နေပြည်တော် ဖေဖော်ဝါရီ ၁၉
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၅၀ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါပြည်ပနိုင်ငံသားများကို
သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့်
ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ
ပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀
ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အထိ မြန်မာ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား
စုစုပေါင်း ၁၅၅၃ ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး အမြန်ဆုံးပြည်နှင်လွှဲပြောင်းနိုင်ရေး
ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့်
နိုင်ငံတော်နှင့် ပြည်သူများအား ခြိမ်းခြောက်ထိခိုက်မှုများ ရှိလာသည့် နယ်စပ်ဒေသများမှ
အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို
အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ
ထိထိရောက်ရောက် ပြတ်ပြတ်သားသား တိုက်ဖျက်နှိမ်နင်းပြီး ဥပဒေနှင့်အညီ စနစ်တကျ ထိန်းသိမ်းလွှဲပြောင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေကြေးလိမ်လည်မှုအပါအဝင်
အခြားဒုစရိုက်မှုလုပ်ငန်းများမရှိစေရေး ဖော်ထုတ်ခြင်း၊ အရေးယူခြင်းတို့ကို ပြတ်ပြတ်သားသား
ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment