နေပြည်တော် ဖေဖော်ဝါရီ ၁၇
အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၃၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်
ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ
တာဝန်ရှိသူများ၊ ကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က
ယခင်က စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းများကို Face to face ဖွင့်လှစ်ခဲ့ရာမှ
ယခုသင်တန်းအမှတ်စဉ်မှစ၍ ဝန်ထမ်းများ ကုန်ကျစရိတ်သက်သာစွာဖြင့် တာဝန်ထမ်းဆောင်ရာဒေသမှ
လုပ်ငန်းခွင်မပျက် သင်တန်းတက်ရောက်နိုင်ရန် Online ဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊
သင်တန်းတွင် ပြည့်စုံမှန်ကန်သည့် စာရင်းများကို အများလက်ခံကျင့်သုံးနေသည့် စာရင်းကိုင်မူဝါဒများနှင့်အညီ
လိုက်နာရေးဆွဲတတ်စေရန်၊ ဝန်ထမ်းရေးရာကိစ္စများ၊ အသုံးစရိတ်ဆိုင်ရာပြဋ္ဌာန်းချက်များ
စသည်တို့ကိုစနစ်တကျဆောင်ရွက်တတ်စေရန် အခြေခံစာရင်းရေးစာရင်းကိုင်ပညာနှင့် စတိုပစ္စည်းစာရင်းထားနည်း၊
ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်း၊ ဦးစီးဌာနစာရင်းပညာနှင့် ရုံးစာရေးသားနည်းဘာသာရပ်များကို
ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ဘာသာရပ်ဆိုင်ရာ ပို့ချမှုများကို
သေချာနားလည်ပြီး ကျွမ်းကျင်တတ်မြောက်သည်အထိ လေ့လာသင်ယူမှတ်သားကြရန်နှင့် သင်တန်းစည်းကမ်းများကို
လေးစားလိုက်နာ၍ နိုင်ငံနှင့် မိမိဌာနမှ အားကိုးအားထားပြုနိုင်သည့် ကျင့်ဝတ်သိက္ခာနှင့်
ပြည့်စုံသည့် စည်းကမ်းလိုက်နာသော ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း
တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊
အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာ
အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် နေပြည်တော်မှ ၄၃၄ ဦး၊ ကရင်ပြည်နယ်မှ
၁၄ ဦး၊ ချင်းပြည်နယ်မှ ၁၀ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၄၃ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ
၂၅ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၃၃ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၆၄ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ
၁၀၇ ဦး၊ မွန်ပြည်နယ်မှ ၂၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၆၄ ဦး၊ ရှမ်းပြည်နယ်မှ ၄၇ ဦး၊
ဧရာဝတီတိုင်းဒေသကြီးမှ ၃၇ ဦး စုစုပေါင်း ၁၀၀၀ ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှ
ဇွန် ၃၀ ရက်အထိ Online ဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment