာဉ် (ကျန်စစ်သား)၊ ဖရီဂိတ်စစ်ရေယာဉ် (ဆင်ဖြူရှင်)၊
ကော်ဗက်စစ်ရေယာဉ် (တပင်ရွှေထီး)၊ ကမ်းလွန်ကင်းလှည့်ရေယာဉ် (အင်းလေး)၊
ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် (ရန်ငြိမ်းအောင်) နှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်
(ရန်ရဲအောင်)၊ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် (ဒုံးပျံ) စစ်ရေယာဉ် (၄၉၁)၊
အမြန်သွားတိုက်ခိုက်ရေးရေယာဉ် (ဒုံးပျံ) စစ်ရေယာဉ် (၄၉၂) တို့က Single Line
Formation ပုံစံဖြင့်လည်းကောင်း၊ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်စစ်ရေယာဉ်
(၅၆၄)၊ (၅၆၆)၊ (၅၅၆)၊ (၅၅၈)၊ ကမ်းခြေစောင့်တိုက်ခိုက်ရေးရေ ရေယာဉ်စစ်ရေယာဉ် (၄၂၇)၊
(၄၂၈)၊ အမြန်သွားကင်းလှည့်ရေယာဉ်စစ်ရေယာဉ် (၂၇၁)၊ (၂၇၂)၊ (၂၇၆)၊ (၂၇၈) တို့က Line
Abreast Formation ပုံပြုပုံစံများဖြင့် အသီးသီးပုံပြု
မောင်းနှင်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ချီတက်အလေးပြုကြသည်။
ထို့နောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) က အမြောက်ပစ်ဖောက်ဂုဏ်ပြုအလေးပြုပစ်ခတ်ထားသည့်
ပထမဆုံးအမြောက်ကျည်ဆန်ခွံအား အထိမ်းအမှတ်လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထိမ်းအမှတ်တံဆိပ်နှင့်
ဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူကြသည်။
၎င်းနောက်
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် (ရေ) အရာရှိ၊ စစ်သည်များအား လမ်းညွှန်အမှာစကားပြောကြားရာတွင်
မြန်မာ့တပ်မတော်တွင် တပ်မတော် (ရေ) ကို (၇၈) နှစ် တာကာလအတွင်း
အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင်
စစ်ရေယာဉ်များကို ကိုယ်တိုင်တည်ဆောက်အသုံးပြုနေနိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊
တပ်မတော်သားတိုင်းအနေဖြင့် ကျန်းမာကြံ့ခိုင်မှုရှိရမည်၊ ရဲစွမ်းသတ္တိနှင့်
တိုက်ရဲခိုက်ရဲသည့်စိတ်ဓာတ်ရှိရမည်၊ မိမိတို့တစ်ဦးချင်းတာဝန်များကို
သက်ဆိုင်ရာပညာရပ်များအလိုက် ကျွမ်းကျင်ပိုင်နိုင်နေရမည်ဖြစ်ကြောင်း၊ “လေ့လာ၊ လေ့ကျင့်၊
လိုက်နာ” ဆိုသည့်မူဝါဒနှင့်အညီ စဉ်ဆက်မပြတ် ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများနှင့်
မျက်ခြည်မပြတ်လေ့လာနေရမည်၊ သင်ယူတတ်မြောက်ပြီးဖြစ်သည့် စစ်အတတ်ပညာများကို
ပိုမိုကျွမ်းကျင်ပိုင်နိုင်အောင် အမြဲလေ့ကျင့်နေရမည်၊ ချမှတ်ထားသည့်
စည်းမျဉ်းစည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ကြောင်း၊
ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံတော်တည်ရှိရမည်၊ မြန်မာနိုင်ငံတော်တည်ရှိနေသရွေ့
မြန်မာ့တပ်မတော်တည်ရှိရမည်၊ မြန်မာ့တပ်မတော်တည်ရှိနေသရွေ့ တပ်မတော် (ရေ) သည်လည်းတည်ရှိရမည်ဖြစ်ကြောင်း၊
တပ်မတော် (ရေ) အနေဖြင့် ရှိပြီးဖြစ်သည့် ကောင်းမွန်သော အစဉ်အလာများကို
စဉ်ဆက်မပြတ်ဆက်လက်ထိန်းသိမ်းလက်ဆင့်ကမ်းကာ တပ်မတော် (ရေ) နှင့် တပ်မတော်၏ဂုဏ်ကို
ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
ဆက်လက်ပြီး
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမှတ် (၃) ရေတပ်ဆိပ်ခံတံတားမှ
ဧရာဝတီရေတပ်စခန်းဌာနချုပ်သို့ စစ်ရေယာဉ် (ရတနာပုံ) ဖြင့် ထွက်ခွာကြသည်။
ထိုသို့သွားရောက်စဉ်
မြစ်အတွင်းရှိ တပ်မတော် (ရေ) စစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များက
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အားလမ်းတစ်လျှောက်
အလေးပြုခဲ့ကြကြောင်း သတင်းရရှိသည်။











No comments:
Post a Comment