နေပြည်တော် ဖေဖော်ဝါရီ ၁၉
မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊
ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊
တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင်
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပြည်တွင်းအသားတင်ထုတ်လုပ်မှု
(GDP) ဖြင့် တိုင်းတာကြကြောင်း၊ အဆိုပါ GDP ကို တွက်ချက်သည့်အခါတွင်လည်း နိုင်ငံ၏လယ်ယာကဏ္ဍ၊
စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍဟူ၍ကဏ္ဍကြီး (၃) ခုကို အခြေခံပြီး တွက်ချက်ကြခြင်းဖြစ်ကြောင်း၊
မိမိတို့နိုင်ငံကဲ့သို့ စိုက်ပျိုးရေးအခြေခံသည့် စက်မှုနိုင်ငံအဖြစ် ထူထောင်ရာတွင်
စိုက်ပျိုးမွေးမြူရေး အခြေခံကုန်ကြမ်းများသည် အဓိကဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်သည်လည်း
အရေးကြီးသည့်သွင်းအားစုများဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ စက်မှုကဏ္ဍနှင့်
စီးပွားရေးကို ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရန်အတွက် အထောက်အပံ့ဖြစ်စေမည့် စက်မှုဖွံ့ဖြိုးရေးကော်မရှင်၊
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်စသည့်
ကော်မရှင် (၃) ရပ်ကို ဖွဲ့စည်းပေးခဲ့ခြင်းလည်းဖြစ်ကြောင်း။
လူသားတိုင်း အသက်ရှင်ရပ်တည်မှုအတွက်
စားရေး၊ ဝတ်ရေး၊ နေရေးတို့သည် အဓိကအရေးကြီးသည့်အရာများဖြစ်ကြောင်း၊ ယင်း (၃) ခုအတွင်းတွင်
စားသောက်ရေး သည်အခြေခံကျပြီး နေ့စဉ်ကြုံတွေ့နေရမည့် မရှိမဖြစ်သည့်အရာဖြစ်ကြောင်း၊ အဆိုပါစားရေးကို
အဆင်ပြေစေရန်အတွက် လိုအပ်သည့်စားသောက်ကုန်များသည် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းကောင်းဖြင့်
ဖြန့်ဖြူးပေးနိုင်မှသာ ပြည်သူများအတွက် အစားအစာဖူလုံမည်ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်အဖြစ်လည်း
အဆင့်မှီမှီတင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြည်တွင်းစားသောက်ကုန်
ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့်ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။
ဆွေးနွေးပွဲ၏
ရည်ရွယ်ချက်များအနေဖြင့် စားသောက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သည့်
စီးပွားရေးဝန်းကျင်တစ်ရပ်ဖြစ်ထွန်း လာစေရေး၊ စားသောက်ကုန်ထုတ်လုပ်ငန်းကွင်းဆက်တစ်လျှောက်
အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊
ပြည်တွင်းစားသုံးမှုဖူလုံစေပြီး သွင်းကုန်အစားထိုးထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေး၊
စားသောက်ကုန်လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရန်အတွက် အစီအမံ သစ်များဖော်ဆောင်ပေးနိုင်ရေးနှင့်
စားသောက်ကုန်ထုတ်လုပ်ငန်းနှင့်ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ညွှန်ကြားချက်များတွင်
ရှင်းလင်းလွယ်ကူစေရေးနှင့် နည်းစနစ်များ၊ စံချိန်စံညွှန်းများနှင့် သတင်းအချက်အလက်များကို
ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊
စားသောက်ကုန်လုပ်ငန်းအတွက် အဓိကကျပြီးသေချာသည့်ကုန်ကြမ်းသည် နိုင်ငံတွင်းတွင် အလုံအလောက်ထွက်ရှိကြောင်း၊
မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများထဲတွင် စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းအရေအတွက်သည်
စုစုပေါင်း (၂၃,၈၈၇)ခုဖြစ်ပြီး (၄၉ ဒသမ ၆၃) ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်ကို
တွေ့ရကြောင်း။
စက်မှုဇုန်များတွင်
မှတ်ပုံတင်ထားသည့်ပုဂ္ဂလိက စက်မှုလုပ်ငန်းများတွင် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းမှာ
လုပ်ငန်းပေါင်း (၂,၀၀၄) ခုဖြင့် အများဆုံးဖြစ် သည်ကိုတွေ့ရကြောင်း၊ ထို့ပြင် ပြည်တွင်းတွင်ရှိသည့်
အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများဖြစ်သည့် MSME မှတ်ပုံတင်စာရင်းတွင်
ကြည့်မည်ဆိုပါကလည်း MSME စုစုပေါင်း (၄၉,၀၂၅) ခု ရှိသည့်အနက် စားသောက်ကုန်လုပ်ငန်းသည်
(၉,၉၈၄) ခုဖြင့် အများဆုံးဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ ပုဂ္ဂလိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့်
စီးပွားရေးလုပ်ငန်းများတွင် အရေအတွက်များပြားပြီး အရေးပါသည့် စားသောက်ကုန်လုပ်ငန်းများကို
သာမန်သဘောမထားဘဲ အလေးထားကြရန်လိုကြောင်း။
MSME လုပ်ငန်းများ
တိုးတက်အောင်မြင်စေရေးအတွက် အားပေးဆောင်ရွက်ခြင်းရည်ရွယ်ချက်မှာ အဓိကပြည်တွင်းစီးပွားရေး၊
တစ်နည်းအားဖြင့် ပြည်တွင်းကုန် ထုတ်လုပ်မှုကိုအားပေးခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း
ကုန်ထုတ်လုပ်မှု ပြုလုပ်ရာ၌ အဓိကမရှိမဖြစ်လိုအပ်သည်မှာ ကုန်ကြမ်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့်
ပြည်တွင်းထွက်၊ ဒေသထွက်ကုန်ကြမ်းများကို အဓိကထုတ်လုပ်ရန် မူဝါဒပေးထားကြောင်း၊ ဒေသအလိုက်ထွက်ရှိသည့်
စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်မှုများသည် သေချာသည့်ကုန်ကြမ်းများဖြစ်ကြောင်း၊
ထိုမှပြည်ပသွင်းကုန်အစားထိုးနိုင်ရန်နှင့် ပြည်ပပို့ကုန်တိုးမြှင့်ဆောင်ရွက်နိုင်ရန်
တစ်ဆင့်ပြီးတစ်ဆင့် သွားရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးက
MSME လုပ်ငန်းများပြပွဲပြုလုပ်သည့်အခါ တိုးတက်ကောင်းမွန်မှုများကို များစွာအားရဖွယ်တွေ့ရကြောင်း၊
ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပိုမိုကောင်းမွန်လာမှု၊ ထုပ်ပိုးမှုများပိုမိုကောင်းမွန်လာမှုများသည်
ရောင်းအား၊ ဝယ်အားများစွာတိုးတက်စေသည်မှာ လက်တွေ့ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့်
ပြည်ပပို့ကုန်တိုးမြှင့်နိုင်ရေး ဆောင်ရွက်ပေးနေသည့် ပြည်တွင်းစားသောက်ကုန်လုပ်ငန်းများ၏
လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် အားပေးမြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊
ထို့ကြောင့် မြန်မာ့ စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယနေ့ကျင်းပပြုလုပ်ရခြင်းလည်းဖြစ်ကြောင်း၊
ယခုဖိုရမ်မှ ပြည်တွင်းစားသောက်ကုန်လုပ်ငန်းများနှင့်ပတ်သက်ပြီး အားနည်းချက်များ၊ အားသာချက်များ၊
စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို မြင်တွေ့ကြားသိ ဖလှယ်နိုင်ကြမည်ဟုလည်း ယုံကြည်ကြောင်း။
လုပ်ငန်းဆောင်တာများကို
လုပ်သာကိုင်သာရှိပြီး မြန်ဆန်မှန်ကန်အောင် ဝိုင်းဝန်းကြိုးပမ်းပေးမှသာ အရွေ့တစ်ခုကိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊
ထို့ကြောင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုရှေးရှုပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို
ယခုထက်မြှင့်တင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကအကြား နီးနီးစပ်စပ်ပူးပေါင်းပြီး
လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်မှသာ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှု တိုးတက်လာစေမည်ဖြစ်ကြောင်း၊
မြေပြင်တွင် လက်တွေ့လုပ်ကိုင်နေသူများ၏ ကြုံတွေ့နေရသည့်အခက်အခဲများကိုလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေး
အဖြေရှာပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြစေချင်ကြောင်း၊ အဓိကခံယူ ထားရမည်မှာ
အားလုံးသည် နိုင်ငံ့အကျိုးအတွက် လုပ်ဆောင်နေကြသည်ဆိုသည့်အသိဖြင့် လုပ်ငန်းများ သွက်လက်မြန်ဆန်အောင်
အကောင်အထည်ဖော်ပေးကြရန်ဖြစ်ကြောင်း။
ထို့ကြောင့် နိုင်ငံတော်၏
စီးပွားရေးတိုးတက်ရန် ဆောင်ရွက်နေကြသည့် လုပ်ငန်းရှင်များကို အားပေးကူညီမြှင့်တင်ပေးပြီး
နိုင်ငံတော်၏ စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့်
လုပ်ငန်းရှင်များဘက်မှလည်း ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ရှေးရှုပြီး ကုန်ထုတ်လုပ်ငန်းများ
ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းပေးကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာ့စားသောက်ကုန်ဖွံ့ဖြိုးတိုးတက်မှု
Video Clip အား ပြသသည်။ ယင်းနောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ
ဦးအေးဝင်းက မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၅) ကျင်းပရခြင်းနှင့်စပ်လျဉ်း၍
ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်ထံ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ
ဦးအေးဝင်းနှင့် မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ
ဦးအောင်ရွှေတို့က မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၅) ဖွင့်ပွဲအထိမ်းအမှတ်
တံဆိပ်အားပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

No comments:
Post a Comment