Sunday, October 19, 2025

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ယာဉ်များ၊ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် တရားမဝင် ကုန်ပစ္စည်းတင်ယာဉ်များ သိမ်းဆည်းရမိ



နေပြည်တော် အောက်တိုဘာ ၁၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၅ ရက် တွင် သာယာဝတီခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် သုည ဒသမ ၆၈၀ တန်၊ အခြားသစ် ၂ ဒသမ ၀၉၇ တန် (ခန့်မှန်းတန်ဖိုးငွေ ၈၇၄၀၄၄ ကျပ်)ကို သစ်တော ဥပဒေအရ လည်းကောင်း၊ အောက်တိုဘာ ၁၆ ရက်တွင် ရွှေတောင်မြို့နယ် ဆင်မကြပ်စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း  စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၆၈၇၄၀၄၄ ကျပ်ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂ ရက်တွင် ရမည်းသင်းမြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၅၉၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၈၂၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်နှင့် ပြည်ကြီး တံခွန်မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ် ၁၀ စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၂၀၅၀၀၀၀)ကို ပို့ကုန် သွင်းကုန် ဥပဒေအရလည်းကောင်း၊ အောက်တိုဘာ ၁၆ ရက် တွင် မန္တလေးမြို့ ရွှေကြက်ယက် ဂိတ်၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း အမျိုး ၃၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၂၅၂၈၈၀) နှင့် အဆိုပါပစ္စည်း များတင်ဆောင်လာသည့် Yutong Bus တစ်စီး၊ Mitsubishi Canter Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၃၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၉၆၉၁၀၈၀ ကို အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ထားရှိသည်။

ထို့အတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၅ ရက်တွင် မော်လမြိုင်မြို့နယ် ခရွန်းရှမ်းကျေးရွာရှိ အအေးခန်းဂိုဒေါင်တစ်လုံးအတွင်းမှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန် ပစ္စည်း ၂၃ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈၅၁၆၁၂၀၀)ကို အမြန် စီမံခန့်ခွဲရန် လိုအပ်သော ကုန်ပစ္စည်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ ဂိုဒေါင်ပိုင်ရှင်အား ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၅၁၆၁၂၀၀ ကို အမှုတွဲဖွင့်လှစ်ထားရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ လုပ်ငန်းသုံး ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၁၅၆၂၄၀)ကို လည်း ကောင်း၊ အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ လေးလုံးအတွင်းမှ လုပ်ငန်းသုံးပစ္စည်း ခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေ ၆၇၀၅၅၂၅၃၂ ကျပ်)ကိုလည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လေဆိပ် (ကုန်လှောင်ရုံ)၌ စိန်ဟု ယူဆရသော Synthetic Stone ၃ ဒသမ ၂၆၈ ကာရက် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀) ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၆၉၃၇၀၈၇၇၂ ကျပ် ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထား ရှိသည်။

အောက်တိုဘာ ၂ ရက်၊ ၁၅ ရက် နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၉ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၄၉၅၄၃၅၀၉၆ ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ တရားမဝင် တင်သွင်းမှုများ ကြောင့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကို ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်စေနိုင်သည်။ သို့ဖြစ်ပါ၍ ၎င်းတရားမဝင်တင်သွင်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment