ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင်ကျေးရွာအနီးတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကို ယာယီအဆောက်အအုံများ၊ ဆက်စပ်ပစ္စည်းများ၊ ယာဉ်များ၊ လက်နက်များ၊ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ကိုင်သူအချို့တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဒီဇင်ဘာ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်သည် SSPP/SSA လှုပ်ရှားနေသည့် နယ်မြေအတွင်း၌ဖြစ်ပြီး အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းကို SSPP/SSA က အကာအကွယ်ပေးထားသည်ကိုလည်း တွေ့ရှိရသည်။
ပြီးခဲ့သည့်
နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊
တောင်ထိပ်ကျေးရွာ၊ ဒုဋ္ဌဝတီမြစ်အနီး အွန်လိုင်းလိမ်လည်လောင်းကစားမှု
လုပ်ငန်းလုပ်ကိုင်နေကြသူများကို အဆောက်အအုံများ၊ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ
ဖမ်းဆီးရမိခဲ့ရာ ယခုအကြိမ်သည် SSPP/SSA နယ်မြေအတွင်း ဒုတိယအကြိမ်အဖြစ်
ဖမ်းဆီးရမိခြင်းဖြစ်သည်။ ယခုအကြိမ်တွင် သီပေါမြို့နယ်၊ ပန်စင်ကျေးရွာအနီး၌
အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ အခြေပြုလုပ်ကိုင်နေခြင်းနှင့် စပ်လျဉ်း၍
တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိပြည်သူများက
သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာအနီးတစ်ဝိုက်သို့
သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသူများတွင်
အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသူတရုတ်နိုင်ငံသား အမျိုးသား
ငါးဦး၊ မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးတို့နှင့်အတူ SSPP/SSA တပ်ဖွဲ့ဝင် သုံးဦးတို့ကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေရာတွင် အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ကိုင်နေသူ ၂၀၀ ခန့်ရှိပြီး ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားချိန်တွင်
ထွက်ပြေးသွားကြခြင်းဖြစ်သည်ဟုလည်း သိရသည်။
သို့ဖြစ်ရာ
အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများသည် နယ်စပ်မျဉ်းများအနီး
လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့်နယ်မြေများတွင် အခြေခံအဆောက်အအုံ
တိုက်တာကြီးများ ကျကျနနအခိုင်အမာ တည်ဆောက်လုပ်ကိုင်မှုများရှိသကဲ့သို့
နယ်စပ်မျဉ်းနှင့် အလှမ်းကွာသည့်အတွင်းပိုင်းရှိ
လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းများ စိုးမိုးသည့်နယ်မြေများတွင် ယာယီအဆောက်အအုံများ၊
အထောက်အကူပစ္စည်းများ၊ လုံခြုံရေးအစောင့်အရှောက်များနှင့် နယ်မြေအခြေအနေပေါ်မူတည်၍
လုပ်ကိုင်မှုများ ရှိနေသည်ကို တွေ့ရသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ
ပြည်သူများထံမှ ငွေကြေးများကို နည်းအမျိုးမျိုးဖြင့် လိမ်လည်ရယူနေခြင်းကြောင့် တစ်ကမ္ဘာလုံးက
မလိုလားကြသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများမှာ လက်နက်ကိုင်အဖွဲ့အစည်းများ၏
ငွေပင်ငွေရင်း၊ ဝင်ငွေရလမ်းတစ်ခုဖြစ်နေပြီး အပြန်အလှန်အပေးအယူသဘောတူညီမှုများ ပြုလုပ်၍
လက်နက်ကိုင်ကာကွယ်ပေးနေကြသည်ကိုလည်း တွေ့ရသည်။
မိမိတို့နိုင်ငံ၏
ပိုင်နက်နယ်မြေများအတွင်း ဝင်ရောက်လုပ်ကိုင်နေကြသည့် အွန်လိုင်းလိမ်လည်မှုနှင့်
လောင်းကစားမှုလုပ်ငန်းများကြောင့် နိုင်ငံ၏ဂုဏ်သိက္ခာကို ထိခိုက်စေသလို
နိုင်ငံ၏လုံခြုံရေးအတွက်လည်း အန္တရာယ်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတော်သည် အွန်လိုင်းလိမ်လည်မှုနှင့်
လောင်းကစားလုပ်ငန်းများ အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်
သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ မည်သည့်ဒေသတွင် ဖြစ်စေရှိသည့်နေရာတွင်
ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အသိပေးထားသည့်အတိုင်းလည်း
ဆောင်ရွက်လျက်ရှိသည်။
အွန်လိုင်းလိမ်လည်မှုနှင့်
လောင်းကစားမှုလုပ်ငန်းများကို သုတ်သင်ရှင်းလင်းချေမှုန်းရာတွင်
ထွက်ပြေးလွတ်မြောက်သွားသူများမှာ ပြည်ပသို့ထွက်ပြေးသွားသကဲ့သို့
မြန်မာနိုင်ငံထဲသို့လည်း ဝင်လာနိုင်သည်။ နိုင်ငံတော်က မူဝါဒချမှတ်၍ ပြတ်ပြတ်သားသား
နှိမ်နင်းလျက်ရှိစေကာမူ အဆိုပါလုပ်ငန်းများမှာ အလွယ်တကူရွှေ့ပြောင်းလုပ်ကိုင်နိုင်သည့်
သဘောသဘာဝရှိနေသည့်အလျောက် ပြည်သူလူထုကပါ ဝိုင်းဝန်းဆန့်ကျင်
ပါဝင်ချေမှုန်းကြရန်လိုသည်။ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကို
တွေ့ရှိကြားသိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ခြင်း၊ ၎င်းတို့အား ပုန်းကွယ်ရန်
နေရာမပေးဘဲ မသင်္ကာဖွယ်တွေ့ရှိပါက တရားဥပဒေအရ အရေးယူနိုင်ရန် သက်ဆိုင်ရာနှင့်အတူ
ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြရမည်ဖြစ်သည်။
အွန်လိုင်းလိမ်လည်မှုနှင့်
လောင်းကစားမှုလုပ်ငန်းများသည် မိမိတို့တစ်နိုင်ငံတည်းနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ
နိုင်ငံတကာနှင့် သက်ဆိုင်ပြီး ယင်းလုပ်ငန်းများကို ဆန့်ကျင်တိုက်ဖျက်ရာတွင်လည်း
နိုင်ငံတကာပါဝင်မှုဖြင့် ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ အောင်မြင်မှုမှ
ဖြစ်ပေါ်လာမည့်အကျိုးရလဒ်သည်လည်း မိမိတို့နိုင်ငံသူနိုင်ငံသားများသာမက အိမ်နီးချင်းနိုင်ငံများ၊
ဒေသတွင်း နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအထိ တိုးတက်ဖြစ်ထွန်းနိုင်ပါမည့်အကြောင်း။

No comments:
Post a Comment