လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၁) ကို လာမည့်ဒီဇင်ဘာလ ၂၈ ရက် (တနင်္ဂနွေနေ့) တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပြီဖြစ်သည်။ ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။
ယခုကျင်းပမည့်
ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို နိုင်သူအကုန်ယူစနစ်ဟု ဆိုကြသည့် FPTP စနစ်၊
အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကို ရောနှောထားသော
ကိုယ်စားလှယ်အချိုးကျစနစ် (MMP-Mixed Member Proportion System) တို့ကို အသုံးပြုသွားမည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပပြီးချိန်တွင်
ပေါ်ပေါက်လာမည့် လွှတ်တော်များသည် တိုင်းရင်းသားများနှင့်
လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာကြသည့် မြင်ကွင်းကို
တွေ့မြင်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပချိန်တွင် လွတ်လပ်၍ တရားမျှတမှုကို ဖော်ဆောင်နိုင်ရေး၊
မသမာမှုများကင်းရှင်းစေရေးတို့အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များကို အသုံးပြုသွားမည်ဖြစ်ရာ မဲရေတွက်မှုတွင်လည်း
မြန်ဆန်စွာပြီးမြောက်နိုင်ပြီး ရွေးကောက်ပွဲရလဒ်မှာလည်း
စောစီးစွာထွက်ပေါ်လာနိုင်မည်ဖြစ်သည်။
ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း
နေ့ရက်နှင့်တကွ နိုင်ငံတော်က ထုတ်ပြန်ကြေညာသည့်အခါတွင် အဖျက်အမှောင့်အုပ်စုများ၊ ပြည်ပြေးပြည်ဖျက်မီဒီယာများက
ရွေးကောက်ပွဲနှင့် ပတ်သက်၍ အဖျက်စကား၊ အပျက်စကားတို့ ပြောလာကြပြီဖြစ်သည်။
၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကျင်းပသည်ဖြစ်စေ၊ မကျင်းပသည်ဖြစ်စေ နိုင်ငံပျက်စီးရာပျက်စီးကြောင်းကိုသာ
သွားပုပ်လေလွင့်ထုတ်လွှင့်နေကြခြင်းဖြင့် အသက်မွေးဝမ်းကျောင်းနေကြရခြင်းဖြစ်ရာ
ပြည်သူအားလုံးက မိမိတို့ဆင်ခြင်တုံတရားဖြင့်သာ ချင့်ချိန်လက်ခံကြရန်လိုသည်။
မိမိတို့နိုင်ငံတွင်
ရွေးကောက်ပွဲကျင်းပရန်အတွက် ပြည်ပနိုင်ငံများကလည်း ထောက်ခံအားပေးမှုများရှိနေသည်။ နိုင်ငံတွင်ဖြစ်ပေါ်လာခဲ့သည့်
အရေးပေါ်အခြေအနေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း
ဆောင်ရွက်ပြီးသည့်အခါ ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပြီး
ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်တက်ရောက်ကြရမည်ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့်လည်း
ဒီမိုကရေစီစနစ်ကို ပြန်လည်လျှောက်လှမ်းနိုင်ရေးအတွက် ရွေးကောက်ပွဲများကျင်းပချိန်တွင်
မိမိတို့နှစ်သက်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေးကြရန်လိုသည်။ ထိုသို့
ဆန္ဒမဲပေးရာတွင်လည်း မိမိတို့ဒေသနှင့် နိုင်ငံကို အမှန်တကယ်အကျိုးပြုနိုင်သည့် ကိုယ်စားလှယ်လောင်းများကို
သေချာစွာစိစစ်ရွေးချယ်နိုင်ကြရန်လိုသည်။ မဲဆွယ်စည်းရုံး သည့်ကာလတွင် မစားရဝခမန်းကတိပေးသူများ၊
ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် တိကျမှန်ကန်ပြီး ဖြစ်နိုင်သည့်မူဝါဒ၊ လုပ်ငန်းစဉ်မျိုး
ပြည်သူကိုမတင်ပြနိုင်ဘဲ မရေမရာ၊ ဝေဝါးနေသူများ စသူတို့ကို မရွေးချယ်မိဖို့
သတိပြုကြရမည်ဖြစ်သည်။
“သိက္ခာရှိသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး၊
ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး
ဆန္ဒမဲများပေးနိုင်ရေး နိုင်ငံတော်မှဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း”
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မကွေးတိုင်းဒေသကြီး ခရီးစဉ်အတွင်း
ပြည်သူများနှင့်တွေ့ဆုံရာ၌ ပြောကြားထားရာ ရက်ပေါင်း ၁၀၀ ကျော်သာ လိုတော့သည့်
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့်
ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များနှင့် လွှတ်တော်များပေါ်ထွန်းလာရေး
အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment