နေပြည်တော် နိုဝင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းတည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက် ဒီကနေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ဆက်လက်၍ ကျောက်စာရုံစေတီတော်၊ မုစလိန္ဒကန်၊ နဂါးရုံဘုရားများ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုလေ့လာကြသည်။ ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌လည်း မိသားစုလိုက်သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့လိုက်သော်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်ကြသည့် ဘုရားဖူးလာ ပြည်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။
အလားတူ ဘုရားဖူးလာ ပြည်သူများ ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ၏ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ မြန်မာ့ရိုးရာအစားအစာအရောင်းဆိုင်များ ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဘုရားဖူးပြည်သူများ စိတ်ဝင်တစားဖြင့် ကြိတ်ကြိတ်တိုး ဝယ်ယူလျက်ရှိကြသည့်အပြင် ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်များ၌လည်း မြန်မာမုန့်များအား ချစ်ခင်မြတ်နိုးစွာဖြင့် ဝယ်ယူအားပေးကြရာ ပစ္စည်းများပြတ်လပ်သည်အထိ ရောင်းချခဲ့ရသည်။
အလားတူ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၊ တန်ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာလှည်းယဉ်ကျော့၊ နွားလှည်းနှင့် နွားအလှပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဒီကနေ့မှာ တပ်ကုန်းမြို့မြို့နယ် ပြည်သူ့အားကစားကွင်းမှာ ကျင်းပပြုလုပ်ရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးပြီး မြန်မာ့ရိုးရာ တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် MSME ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ(၁၅) ရက်နေ့ညပိုင်းက ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီး ဘုရားလမ်းနဲ့ ယာဉ်ရပ်နားကွင်း တို့မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ရာတွင်လည်း လာရောက်လည်ပတ်ကြည့်ရှုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ကျင်းပပြုလုပ်သည့်(၂၀၂၄)ခုနှစ် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် ဒုတိယနေ့ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ ညပိုင်းတွင် ပွဲတော်သို့ လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားခဲ့ပါသည်။ ဂီတပွဲတော်တွင်လည်း နာမည်ကျော်တေးသံရှင်များမှ ပါဝင်ဖျော်ဖြေတင်ဆက်ကြပြီး တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ပါဝင်တင်ဆက်ကပြခဲ့သည်။ ညပိုင်းမှာတွင်လည်း ရောင်စုံမီးရှူးမီးပန်းများနှင့် မီးပုံးပျံများကို လွှတ်တင်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment