နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဆိုပါ နိုင်ငံတွင်ရှိသည့် ပြည်သူတစ်ဦးချင်းစီသည် အသိပညာ၊ အတတ်ပညာနှင့် အတွေးအခေါ်ဗဟုသုတ ပြည့်ဝကြရန်လိုသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းနေသည့်အချိန်တွင် ပြည်သူများအားလုံးအနေဖြင့် အရာရာကို စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် အမှား၊ အမှန်၊ အကောင်း၊ အဆိုးတို့ကို ခွဲခြားသိမြင်နိုင်စွမ်းရှိရန် အထူးလိုအပ်သည်။ အတန်းပညာ၊ အတတ်ပညာ၊ အသိပညာတတ်မြောက်ရေးသာမက တွေးခေါ်ဆင်ခြင်နိုင်မှု ပြည့်စုံစေရန် ကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ထားဝယ်မြို့တွင် “နိုင်ငံတော်အစိုးရက ပညာရေး
ကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသကဲ့သို့ မိဘများ၊ ဆရာ ဆရာမများကလည်း မိမိတို့၏ သားသမီးများ၊
တပည့်များကို ပညာတတ် လူတော်လူကောင်းများဖြစ်အောင် သွန်သင်ဆုံးမ၊ လေ့ကျင့်သင်ကြားပေးကြရန်၊
ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မိဘ၊ ဆရာများ၏ သွန်သင်ပြသမှုများကို နာယူမှတ်သားပြီး
အသိပညာ၊ အတတ်ပညာပြည့်ဝသည့်၊ ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်သည့်၊ ဗလငါးတန် ပြည့်ဝသည့်၊
နိုင်ငံအတွက် အားကိုးအားထားပြုနိုင်သည့် သားကောင်းရတနာများ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်”
တိုက်တွန်းပြောကြားခဲ့သည်။
ကလေးသူငယ် ကျောင်းသား
ကျောင်းသူ လူငယ်များ အဘက်ဘက်တွင် အသိပညာကြွယ်ဝရေးအတွက် နိုင်ငံသားတိုင်း ပညာတတ်ရန်
အခြေခံလိုအပ်သည်။ ထို့ကြောင့် နိုင်ငံတော်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “နိုင်ငံတော်
ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဆောင်ပုဒ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့်
ပညာရေးကို မြှင့်တင်ပေးလျက်ရှိသကဲ့သို့ ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများကိုလည်း
ထိုက်ထိုက်တန်တန် နှစ်စဉ်ချီးမြှင့် ဂုဏ်ပြုပေးလျက်ရှိသည်။ စာတော်ပြီးထူးချွန်သည့်
ကျောင်းသား ကျောင်းသူများသည် ငယ်စဉ်ကတည်းက မိဘ၊ ဆရာသမားများ၏ ကြပ်မတ်သွန်သင်မှုနှင့်အတူ
ငယ်စဉ်ကတည်းက ကြိုးစားသင်ကြားမှတ်သားလာခြင်းဖြစ်သည်။ “အစကောင်းမှ အနှောင်းသေချာမည်”
ဆိုသကဲ့သို့ ငယ်စဉ်ကတည်းက မပြတ်မလပ်ဆောင်ရွက်ခဲ့မှသာ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်တစ်ယောက်ဖြစ်မည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်
နိုင်ငံတော်၏ အနာဂတ်တိုးတက်ကောင်းမွန်ရေးအတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည့်ဝသည့် လူသားအရင်းအမြစ်ကောင်းများ
လိုအပ်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ပညာရေးကိုမဖြစ်မနေအားပေး မြှင့်တင်ပေးနေခြင်းဖြစ်သည်။
သို့သော် နိုင်ငံ၏ ဒေသအများစု၌ တန်းစဉ်ကူးပြောင်းမှု လျော့နည်းနေသည်ဟု သိရှိရသည်။ ထို့ကြောင့်
အတန်းပညာများရှိစေရေး ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်ပြီး
တန်းစဉ်ကူးပြောင်းမှုများ တိုးတက်ကောင်းမွန်စေရေး မိဘ၊ ဆရာ၊ ပတ်ဝန်းကျင်က ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုသည်။
တစ်နိုင်ငံလုံးပညာရည်မြင့်မားရေးအတွက် နိုင်ငံတော်အနေဖြင့် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။
ပညာရေးအားနည်းပါက
အခြားဒေသများတွင် ကြုံရာကျပန်း လုပ်ကိုင်ကြရမည်ဖြစ်သည်။ အဆင်မသင့်လျှင် လမ်းမှားသို့ပင်ရောက်ရှိသွားနိုင်သည်။
ပညာရေးအားနည်းပါက အခြားသူများ၏ဦးဆောင်မှု၊ အနိုင်ကျင့်မှုကို ခံရမည်ဖြစ်၍ ပညာရေးအားနည်းပြီး
မွေးမြေရပ်ခြားသို့ သွားရောက်လုပ်ကိုင်နေကြသည့် လူငယ်လူရွယ်များ၏ အကျည်းတန်သောဘဝများ၊
ခက်ခဲကြမ်းတမ်းသောဘဝများကို မြင်တွေ့ကြားသိကြရမည်ဖြစ်သည်။ ပညာမပြည့်ဝ ဆင်ခြင်တုံတရားအားနည်းသဖြင့်
လူငယ်လူရွယ်များကြား၌ မဖြစ်သင့်မဖြစ်ထိုက်သည့်အဖြစ်များ၊ စက်ဆုပ်ဖွယ်ရာ အဖြစ်များကို
မကြာခဏ ကြားသိနေရသည်။ ထို့ကြောင့် မိမိတို့ဒေသအတွင်း၌ပင် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ
ပေါများကြွယ်ဝအောင် မွေးထုတ်ပေးကာ ဒေသအကျိုးကိုဖော်ဆောင်ကြဖို့လိုသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက
ပညာရေးကို အားပေးမြှင့်တင်ပေးလျက်ရှိပြီး နိုင်ငံတော်၏အနာဂတ်ကို ဦးဆောင်ဦးရွက်ပြုနိုင်မည့်
ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ဆရာ
ဆရာမ၊ မိဘအုပ်ထိန်းသူများကလည်း လူငယ်လူရွယ် ကျောင်းသား ကျောင်းသူလေးများအား အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့်
တွေးခေါ်မြော်မြင် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသူများဖြစ်အောင် စဉ်ဆက်မပြတ်၊ မျက်ခြည်မပြတ်
တစိုက်မတ်မတ် အလေးထားဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များကလည်း မိဘ၊
ဆရာများ၏ သွန်သင်ဆုံးမ၊ သင်ကြားပြသပေးမှုများကို မြေဝယ်မကျလိုက်နာဆောင်ရွက်ကာ နိုင်ငံတော်က
အားကိုးအားထားပြုနိုင်သည့် သားကောင်းရတနာများ ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရန်
တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:
Post a Comment