ရန်ကုန် ဖေဖော်ဝါရီ ၁၇
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်ထားတန်ဖိုးထားသည့်အနေဖြင့် မည်သို့သော အခြေအနေတွင် တွေ့ကြုံရသည်ဖြစ်စေ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့သည် သက်ဆိုင်ရာသံရုံးများနှင့် ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ အိုမန်နိုင်ငံ
ဆိုဟာမြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မအိသန္တာအောင်အား
အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် အိုမန်နိုင်ငံရှိ
တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ကူညီဆောင်ရွက်ပေးခဲ့ရာ ဖေဖော်ဝါရီ ၁၆ ရက် ဒေသစံတော်ချိန်
နံနက် ၉ နာရီ ၅ မိနစ်တွင် အိုမန်နိုင်ငံ မတ်စကတ်မြို့မှ မတ်စကတ်-ဘန်ကောက်-ရန်ကုန်လေကြောင်း
ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့သို့
ပြန်လည်ရောက်ရှိခဲ့သည်။
အိုမန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့်
မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ ပြန်လည်ထွက်ခွာနိုင်ရန် ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့်
ကူညီဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ်
အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများအား ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့မှ
ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့
အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုကို အလုပ်သမားနှင့် မိဘဆွေမျိုးများက
နိုင်ငံတော်အစိုးရ၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း
သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး
No comments:
Post a Comment