Wednesday, June 25, 2025

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း AACC အသင်း၏ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးနှင့်စာတမ်းဖတ်ပွဲ (Public Lecture) တက်ရောက်


နေပြည်တော် ဇွန် ၂၄

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းသည် ထိုင်းဘုရင့်နိုင်ငံ ဗန်ကောက်မြို့တွင် Video Conferencing စနစ်ဖြင့်ပြုလုပ်သည့် အာရှဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (Association of Asian Constit-utional Courts and Equivalent Institutions -AACC) ၏ ဘုတ် အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးနှင့် စာတမ်းဖတ်ပွဲသို့ တက်ရောက်သည်။

ယနေ့နံနက်ပိုင်းတွင် စာတမ်း ဖတ်ပွဲကို “The Courts and the Protection of Human Rights” ခေါင်းစဉ်ဖြင့်ကျင်းပရာ ထိုင်းဘုရင့်နိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ တူကီယဲသမ္မတနိုင်ငံနှင့် ဥဇဘက်ကစ္စတန်သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များက လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ၏အခန်းကဏ္ဍ၊ တရားရုံးများအနေဖြင့် ကြုံတွေ့ခဲ့ရသည့်စိန်ခေါ်မှုများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားစီရင်မှုများနှင့်စပ်လျဉ်း၍ စာတမ်းများဖတ်ကြားကြသည်။

မွန်းလွဲပိုင်းတွင် AACC အသင်း ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးကို ဆက်လက်၍ကျင်းပရာ လက်ရှိ AACC အသင်း၏ ဥက္ကဋ္ဌတာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းဘုရင့်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌက ၎င်းတာဝန်ထမ်းဆောင်မှုကာလအတွင်း ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များကို သုံးသပ်တင်ပြခြင်း၊ AACC အသင်း၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံးများဖြစ်သည့် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံး၏စီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအတွင်း ရေးမှူးချုပ်ရုံး (AACC - SPC)၊ ကိုရီးယားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွင်းရေးမှူးချုပ်ရုံး (AACC-SRD) နှင့် တူကီယဲသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (AACC-CTHRD) တို့က ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာများတင်သွင်းခြင်း၊ နောင်အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဥဇဘက်ကစ္စတန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသို့ လွှဲပြောင်းပေးခြင်းနှင့် AACC အသင်းသို့ အီရတ်သမ္မတနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ်က အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားခြင်းကိစ္စတို့ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ ဘုတ်အဖွဲ့ဝင်နိုင်ငံ များအစည်းအဝေးနှင့် စာတမ်းဖတ်ပွဲသို့ အာရှဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (Association of Asian Constit-utional Courts and Equivalent Institutions - AACC) ၏ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံနှင့်အတူ အခြားအဖွဲ့ဝင်နိုင်ငံများမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment