Tuesday, February 18, 2025

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲအရည်အချင်းစစ်စာမေးပွဲ ကျင်းပမည်

 

ရန်ကုန် ဖေဖော်ဝါရီ ၁၇

ဒွါဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ၏ မူလတန်းနှင့် အလယ်တန်းအရည်အချင်းစစ် (ရေးဖြေ) စာမေးပွဲကို ဧပြီ ၁၀ ရက် နံနက် ၉ နာရီမှ နံနက် ၁၀ နာရီခွဲအထိ တစ်နိုင်ငံလုံးရှိ စာဖြေဌာနအားလုံးတစ်ပြိုင်တည်း ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသား ကျောင်းသူများအတွက် အသက်သတ်မှတ်ချက်ရှိပြီး ၂၀၂၅ ခုနှစ် မေ ၃၀ ရက်တွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများသည် အသက် ၁၂ နှစ် ၆လ အောက်၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများသည် အသက် ၁၂ နှစ် ၆ လအထက်မှ အသက် ၁၅ နှစ် ၆ လအတွင်း ဖြစ်ရမည်ဖြစ်ကြောင်းနှင့် အရည်အချင်းစစ်စာမေးပွဲ ဝင်ခွင့်တောင်းခံလွှာများကို ဖေဖော်ဝါရီ ၁၇ရက်မှစတင်၍ သက်ဆိုင်ရာ စာဖြေဌာနများတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။

 သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲသည် ကျေးဇူးတော်အရှင် မင်းကွန်းတိပိဋက ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင် (၆) တွဲ (၈) အုပ်ကို ပြဋ္ဌာန်းမူအဖြစ်ထားရှိပြီး အဘိဓမ္မာ၊ ယဉ်ကျေးမှု၊ ဧတဒဂ်၊ ဇာတ်တော်၊ အထွေထွေအစရှိသည့် ခေါင်းစဉ်အမျိုးအစားခုနစ်မျိုးမှ မေးခွန်းပေါင်းနှစ်ထောင်ကျော်ကို လေ့လာကျက်မှတ်ကာ ရေးဖြေ၊ နှုတ်ဖြေဖြေဆိုယှဉ်ပြိုင်ရခြင်းဖြစ်သည်။

စာစစ်ဌာနအလိုက် အောင်စာရင်းများကို ဗဟိုအတည်ပြုစနစ်ဖြင့် ထုတ်ပြန်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ကိုယ်စားပြုအဆင့် ဂုဏ်ထူး၊ ရိုးရိုး၊ ဗဟိုအဆင့် ဗုဒ္ဓဝံသဝိသာရဒ (၂၆) ဦး၊ နောက်ဆုံးအဆင့် ပထမဆုရှင်နှင့် ဗုဒ္ဓဝံသဗဟုသုတဓရတစ်ဦးတို့ကို ဆက်လက်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment