နေပြည်တော် ဒီဇင်ဘာ ၂၃
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများက ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် မိတ်သဟာယမိတ်ဆုံ စားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ
ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်
ဇနီးများ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊
ရန်ကုန်မြို့တော်ဝန်၊ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံ
ကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ
ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ
ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်
ဧည့်သည်တော်များ၊ မြန်မာနိုင်ငံရှိခရစ်ယာန် ဘာသာဝင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့်
ခရစ်ယာန်ဘာသာဝင် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊အဖွဲ့ဝင်များသည်
စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊
ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ကြိုဆိုနှုတ်ဆက်ပြီး ခရစ်ယာန်လူငယ်လေးများက
ခရစ်ယာန်ဓမ္မတေးသီချင်းများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေပြီး ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီးနှင့် ဂိုဏ်းချုပ်ဆရာတော်ကြီး
ကာဒီနယ်ချားလ်စ်ဘိုတို့သည် သီဆိုတီးမှုတ်ကပြဖျော်ဖြေခဲ့ကြသည့် ခရစ်ယာန်လူငယ်လေးများနှင့်အတူ
မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည်
စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီးအတွင်းရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
မြန်မာနိုင်ငံသို့ လာရောက်စဉ် အသုံးပြုခဲ့သည့် လှည့်လည်ယာဉ်များကို ကြည့်ရှုပြီး ပုပ်ရဟန်း
မင်းကြီးဖရန်စစ် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ဆောင်ရွက်ခဲ့မှုမှတ်တမ်းဗီဒီယိုနှင့်
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး
ကာဒီနယ်ချားလ်စ်ဘိုတို့၏ ခရစ္စမတ် ဆုတောင်းပွဲများနှင့် မိတ်သဟာယပွဲတော်များ ကျင်းပပြုလုပ်ခဲ့မှု
မှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်ဇနီး၊ အဖွဲ့ဝင်များသည်
အခမ်းအနားဒုတိယပိုင်း ကျင်းပမည့် ဘုရားကျောင်းတော်အတွင်းသို့ ရောက်ရှိကြရာ မြန်မာနိုင်ငံခရစ်ယာန်ကောင်စီမှ
ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံကက်သလစ်သာသနာမှ ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာ
မိတ်အဖွဲ့ချုပ်မှဆရာတော်ကြီးများ၊ မြန်မာနိုင်ငံခရစ်တော်သာသနာပြန့်ပွားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်မှ
ဆရာတော်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုနှတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားကို
စတင်ကျင်းပပြုလုပ်ရာ ခရစ်တော်ကိုမျှော်လင့်သော သတ္တမနေ့အသင်းတော် မြန်မာနိုင်ငံသာသနာအဖွဲ့ချုပ်
သိက္ခာတော်ရ ဆရာဦးဖိုးဖိုးလှက အဖွင့်ဆုတောင်းစကားပြောကြားသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်ဇနီး နှင့်အခမ်းအနားတက်ရောက်လာကြသူများသည်
ဓမ္မတေးသီချင်းကျူးဧချင်း “အိုသာယာသော မြန်မာ ပြည်တော်ကျူး” ဓမ္မသီချင်းအား ဆုပေါင်းသီဆိုကြသည်။
ထို့နောက် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ
သာသနာပိုင်ချုပ်ကြီး စတီဗင် သန်းမြင့်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ၎င်းနောက်
တေးသံရှင် ပန်းရောင်ခြယ် က ဂုဏ်တော်ချီးမွမ်းခြင်းသီချင်းအား သီဆိုသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင်
ရာသီသဘာဝနှင့် အခါသမယတို့ပေါင်းစုံချိန်တွင် ယခုကဲ့သို့ကျရောက်လာသည့် ခရစ္စမတ်ပွဲတော်နှင့်အတူ
ခရစ်ယာန်ဘာသာဝင်များ၊ နိုင်ငံသူနိုင်ငံသားများနှင့် ကမ္ဘာသူကမ္ဘာသားအားလုံး ဘာသာတရား၏
မေတ္တာရိပ်အောက်တွင် ချစ်ခြင်းမေတ္တာများနှင့် ငြိမ်းချမ်းသာယာခြင်း ရှိကြပါစေရန် ဆုမွန်ကောင်းဖြင့်
ဆုတောင်းမေတ္တာပို့သအပ်ပါကြောင်း၊ ခရစ္စမတ်ပွဲတော်သည် လူသားများကြားတွင် ချစ်ခြင်းမေတ္တာတရားများကို
လွှမ်းခြုံစေသည့်အပြင် ခရစ်ယာန်ဘာသာဝင်များ၏ မွန်မြတ်သည့်အနှစ်သာရတစ်ခုကို ထင်ဟပ် ပြသခြင်းလည်းဖြစ်သည်ကို
ပြောကြားလိုကြောင်း။
ယနေ့လူသားအားလုံး
ခိုလှုံရာကမ္ဘာကြီးတွင် ကိုးကွယ်မှုဘာသာများစွာရှိပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊
အစ္စလာမ်ဘာသာဆိုသည့် အဓိကဘာသာကြီး ၄ မျိုးအဖြစ် သတ်မှတ်ထားသည်ကို အားလုံးသိရှိကြပြီးဖြစ်ကြောင်း၊
ဘာသာတရားဆိုသည်မှာ အဆုံးအမတစ်ခုဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားနှင့် ကိုယ်ချင်းစာတရားများကို
အခြေခံစည်းမျဉ်းများသဖွယ် တွေ့မြင်ကြရမည်လည်းဖြစ်ကြောင်း၊ ကိုးကွယ်ရာဘာသာအလိုက် ချစ်ခြင်းမေတ္တာ၊
ကရုဏာတရားများ၏ လမ်းညွှန်ပြသမှုများကသာ လူသားများအတွက် ငြိမ်းချမ်းသာယာခြင်းများကို
ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်ကို လေးလေးနက်နက် ယုံကြည်မိကြောင်း။
လူမှုအဖွဲ့အစည်းတစ်ခုမှစတင်ပြီး
လူမှုအသိုက်အဝန်းကြီးတစ်ခုလုံး ငြိမ်းချမ်း သာယာမှသာလူသားများရှင်သန်ရပ်တည်ရာ ကမ္ဘာကြီးကလည်း
ငြိမ်းချမ်းသာယာမည် ဖြစ်ကြောင်း၊ လူသားတစ်ဦးနှင့် တစ်ဦးကြားတွင် စွန်းထင်းနေသည့် အမုန်းတရားများ၊
အငြိုးအာဃာတ တရားများသည် လူ့အသိုက်အဝန်းကြားတွင် နိုင်လိုမင်းထက်မှုများ၊ သတ်ဖြတ်ညှင်းဆဲမှုများစသည့်
ဒုစရိုက်တရားများကိုသာ ဆင့်ကဲဖြစ်ပေါ်စေကြောင်း၊ ဘာသာတရားများ၏ အဆုံးအမများဖြစ်သည့်
ချစ်ခြင်းမေတ္တာ၊ ကရုဏာတော်များကသာလျှင် ဒုစရိုက်တရားများကို ပယ်ဖျက်နိုင်မည်ဖြစ်ပြီး
လွှမ်းခြုံလာသည့် ချစ်ခြင်းမေတ္တာများနှင့် အေးချမ်းသာယာသည့် ကမ္ဘာကြီးအဖြစ် ဖန်တီးနိုင်မည်ဖြစ်သည်ကို
ပြောကြားလိုကြောင်း။
နိုင်ငံတော်အတွင်း
ကိုးကွယ်ခွင့်ဆိုင်ရာနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၃၄
တွင် “ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊
ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း
မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လပ်စွာ ယူဆနိုင်သော အခွင့်အရေး၊
လွတ်လပ်စွာ ကိုးကွယ်ဆောက်တည် နိုင်သောအခွင့်အရေးတို့ကိုအညီအမျှ ရရှိစေရမည်” ဟု အတိအလင်း
ပြဋ္ဌာန်းထားပြီးဖြစ်သည့်အတွက် မည်သည့်ဘာသာကို မဆိုလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ပေးထားပြီးဖြစ်သည်ကို
ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံတွင်
ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဝင်များနှင့် အခြားသောဘာသာဝင်များသည်
ရှေးနှစ်ပေါင်းမြောက်မြားစွာကတည်းက ယှဉ်တွဲမှီတင်းနေထိုင်လာခဲ့ကြခြင်းပင်ဖြစ်ကြောင်း၊
မည်သို့ပင် ကိုးကွယ်ရာကွဲပြားပါစေ ဘာသာဝင်အချင်းချင်းကြားတွင် ထိပါးစော်ကားခြင်း၊ ခွဲခြားဆက်ဆံခြင်း၊
ထိခိုက်နစ်နာစေလိုခြင်း အလျဉ်းမရှိဘဲ အပြန်အလှန်လေးစားမှုတရားများကို မဏ္ဍိုင်ပြုကာ
ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် ဆွေမျိုးရင်းချာစိတ်ထားပြီး နိုင်ငံတော်၏ကောင်းရာကောင်းကျိုးအတွက်
ဆောင်ရွက်ခဲ့ကြသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။
ရင်းနှီးနွေးထွေးသည့်
ဘာသာဝင်များကြားမှ အဆိုပါအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန် လိုအပ်ပြီး
စည်းလုံးညီညွတ်မှုပြိုကွဲအောင်၊ လေးစားယုံ ကြည်မှုလျော့ပါးအောင်လုပ်ဆောင်လာသည့် မည်သည့်သွေးထိုးနှောင့်ယှက်မှုမျိုးကိုမဆို
မိသားစုစိတ်ရင်းဖြင့်လက်တွဲပူးပေါင်းကာကွယ်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ဘာသာတရားတိုင်းတွင်
အကျင့်တရား၊ စောင့်ထိန်းအပ်သောတရားဆိုသည့် ဘုံတူညီမှုများကို တွေ့ရှိရပြီး အဆိုပါအကျင့်တရားများသည်
စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုကို အဓိကအခြေခံထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ
ဖြူစင်သန့်ရှင်းမှုများသည် လူသားများအတွက် ရုပ်ပိုင်းဆိုင်ရာငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုများကို
အင်အားကြီးမားစွာ အထောက်အပံ့ပေးနိုင်ပြီး လူမှုအသိုက်အဝန်းတစ်ခုလုံးကို စည်ပင်သာယာဝပြောအောင်
ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်သဖြင့် ဘာသာတရားသည် မွန်မြတ်သောအဆုံးအမအဖြစ် ခိုင်ခိုင်မာမာယုံကြည်သည်ကို
ပြောကြားလိုကြောင်း။
ထိုသို့ ဘာသာတရားများအပေါ်အခြေခံပြီး
ဖြစ်တည်လာသည့် ငြိမ်းချမ်းခြင်းတရားများကို ကိုယ်စီလက်ကိုင်ထားကာ တည်ငြိမ်အေးချမ်းပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေးနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး
လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာလျှောက်လှမ်းသွားနိုင်ရေး
ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
ယနေ့ကဲ့သို့ အခါသမယကောင်းဖြစ်သည့်
ခရစ္စမတ်ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားတွင် ဦးဆောင်ကျင်းပပေးကြသည့် ခရစ်ယာန်ဘာသာဝင်ဆရာတော်ကြီးများနှင့်
ဘာသာဝင်များ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ နိုင်ငံသူ နိုင်ငံသားများ၊ ကမ္ဘာတစ်ဝန်းတွင်
နေထိုင်ကြသည့် ခရစ်ယာန်ဘာသာဝင်များအားလုံး မွေးနေ့တော်မှစ၍ ငြိမ်းချမ်းခြင်းအနှစ်သာရများကို
ကိုယ်စီပိုင်ဆိုင်ပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆန္ဒမွန်ဖြင့် ဆုတောင်းလိုက်ပါကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်ဥက္ကဋ္ဌ
သိက္ခာတော်ရဆရာ ဒေါက်တာဦးအေးမင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အတွက်အထူးဆုတောင်းစကားပြောကြားပြီး
မက်သဒစ်အသင်းတော် (အောက်မြန်မာပြည်) မက်သဒစ်အင်္ဂလိပ်အသင်းတော် သံစုံတီးဝိုင်းအဖွဲ့က
ခရစ္စမတ်သံစုံဓမ္မတေးသီချင်းအား သီဆိုတီးမှုတ်ကြသည်။
ထို့နောက် မြန်မာနိုင်ငံခရစ်ယာန်သာသနာပြန့်ပွားမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ
သိက္ခာတော်ရဆရာ ဒေါက်တာမျိုးမြင့်ဦး ဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက မွေးနေ့တော်ပွဲ
အတုံ့အပြန်ဖတ်ကြားခြင်းကိုလည်းကောင်း၊ Sister ရူဖီး က သမ္မာကျမ်းစာဖတ်ကြားခြင်းကိုလည်းကောင်း၊
ခရစ္စမတ်ဓမ္မဒေသနာချီးမြှင့်ဟောကြားခြင်းကို ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုကလည်းကောင်း
အသီးသီးဆောင်ရွက်ကြသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့ထံ ဂိုဏ်းချုပ်ဆရာတော်ကြီး
ကာဒီနယ်ချားလ်စ်ဘို၊ သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦးနှင့် သိက္ခာတော်ရဆရာ ဒေါက်တာ
အေးမင်း တို့ကခရစ္စမတ် အမှတ်တရမေတ္တာလက်ဆောင်၊ ခရစ္စမတ်ဆုတောင်းလွှာနှင့် ကျောက်စီပန်းချီကားကိုပေးအပ်ရာ
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့်
ဇနီးတို့က ခရစ္စမတ် အထိမ်းအမှတ်လက်ဆောင်များကို ပြန်လည်ပေးအပ်သည်။
ထို့နောက် သိက္ခာတော်ရဆရာ
မန်းပါမာစတန်က ကျေးဇူးတင်စကားပြောကြား ပြီး သိက္ခာတော်ရ ဒေါက်တာ မောရစ်လျန်နာက ခရစ္စမတ်အခါသမယ
မိတ်သဟာယ မိတ်ဆုံစားပွဲဖြစ်မြောက်ရေးနှင့် ပါဝင်ပေးခဲ့သူများအားလုံးအတွက် ကျေးဇူးတော်ချီးမွှမ်းခြင်း
ကို ဆောင်ရွက်သည်။
ယင်းနောက် “တိတ်ဆိတ်ည
သန့်ရှင်းည” ဓမ္မသီချင်းကို ပရိတ်သတ်များက သံပြိုင် သီဆိုကြသည်။ ထို့နောက် ဂိုဏ်းချုပ်ဆရာတော်ကြီး
ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် ကောင်းချီးဆုမွန်စကားပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ်အခါသမယတွင်
ခရစ်ယာန်ဘာသာဝင်များသာမက ကမ္ဘာပေါ်ရှိ လူသားအားလုံး ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာတို့ဖြင့်
ပြည့်စုံပါစေကြောင်း၊ နှစ်သစ်အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာဝပြောပါစေကြောင်း၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်
ဇနီး မိသားစု၊ မြန်မာပြည်သူပြည်သားအားလုံး ကောင်းချီးမင်္ဂလာများ ရရှိပါစေကြောင်းဖြင့်
ဆုမွန်စကားပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများအား
ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များ၊
တက်ရောက်လာကြသည့် ဧည့်ပရိသတ်များသည် မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများမှ
တည်ခင်းဧည့်ခံသည့် မိတ်သဟာယ မိတ်ဆုံစားပွဲကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။













No comments:
Post a Comment