မိုးကေနိုင်
၂၀၂၅ ခုနှစ်အကုန်၊ ၂၀၂၆ ခုနှစ်ဆန်း ကာလအပိုင်းအခြားတစ်ခုကားနိုင်ငံအတွက် အလွန်အရေးကြီးသော ကာလတစ်ခု၊ ပြည်သူများအတွက် မလွဲမသွေဖြတ်ကျော်ရမည့် အချိုးအကွေ့တစ်ခုဖြစ်နေသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို အပိုင်းသုံးပိုင်းဖြင့်ကျင်းပမည်ဖြစ်ရာ ပြည်သူများကလည်း နိုင်ငံသားတာဝန်ကျေပွန်စွာ မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်များ၊ ပါတီများကို မဲပေးရွေးချယ်ကြတော့မည်ဖြစ်ပါသည်။
လွှတ်တော် ကိုယ်စားလှယ်လောင်းများကလည်း မဲပေးရွေးချယ်ခံရသည့်အခါ လွှတ်တော်တာဝန်၊ နိုင်ငံတာဝန်ကိုထမ်းရွက်ရန် အသင့်ဖြစ်နေကြမည်ဟု ယုံကြည်ပါသည်။ နိုင်ငံတော်ဘက်က လက်ရှိအနေအထားတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာရေး၊ သိက္ခာရှိရှိနည်းလမ်းစနစ်တကျ မှန်မှန်ကန်ကန်ဖြင့် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး၊ လွတ်လပ်မှုနှင့်တရားမျှတမှုကိုအခြေခံ၍ ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်ညီသော ရွေးကောက်ပွဲများဖြစ်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။
မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်ရေး၊ မဲပေးခွင့်မဆုံးရှုံးစေရေး အရေးကြီးသည့်အတွက်လည်း မလစ်ဟင်းရအောင် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ထိုမှတစ်ဆင့် ရွေးကောက်ပွဲမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ပေးလိုက်သော အစိုးရအဖွဲ့သို့ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးအပ်ရန် တာဝန်ကရှိနေသည်။ ထို့အတွက် အမျိုးသားရေးတာဝန်တစ်ရပ်နှယ် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ပါ သည်။
လွတ်လပ်ရေးနေ့ ဦးတည်ချက်များကို ထင်ဟပ်၍
ဤနေရာတွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် ရှိလာပြီဖြစ်သော လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဦးတည်ချက်များနှင့်တကွ တတိယအကြိမ် လွှတ်တော်များအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ၊ ရွေးကောက်ပွဲမှ အနိုင်ရလာမည့် ကိုယ်စားလှယ်များ၊ ထိုကိုယ်စားလှယ်များကရွေးချယ်မည့် အစိုးရနှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်များသည် မည်မျှအရေးကြီးကြောင်း သိရှိထားရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ယခုနှစ် လွတ်လပ်ရေးနေ့ဦးတည်ချက်(၄)ရပ်ကို ထင်ဟပ်ပြီး ပြည်သူတစ်ယောက်အနေဖြင့် မြင်ချင်၊ ဖြစ်ချင်သည်များ၊ တွေးစရာများနှင့် လိုလားချက်များအစီအရီ ထွက်ပေါ်လာပါသည်။
မည်သည့်ကဏ္ဍများပါဝင်သော ဦးတည်ချက်များဖြစ်ပါသလဲ။ အစဉ်အဆက် အမျိုးသားရေးရည်မှန်းချက်နှင့် အမျိုးသားရေးတာဝန်ဖြစ်သည့် အရေးသုံးပါးသည် လုံးဝသတိပေါ့၊ မေ့လျော့၍ မရသော တာဝန်များပါပဲ။ အရေးကြီးပါသည်။ တစ်ဆက်တည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးတာဝန်၊ စစ်မှန်စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်၏ အနှစ်သာရ၊ ထို့နောက်မှာမှ နိုင်ငံ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်သော အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များနှင့်တကွ အခြားစီးပွားရေးကဏ္ဍများကို အကောင်အထည်ဖော်ရန်ဦးတည်ချက်များသည် ထွက်ပေါ်လာမည့် Institution အဆောက်အအုံသစ်များ၌ တာဝန်ခံထမ်းရွက်ရမည့် လုပ်ငန်းများဖြစ်ပါသည်။
အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ပိုင်းနှင့်ထပ်တူ ထိုထိုတာဝန်များ ထိထိရောက်ရောက်ထမ်းရွက်နိုင်ရေး စောင့်ကြည့်တွန်းအားပေးမည့် နိုင်ငံသားများသည်လည်း ကိုယ့် အထာနှင့် ကိုယ့်တာဝန် ကိုယ်စီကျေပွန်ရန်အတွက် အသီးသီးသော တာဝန်များ Shared responsibility ရှိနေကြရမည်ကို သတိပြုရမည် ဖြစ်ပါသည်။
နိုင်ငံသားများ၏တာဝန်
ဦးစွာ နိုင်ငံသားများ၏တာဝန်ဖြစ်သည်၊၊ ဒီမိုကရေစီကိုလိုချင်လျှင် နိုင်ငံသားတိုင်း မဖြစ်မနေရွေးကောက်ပွဲကို ကြုံတွေ့ဖြတ်သန်းရမည်သာ။ သို့ဖြစ်၍ နိုင်ငံသားများ၏ နိုင်ငံရေးရေချိန်၊ ရင့်ကျက် မှုနှင့် ခံနိုင်ရည်ရှိမှု၊ ပညာတန်ဖိုးကို သိမြင်မှုအတိုင်းအတာသည် ပဓာနကျလှသည်။ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ပိုင်းခြား ဝေဖန်စိစစ်နိုင်စွမ်း (Rational thinking)ရှိပြီး နိုင်ငံနှင့် ပြည်သူအကျိုး စဉ်ဆက်မပြတ်ထမ်းရွက်နိုင် မည့် ကိုယ်စားလှယ်များကို လွှတ်တော်ထဲအထိ၊ အစိုးရအဖွဲ့ဝင်ဖြစ်သည်အထိ လူမှန်၊ နေရာအမှန်မှာ အမှန်တကယ် အလုပ်လုပ်မည့်သူများကို ရွေးချယ်ပို့ဆောင်နိုင်စွမ်းရှိရပါမည်။
ထူးချွန်ထက်မြက်ပြီး စေတနာပါမည့်သူလား၊ အစကောင်းသလို အနှောင်းသေချာမည့်သူလား၊ ဖြစ်သင့်သည်ကိုဖြစ်ရမည်။ ရွေးကောက်ပွဲတစ်ခုသည် ကိုယ်စားလှယ်၊ အစိုးရတစ်ရပ်၏ အရည်အသွေးကို တိုင်းတာရန် ပေတံတစ်ခုဖြစ်သလို နိုင်ငံသားတို့၏ တာဝန်ရှိမှုနှင့် အရည်အချင်းကိုဖော်ထုတ်နိုင်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သည်ဆိုလျှင်လည်းမမှားပါ။
မည်သည့်အတွက်ကြောင့် အခွင့်အလမ်းကောင်းဟု ဆိုရပါသလဲ။ တာဝန်ကျရာ လွှတ်တော်များတွင် ဥပဒေပြုရမည့်တာဝန်၊ အပြန်အလှန်စောင့်ကြည့်ထိန်းညှိရမည့်တာဝန်နှင့် မိမိတို့မဲဆန္ဒရှင်များကို ကိုယ်စားပြုပေးရမည့် တာဝန်များသည် လွှတ်တော်ကိုယ်စားလှယ်များ၏ အဓိကတာဝန်များ ဖြစ်နေသောကြောင့်ဆိုသည်ကို နားလည်ထားရန် လိုအပ်သည့်အတွက်ဖြစ်ပါသည်။
ကိုယ်စားလှယ်များ၏ အဓိကတာဝန်
အရည်အချင်းပြည့်ဝသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်များကား အလွန်အရေးကြီးသည်ဟု ဆိုရပါမည်။ နိုင်ငံရေးကဏ္ဍသစ်တစ်ခုတွင် ဦးဆောင်ဦးရွက်ပြုနေသူများအဖြစ်မှတ်ယူပြီး မိမိတို့၏ မူဝါဒ၊ ကတိကဝတ်နှင့် နိုင်ငံသားများ၏လိုလားချက်၊ တောင်းဆိုချက်များကို မေ့မသွားသင့်ပါ။ ယခုအချိန်၌ မိမိ၏ခံယူချက်များကို မဲဆန္ဒရှင်ပြည်သူများက ယုံကြည်လက်ခံလာအောင် ဖော်ထုတ်ထားပြီးဖြစ်၍ ဆောင်ရွက်မည့် Action plan များလည်းရှိထားမည်ဟု ယုံကြည်ပါသည်။ နိုင်ငံအတွက်၊ ဤမြို့၊ ဤရွာ၊ ဤဒေသအတွက် ပြည်သူများ၏အသံကို နားထောင်ခွင့်၊ တင်ပြခွင့်၊ ဆွေးနွေးခွင့်ရသည့် ကိုယ်စားလှယ်များအဖြစ် အမှုထမ်းခွင့်ရသည်မှာ မည်မျှဂုဏ်ယူစရာ ကောင်းလိုက်ပါသလဲ၊၊ ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအဖြစ် မိမိကိုပြည်သူက ရွေးချယ်လိုက်ခြင်းသည် ပြည်သူ့ကိုယ်စား ပြည်သူ့လိုအပ်ချက်ကို ဖော်ဆောင်ပေးရန်အတွက် သတ်မှတ်ပေးလိုက်ခြင်းပင် ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်ဖြစ်လာလျှင်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်တစ်ခုတိုးလာခြင်း ဟူ၍သာ ခံယူရန်ပင်ဖြစ်ပါသည်။
လွှတ်တော်များ၏ ဥပဒေပြုရေးအခန်းကဏ္ဍသည် စက်ဝန်းတစ်ခုနှယ် ကျယ်ဝန်းပါသည်။ ဥပဒေကြမ်းများအပေါ်ပြင်ဆင်ရန် စိစစ်၊ စဉ်းစား၊ သုံးသပ်၊ ဆွေးနွေး၊ ကြားနာ၊ အတည်ပြု၊ ပြဋ္ဌာန်းရခြင်းများ ပါဝင်သည်။ မဏ္ဍိုင်များအကြား အပြန်အလှန်စောင့်ကြည့်ထိန်းညှိခြင်းကို မေးခွန်းများမေးခြင်း၊ အဆိုတင်သွင်းခြင်းများဖြင့် ဆောင်ရွက်ကြရသည်။ သက်ဆိုင်ရာပုဂ္ဂိုလ် အဖွဲ့အစည်းများစွာနှင့် သိမ်မွေ့စွာထိတွေ့ဆက်ဆံညှိနှိုင်းကြရသည်။ ထိုသို့ ဆောင်ရွက်ရာမှာ ကိုယ်စားလှယ်များအနေဖြင့် အခြေအနေနှင့် အချိန်အခါပေးသည့်အပေါ်မူတည်၍ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆွေးနွေးကြစေချင်သည်။ Secret voting ၌ လက်ကလေးနှိပ်ရုံ တာဝန်ကျေရုံမျှဖြင့်မပြီး၊ လေ့လာမှုအားကောင်းကောင်းဖြင့် နယ်ပယ်စုံတွင် ထိထိရောက်ရောက် ထောက်ပြ ဆွေးနွေးကြစေချင်ပါသည်။
အမျိုးသားအကျိုးစီးပွား ပဓာန
ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များသည် မိမိမဲဆန္ဒနယ်ရှိ ပြည်သူလူထုကိုလည်း ကိုယ်စားပြုရသည်။ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် မိမိကိုထောက်ခံသူရော မထောက်ခံသူကိုပါ ကိုယ်စားပြု ရခြင်းဖြစ်သည်။ အများစုဆန္ဒကို ကိုယ်စားပြုသလို အနည်းစုဆန္ဒကိုလည်းလေးစားရသည်။ မိမိကိုမထောက်ခံသူများ၏ လိုလားချက်များကိုလည်း စဉ်းစားပေးရမည်ဖြစ်သည်။ မိမိမဲဆန္ဒနယ်ကို ကိုယ်စားပြုရင်းဖြင့် တစ်နိုင်ငံလုံးအကျိုးစီးပွားကိုလည်း မျက်ခြည်မပြတ်သင့်ပါ။ တစ်နည်းအားဖြင့် မျိုးချစ်စိတ်အပေါ် အခြေခံသည့် အမျိုးသားအကျိုး စီးပွား (National interest) အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ရမည်ဖြစ်သည်။ ယခုနှစ် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဦးတည်ချက်(၄)ရပ်သည်ပင် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်နေသည်ကို သတိပြုရမည်ဖြစ်ပါသည်။
နိုင်ငံရေးအတွေးအခေါ်များနှင့်အတူ ကမ္ဘာ့ပထဝီနိုင်ငံရေး၊ စီးပွားရေးအသိအမြင်များ၊ ပထဝီစီးပွားရေးအခြေအနေများကို အစဉ်မပြတ်လေ့လာသုံးသပ်ပြီး မိမိနိုင်ငံအမျိုးသား အကျိုးစီးပွားအရေး၊ အမျိုးသားအရေးကို ဘယ်လိုအထောက်အကူပြုပေးကြမလဲ၊ အမျိုးသားအကျိုးစီးပွားပျက်ပြားရာ အချက်အလက်များ တွေ့မြင်ကြားသိရလျှင် ဘယ်လို ဖော်ထုတ်ကာကွယ်တားဆီးကြမလဲ အမြဲတမ်းအသင့်ရှိနေရမည်ဖြစ်သည်။ သို့မှသာ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးပြု ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်များ(Statesmen) ဖြစ်နိုင်ပါမည်။
ပြည်သူများ၏ မျှော်လင့်ချက်
လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် အာဏာထက် သိက္ခာ၊ နေရာထက်စေတနာ၊ ပါတီရေးထက် နိုင်ငံအရေးက ပိုအရေးကြီးသည်ဆိုသည့် ခံယူချက်မျိုးထားရှိခြင်းသည် ပြည်သူ့ကိုယ်စားလှယ်ဘဝကို ထဲထဲဝင်ဝင် ခံယူလိုက်ခြင်း မည်ပါသည်။ မိမိတို့၏ နေထိုင်ပြောဆိုပုံမှအစ စည်းကမ်းအရာ၊ ဥပဒေကို လေးစားလိုက်နာရာတွင် လူငယ်များအတွက် စံပြ(Role model)ပမာ ဖြစ်ရပါမည်။ မိမိတို့၏ အမူအကျင့်ကောင်းများကြောင့် လူငယ်များ လိုက်ပါပြောင်းလဲပြီး မျိုးဆက်အလိုက် ဘဝများ တိုးတက်သွားခြင်းမျိုး မိဘပြည်သူများက မြင်ချင်ကြမှာပါ။ သို့မှသာ ပြည်သူ၏ယုံကြည်မှုကိုရရှိပြီး ပါတီနှင့်ရွေးချယ်ခံကိုယ်စားလှယ်များအပေါ် သံသယဖြစ်စရာ၊ အထင်သေးစရာအကြောင်းများ ကို ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။
အနာဂတ်ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးကို မဆန့်ကျင်၊ အမျိုးသားစည်းလုံးညီညွတ်ရေး ကို တည်ဆောက်နိုင်စွမ်းရှိမည်ဟု ယုံကြည်ထားပါသည်။ ခေတ်အဆက်ဆက် မခိုင်မြဲခဲ့သည့် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးအတွက် ပြည်သူလူထုလိုချင်သည့် အာမခံချက်တစ်ခုကို ယခုအခင်းအကျင်းမှ ဖော်ဆောင်နိုင်မလားဟု များစွာမျှော်လင့်လျက်ရှိပါသည်။ “ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှုဟူသည် ငြိမ်းချမ်း ရေးနှင့်ဆက်စပ်နေသည်”ဆိုသည့် သဘောတရားကို လက်ခံနိုင်လျှင် စည်းလုံးညီညွတ်ရေးကို မဖော်ဆောင် နိုင်စရာအကြောင်းမရှိဟု မြင်ပါသည်။
အတိတ်ရွေးကောက်ပွဲကာလ အဖြစ်အပျက်များကို သင်ခန်းစာယူပြီး နောက်ဆက်တွဲဆိုးကျိုးများကို ဖန်တီးမည့်ကိုယ်စားလှယ်မျိုးများ မဖြစ်ရန်လည်းမျှော်လင့်ထားသည်။ နိုင်ငံနှင့် ပြည်သူကို ကိုယ်စားပြုနေသူများဖြစ်၍ နိုင်ငံတော်ကိုဆန့်ကျင်သည့် အဆိုးမြင်များကို ပယ်ဖျောက်နိုင်စွမ်းရှိရပါမည်။ တော်လှန်ရေးဆိုသည့် စကားလုံးများနေရာတွင် ပြုပြင်ပြောင်းလဲရေးဆိုသည့် စကားလုံးများဖြင့် အစားထိုး၊ အဖျက်သဘောကို အပြုသဘောများဖြင့် ဖျောက်ဖျက်နိုင်စွမ်းရှိရပါမည်။ ရွေးချယ်ခံတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ၏အမြင်၊ စကားသံများမှတစ်ဆင့် လူမျိုးကြီးဝါဒ၊ တိုင်းရင်းသားများကိုဖိနှိပ်၊ ချိုးနှိမ်ဆိုသော မဟုတ်မမှန်၊ အမနာပပြောဆိုမှုများလည်း အနာဂတ်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားနိုင်မည်ဟု မျှော်လင့်မိပါသည်။
အချုပ်အားဖြင့် ဘာပဲလုပ်လုပ် စေတနာနှင့် အရည်အချင်းကို အဓိကထားလျှင် အောင်မြင်သည်သာဖြစ်သည်။ ထိုစေတနာနှင့် အရည်အချင်းကို အခြေခံသောစွမ်းဆောင်ရည်များဖြင့်သာ ရွေးကောက်ပွဲများသည် စစ်မှန်ကြောင်း၊ တရားမျှတမှုရှိကြောင်းကို သက်သေပြနိုင်မည်ဖြစ်၍ ကျွန်တော်တို့အားလုံး တက်ညီလက်ညီကြိုးစားပြသရန် လိုနေပါသည်။ ထို့ကြောင့် ပြည်သူများက ရွေးကောက်ပွဲအနိုင်ရပါတီမှ ဦးဆောင်ဖြစ်ပေါ်လာမည့် ခံယူချက်မှန်ပြီး အရည်အချင်းရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်အသစ်နှင့် အစိုးရသစ်ကိုများစွာ မျှော်လင့်ချက်ထားနေခြင်း ဖြစ်ပါသည်။ ရွေးကောက်ပွဲနှင့်တကွ ရွေးကောက်ပွဲအလွန်ကာလ အကူးအပြောင်းနှင့် စစ်မှန်သောအသစ်အသစ်များကို အလွန်စိတ်ဝင်စားနေကြပါသည်။ ထို့ကြောင့် လွှတ်တော်များကို အသက်ဝင်အောင်လုပ်ကြရတော့မည်။ ဖွံ့ဖြိုးရေးအမြင် (Development thinking) ဖြင့် နိုင်ငံတည်ဆောက်ရေးကို အရှိန်အဟုန်ဖြင့် တွန်းတင်ကြရပါတော့မည် ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment