အဂတိလိုက်စားမှုသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး စနစ်များကိုထိခိုက်စေပြီး အများပြည်သူတို့၏ လူမှုစီးပွားဘဝများကို ပျက်ပြားစေသဖြင့် မြန်မာနိုင်ငံအစိုးရက ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကောင်းမွန်သောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်ရေး၊ ကောင်းမွန် သော လူမှုအသိုက်အဝန်းဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အဂတိလိုက်စားမှုကို
အောက်စဖို့ဒ်အဘိဓာန်တွင် လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ မရိုးဖြောင့်သော သို့မဟုတ် လိမ်လည်လှည့်ဖြားသော
ပြုမူဆောင်ရွက်မှု သို့မဟုတ် ဩဇာအာဏာရှိသူတို့၏ မရိုးဖြောင့်သော သို့မဟုတ် တရားမဝင်သောအပြုအမူဟု
အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အဂတိလိုက်စားမှုကို လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ တံစိုးလက်ဆောင်ပေးခြင်း၊
လက်ခံခြင်း၊ ရယူခြင်းဟုသာ ယေဘုယျဆန်ဆန် နားလည်လက်ခံထားသော်လည်း အမှန်တကယ်တွင် ထို့ထက်ပိုမိုကျယ်ပြန့်သော
အနက်အဓိပ္ပာယ်များကိုဆောင်ပေသည်။ အဂတိလိုက်စားမှုသည် လူမှုကျင့်ဝတ်ကို ဖောက်ဖျက်သော
အကျင့်စာရိတ္တပျက်ပြားသည့် မကောင်းမှုပင်ဖြစ်သည်။
လူမှုကျင့်ဝတ်
ဗုဒ္ဓတရားတော်အရဆိုလျှင်မူ ကမ္မကိလေသတရားလေးပါး၊ အဂတိတရားလေးပါး၊ ဥစ္စာပျက်စီးကြောင်း
ခြောက်ပါး၊ အရပ်မျက်နှာခြောက်ပါးတို့ကို ညွှန်ပြသည့် သိင်္ဂါလောဝါဒသုတ်တွင် ဆန္ဒာဂတိ
- ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုလုပ်ခြင်း၊ ဒေါသာဂတိ
- စိတ်ဆိုးသဖြင့် မလိုက်သင့်သည့်ဘက်လိုက်ခြင်း၊ မပြုလုပ်သင့်သည်ကို ပြုလုပ်ခြင်း၊ မောဟာဂတိ-
ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့်ဘက် လိုက်ခြင်း၊ မပြုလုပ်သင့်သည်ကို
ပြုလုပ်ခြင်း၊ ဘယာဂတိ - ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုလုပ်သင့်သည်ကို
ပြုလုပ်ခြင်းဟူသည့် အဂတိတရားလေးပါး သည် လူမှုအသိုင်းအဝိုင်းတွင် နက်ရှိုင်းစွာ ဖြစ်ပေါ်လေ့ရှိသည်။
ဖော်ပြပါအဂတိတရားလေးပါးကြောင့်
မျက်မှောက်ကာလ လူမှုအသိုက်အဝန်းများတွင် အကျည်းတန် အရုပ်ဆိုးသော စိတ်ပျက်ဖွယ်ရာ၊ အဖြစ်အမျိုးမျိုးနှင့်
ကြုံတွေ့နေသည်ကို တွေ့ရသည်။ အဂတိလေးပါးကို ကင်းရှင်းစွာ နေထိုင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်
ဗုဒ္ဓဟောကြား မင်္ဂလာတရားများနှင့်အညီ ကျင့်ကြံနေထိုင်လုပ်ကိုင်ကြရမည်ဖြစ်သည်။ မိမိစိတ်ကိုဖြူအောင်ထား၍
ချစ်ခြင်း၊ မုန်းခြင်း ကင်းအောင်၊ နည်းပါးအောင် နေထိုင်လုပ်ကိုင်ကြရမည်ဖြစ်သည်။ မကောင်းမှု
ဟူသည့် ထိုအမြစ်ကို မတွယ်မိစေရန် ဖြူစင်သော ကလေးသူငယ် လူငယ်လူရွယ်များဘဝမှ စတင်ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို
မျက်မှောက်ကာလတွင် အလေးထား ဆောင်ရွက်လျက်ရှိသည်။ အဂတိလိုက်စားမှုသည် အချိန်ကာလကြာမြင့်စွာကတည်းက
မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင်ပါ အမြစ်မပြတ်နိုင်သော ရောဂါဆိုးကြီးကဲ့သို့ဖြစ်နေသည်။
အထူးသဖြင့် လုပ်ပိုင်ခွင့်နှင့်အခွင့်အာဏာရှိသောအဖွဲ့အစည်းများတွင် ဖြစ်ပေါ်လေ့ရှိသဖြင့်
နိုင်ငံတော်က စဉ်ဆက်မပြတ် အလေးထားတိုက်ဖျက်လျက်ရှိသည်။ အဂတိလိုက်စားမှုများရှိနေသေးသဖြင့်
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ထိခိုက် အဟန့်အတားဖြစ်စေလျက်ရှိသည်။ နိုင်ငံအကျိုး၊
ပြည်သူ့အကျိုး ထမ်းဆောင်လျက်ရှိသူများအနေဖြင့် အဂတိလိုက်စားမှုများကို သိလျက်နှင့်ဖြစ်စေ၊
မသိ၍ဖြစ်စေ မပြုလုပ်မိစေရန်အတွက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများကို
ကျယ်ကျယ်ပြန့်ပြန့် လေးလေးနက်နက် သိရှိနားလည်ထားရန်လိုအပ်သည်။ နိုင်ငံ့ဝန်ထမ်းများသာမက
ပြည်သူများပါ သိရှိနားလည်ထားရန် လိုအပ်သည်။
မည်သူမဆို ရာထူးတာဝန်ကို
အလွဲသုံးစားပြု၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ တစ်စုံတစ်ရာကိုပြုလုပ်ရန် သို့မဟုတ် ဥပဒေနှင့်အညီပြုလုပ်ခြင်းမှ ရှောင်ကြဉ်စေရန်
သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်ခွင့်မရှိသော အခွင့်အရေးကိုပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ
ရထိုက်သောအခွင့်အရေးကို မမှန်မကန်ပိတ်ပင်ရန်အတွက် တံစိုးလက်ဆောင်ကိုလက်ခံခြင်း၊ ရယူခြင်းနှင့်
ရယူရန်အားထုတ်ခြင်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်မိရန်လိုသည်။
မည်သူမဆို သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း သို့မဟုတ်
အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍
တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက
နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်းဖြစ်သည်။
သို့ဖြစ်ရာ အဂတိလိုက်စားမှုသည်
နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုဘဝအကျိုးစီးပွားများကို ထိခိုက်ပျက်စီးစေသဖြင့်
နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကိုရှေးရှု၍ အဂတိလိုက်စားမှုများကို ရှောင်ကြဉ်ကာ
ဖြောင့်မတ် တည်ကြည်သောအနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် အားလုံးပူးပေါင်းလက်တွဲ ဆောင်ရွက်ကြပါရန်
တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:
Post a Comment