မကြာသေးမီရက်များက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်သောကြောင့် နယ်မြေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့ကို ဆောင်ရွက်နိုင်ပြီး မြို့ရွာများ တည်ငြိမ်အေးချမ်းရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ထဲထဲဝင်ဝင်ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ ပျော်ရွှင်ချမ်းမြေ့လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်မြင်တွေ့နေရသည်။
အကြမ်းဖက်သောင်းကျန်းသူများသည်
နယ်မြေချဲ့ထွင်ရေး၊ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရေးအတွက် နယ်မြေဒေသအချို့ကို တိုက်ခိုက်ဖျက်ဆီးခဲ့ရာ
အဆိုပါမြို့ရွာများတွင် မူလကအေးချမ်းစွာနေထိုင်ကြသော ဒေသခံပြည်သူများမှာ ဆင်းရဲ ဒုက္ခအမျိုးမျိုး
ကြုံတွေ့ခဲ့ကြသည်။ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ဘဝများကို ထောက်ထားညှာတာခြင်းမရှိဘဲ
နှိပ်စက်ဖျက်ဆီးခြင်းပြုလုပ်ခဲ့ကြသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်အမျိုးမျိုးကို
စက်ဆုပ်ရွံရှာနေကြသလို အထူးသဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ရင်သွေးငယ်များ ပညာမသင်ကြားကြရသည့်
မရေရာသောဘဝများအတွက် စိတ်မကောင်းဖြစ်ကြရသည်။
ဒေသခံပြည်သူများ
ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လူမှုစီးပွားဘဝများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် တပ်မတော်အနေဖြင့်
တာဝန်ရှိသည့်အားလျော်စွာ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးကို ရင်ကိုမြေကတုတ်ဖြင့် “ငါ့နိုင်ငံတော်၊
ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏” ဟု ဆိုသည့်အတိုင်း
မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတ္တိတို့ဖြင့် တိုက်ပွဲဝင်နိုင်သောကြောင့် မြို့ရွာဒေသအချို့ကို
ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများ မူလအခြေအနေမပျက် အေးချမ်းစွာပြန်လည်နေထိုင်နိုင်ရန်
ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မှာကြားချက်များတွင် နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီးလျှင်ပြီးချင်း
“ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အတန်းပညာတတ်မြောက်မှသာ အတတ်ပညာကို သင်ယူတတ်မြောက်နိုင်မည်ဖြစ်၍
ပညာတတ်များပေါများစေရေး တစ်နှစ်နီးပါး ပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး
အေးချမ်းပျော်ရွှင်စွာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေး” လမ်းညွှန်မှာကြားခဲ့သည်။
နောင်ချိုမြို့ကို တပ်မတော်က ဇူလိုင်လ ၁၆ ရက်နေ့တွင် အလုံးစုံပြန်လည်ထိန်းချုပ်ပြီးနောက်
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းများ အမြန် ဖွင့်လှစ်နိုင်ရေး ဇူလိုင်လ ၂၂ ရက်နေ့မှစ၍
ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေး နေသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။
အလားတူ ကျောင်းများ၊
ဈေးများ၊ အုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ် နိုင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများက
နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နေပြည်သူများ လုံခြုံစိတ်ချစွာဖြင့် နေထိုင်သွားလာလုပ်ကိုင်ဆောင်ရွက်နိုင်ရေးတို့ကို
ဆောင်ရွက်ပေးလျက်ရှိသည်။ အလားတူ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ်
ပြည်သူ့ဆေးရုံကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိအောင် အမြန်ဆုံးပြန်လည်ပြုပြင်ပြီး
ကျန်းမာရေးစောင့်ရှောက်မှုများကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးလျက်ရှိသည်။ ဆေးရုံကို
ပြန်လည်ပြုပြင်နေစဉ်ကာလအတွင်း တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ယာယီဆေးရုံဖွင့်လှစ်ပြီး
ပြည်သူလူထုအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
နောင်ချိုမြို့နယ်
တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ
အေးချမ်းစွာ လူမှုစီးပွားဘဝများ လုပ်ကိုင် စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက
နယ်မြေလုံခြုံရေးနှင့် နယ်မြေ စိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်ဝန်ကြီးချုပ်က “မိမိတို့၏ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် မျိုးဆက်သစ်ရင်သွေးငယ်များကို
စာသင်ကျောင်းများသို့ မဖြစ်မနေ ပညာသင်ကြားနိုင်ရန် စေလွှတ်ပေးရန်ဖြစ်ကြောင်း၊ ပညာသင်ကြားပေးကြရမည့်
ဆရာ ဆရာမများကလည်း ကျောင်းဖွင့်ချိန် နောက်ကျခဲ့ရသည့်အတွက် ကျောင်းသင်ခန်းစာများကို
ကျောင်းပိတ်ရက်အချို့မှရယူ၍ သင်ခန်းစာအကုန် သင်ကြားပေးစေလိုပါကြောင်းနှင့် တတ်မြောက်အောင်လည်း
သင်ကြားပေးရန်” မေတ္တာရပ်ခံထားသည်။
ဒေသခံပြည်သူများအနေဖြင့်
တပ်မတော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြရန်လိုပြီး
ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခွင့်ရနိုင်ရန်
နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းမရှိပါက ပြုလုပ်ကြရန်လိုသည်။ နိုင်ငံ့ဝန်ထမ်းများကလည်း
ပြည်သူကို အလုပ်အကျွေးပြုကြသူများဖြစ်၍ ပြည်သူများအပေါ် စိတ်ရင်းစေတနာထားကာ ဝန်ဆောင်မှုများ
ပြုလုပ်ပေးကြရမည်ဖြစ်သည်။ နောင်ချိုဒေသအား မူလအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိပြီး
မူလအခြေအနေထက် သာလွန်ကောင်းမွန်သည့် လူမှုစီးပွားဘဝများ အမြန်ဆုံးပြန်လည် စည်ပင်ဖွံ့ဖြိုးအောင်
ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment