မြန်မာနိုင်ငံသည် တွင်းထွက်သယံဇာတပစ္စည်းများ ပေါများကြွယ်ဝသော နိုင်ငံဖြစ်သည်။ သတ္တုနှင့် တွင်းထွက်ပစ္စည်းများဖြစ်သည့် ရွှေ၊ ငွေ၊ ကြေးနီ၊ သွပ်၊ သံကဲ့သို့ အဖိုးတန်သတ္တုနှင့် ကျောက်မျက်ရတနာ သက်ရင့်ကျောက်လွှာများ၊ ကျောက်မီးသွေး၊ ရေနံကဲ့သို့ သက်နုကျောက်လွှာများရှိသည်။ အဖိုးတန်သတ္တုရိုင်းများသည် အပေါ်ယံမြေလွှာအောက် အလွန်နက်သောနေရာများ၌သာ စတင်ဖြစ်ပေါ်လေ့ရှိသဖြင့် နည်းပညာ၊ ကျွမ်းကျင်သူနှင့် အရင်းအနှီးများစွာလိုအပ်သည်။
မြန်မာနိုင်ငံတွင်
လွတ်လပ်ရေးမရမီက သတ္တုတွင်းများမှ သံဖြူနှင့် သံကြွပ်တန်ချိန် ၅၅၀၀ ကျော်ခန့်ရရှိသည်ဟု
သိရသည်။ စစ်အတွင်းကာလက သတ္တုတွင်းများကို အကုန်အစင်မဖျက်ဆီးခဲ့သော်လည်း စစ်ပြီးခေတ်တွင်
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် စက်မှုပြန်လည်ထူထောင်ရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာခဲ့သည်။
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လာသည့်အခါ သတ္တုတွင်းလုပ်ငန်းများကို
မြန်မာနိုင်ငံသားများ၊ နိုင်ငံသားနှင့် အစိုးရဖက်စပ်၊ အစိုးရသက်သက်လုပ်ကိုင်ခဲ့ကြသော်လည်း
သတ္တုအထွက်မများခဲ့ ပေ။ မည်သို့ပင်ဖြစ်စေ သတ္တုနှင့် တွင်းထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းသည်
တိုင်းပြည်နှင့် လူမျိုးဖွံ့ဖြိုးမှုအတွက် ထူးကဲသောအထောက်အပံ့ဖြစ်သည်။
မျက်မှောက်ကာလတွင်
နိုင်ငံတည်ဆောက်ရေးအတွက် တွင်းထွက်သတ္တု ပစ္စည်းများအနက် သံ၊ သံမဏိ လိုအပ်ချက်များနေသည်။
သံ၊ သံမဏိကို ပြည်ပမှ တင်သွင်းရသလို ပြည်တွင်း၌လည်း ရှာဖွေတူးဖော်ထုတ်လုပ်လျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊
ထုတ်လုပ်မှုကဏ္ဍနှင့် စွမ်းအင်ကဏ္ဍဟူသည့် အဓိကကဏ္ဍသုံးရပ်ရှိသည်။ ထိုကဏ္ဍသုံးရပ်၌ ထုတ်လုပ်မှုကဏ္ဍမှ
မဟာဗျူဟာမြောက် စီးပွားရေးအခြေပြုဆောင်ရွက်ရာတွင် သံ၊ သံမဏိထုတ်လုပ်မှုကဏ္ဍသည် အလွန်အရေးပါကြောင်း
တွေ့ရသည်။ သံ၊ သံမဏိသုံးစွဲမှုကို လေ့လာပါက ဆောက်လုပ်ရေးကဏ္ဍသည် သံမဏိထုတ်လုပ်မှု၏
၅၀ ရာခိုင်နှုန်း အများဆုံးသုံးစွဲသည်ကို တွေ့ရသည်။
ရှေးကာလက မြန်မာနိုင်ငံ၏
သံ၊ သံမဏိထုတ်လုပ်မှုမှာ နည်းပါးသော်လည်း မျက်မှောက်ကာလတွင် သံ၊ သံမဏိထုတ်လုပ်မှု တိုးတက်မြင့်မားလာသည်။
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဆောက်လုပ်ရေးနယ်ပယ်၌ လိုအပ်ချက်
မြင့်မားလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် သံမဏိတန်ချိန် သုံးသန်းခန့် အသုံးပြုလျက်ရှိသည်။
နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသံမဏိစက်ရုံများ၏ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ပါက
တစ်နှစ်လျှင် သံမဏိတန်ချိန် တစ်သန်းခန့် ထုတ်လုပ် နိုင်ကြောင်း သိရသည်။ လိုအပ်သည့်
သံမဏိတန်ချိန် နှစ်သန်းခန့််ကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသဖြင့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်
ကုန်ကျလျက်ရှိသည်။ ကမ္ဘာ့နိုင်ငံအများစုကို လေ့လာကြည့်လျှင် သံကိုစီးပွားဖြစ်ထုတ်လုပ်နိုင်
သောကြောင့် စက်မှုဖွံ့ဖြိုးသောနိုင်ငံများဖြစ်လာသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၂၁ ရက်နေ့က အမှတ်(၃)သံမဏိစက်ရုံ
(ရွာမ)သို့ ရောက်ရှိစဉ် “ပြည်တွင်း၌ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သံမဏိများ လိုအပ်လျက်ရှိခြင်းကြောင့်
ပြည်တွင်းသံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးရန်လိုကြောင်း၊ အရေအတွက်ပြည့်မီရန်
လိုအပ်သကဲ့သို့ အရည်အသွေးအရလည်း ပြည့်မီရန်လိုအပ်ကြောင်း” မှာကြားခဲ့သည်။ အဆိုပါစက်ရုံတွင်
စက်ရုံမှထွက်ရှိသည့် သံမဏိများနှင့် ပြည်ပနိုင်ငံများမှ ထုတ်လုပ်သည့်သံမဏိ များအား
အရည်အသွေးနှိုင်းယှဉ်စစ်ဆေးခဲ့သည်။ ထုတ်လုပ်ထားသည့် Deformed Bar များအရည်အသွေးသည်
သတ်မှတ်အရည်အသွေးထက် ပိုမိုကောင်းမွန်သည် ကိုတွေ့ရသည်။ အမှတ် (၂) သံမဏိစက်ရုံ (မြောင်းတကာ)
တွင် တံတားသံပေါင်များ၊ လျှပ်စစ်တာဝါတိုင်များနှင့် သွပ်ဆေးတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏
သံမဏိစက်ရုံများမှ တာဝါတိုင်များ၊ တံတားသံပေါင်များ စနစ်တကျထုတ်လုပ်လျက်ရှိသည်။ အဓိကအားဖြင့်
တည်ဆောက်ရေးလုပ်ငန်းများအတွက် Deformed Bar များ လိုအပ်ချက်များသဖြင့် ပြည်တွင်း၌ လုံလောက်စွာ
ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ လုံလောက်စွာ ထုတ်လုပ်နိုင်ရန်အတွက် နိုင်ငံတော်တွင်ရှိပြီးအရင်းအမြစ်များကို
စနစ်တကျ ထုတ်ယူသုံးစွဲသွားရမည် ဖြစ်သည်။ တောင်ကြီးမြို့အနီးရှိ ပင်းပက်သတ္တုသိုက်သည်
သံတန်ချိန်အမြောက် အမြားထွက်ရှိနိုင်သဖြင့် ပညာရှင်များ၏ နည်းစဉ်ကိုအသုံးပြု၍ သံသတ္တုရိုင်းမှ
သံစိမ်းထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ သံမဏိထုတ်လုပ်သည့်လုပ်ငန်းသည်
နိုင်ငံအတွက် အရေးပါသော လုပ်ငန်းဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည်။
လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများ များစွာလိုအပ်လျက်ရှိသဖြင့် ပြည်တွင်းရှိ
တွင်းထွက်သယံဇာတအရင်းအမြစ်များကို ကြိုးပမ်းရှာဖွေထုတ်လုပ်၍ သံမဏိထုတ်လုပ်သည့်လုပ်ငန်းများကို
အားပေးမြှင့်တင်ပြီး ပြည်ပမှ နှစ်စဉ် တင်သွင်းနေရမှုများကို လျှော့ချနိုင်အောင် တက်ညီလက်ညီ
ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

No comments:
Post a Comment