နေပြည်တော် နိုဝင်ဘာ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ တတိယအကြိမ် မြန်မာ-ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန် နိုဝင်ဘာလ ၁၀ ရက်တွင် ရန်ကုန်မြို့ သို့ ရောက်ရှိနေသော ရုရှားရေတပ် Pacific Fleet မှ စစ်ရေယာဉ် ၃ စီးတို့သည် ပင်လယ်ပြင်၌ လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် အတူ နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ လေ့ကျင့်ခန်းဧရိယာသို့ထွက်ခွာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kilashko မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
ချစ်ကြည်ရေးခရီးရောက်ရှိနေသည့်
ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich
Kiiashko ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းတွင် တပ်မတော်(ရေ)မှ
စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် အဖွဲ့ဝင်များအား ဧရာဝတီရေတပ်စခန်းဌာနချုပ်၊
အရာရှိရိပ်သာ၌ လာရောက်တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်နှစ်ရပ်အကြား
အပြန်အလှန်ဆက်ဆံမှုကိစ္စရပ်များ၊ စစ်ရေယာဉ်များ ချစ်ကြည်ရေးခရီး အပြန်အလှန်လည်ပတ်မှုဆိုင်ရာကိစ္စရပ်များ၊
ရေကြောင်းလုံခြုံရေးသတင်းအချက် အလက်ဖလှယ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များကို
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြပြီး ဆွေးနွေးပွဲအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
ထို့ပြင် တတိယအကြိမ်
မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဖွင့်ပွဲအခမ်း အနားကို နိုဝင်ဘာ
၁၂ ရက် နံနက်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ သီရိမဟာဇေယျကျော်ထင် ခန်းမ၌ကျင်းပပြုလုပ်ရာ
တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ)နှင့် အရာရှိ၊ စစ်သည်များ၊ ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ်နှင့်
အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး၊ လေ့လာသူများအဖြစ် ဖိတ်ကြားထားသည့်
တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊
ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာစစ်သံမှူးများ တက်ရောက်ကြပြီးဖွင့်ပွဲအခမ်းအနားအပြီးတွင်
အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။
အဆိုပါ စစ်ရေယာဉ်များ
ရန်ကုန်မြို့သို့ရောက်ရှိနေစဉ်အတွင်း ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊
ဘတ်စကတ်ဘောပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်း
ရွှေတိဂုံဘုရားသို့သွားရောက်ဖူးမြော်ခြင်း၊ ဗိုလ်ချုပ်ဈေးနှင့်Junction City သို့သွားရောက်လည်ပတ်
ခြင်း၊ နှစ်နိုင်ငံစစ်ရေယာဉ်များသို့ အပြန်အလှန်လေ့လာခြင်း၊ ရုရှားရေတပ်၏ ဖရီဂိတ်စစ်ရေယာဉ် Marshal Shaposhnikov ပေါ်တွင် ဂုဏ်ပြုညစာစားပွဲကျင်းပခြင်းနှင့်
ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။
၎င်းနောက် နိုဝင်ဘာ
၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ရုရှားရေတပ်မှ စစ်ရေယာဉ်များသည် တပ်မတော်(ရေ)မှစစ်ရေယာဉ်များနှင့်အတူ
ပင်လယ်ပြင်၌ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း များ လက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့်
နိုဝင်ဘာလ ၁၄ ရက်၊ ညပိုင်းတွင် စစ်ရေယာဉ်(မုတ္တမ) ပေါ်၌ လေ့ကျင့်ခန်းပြန်လည်သုံးသပ်ခြင်းနှင့်
ပိတ်ပွဲအခမ်းအနား ကျင်းပပြီး ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။




No comments:
Post a Comment