Tuesday, October 1, 2024

နှစ်(၆ဝ)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာနှင့်ဆက်စပ်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အငြိမ်းစားရဲအရာရှိကြီးများ၊ အနုပညာရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများအား တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။

ဂုဏ်ပြုညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းနှင့်ဖျော်ဖြေရေးဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ အနုပညာရှင်များ၊

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းနှင့်ဖျော်ဖြေရေးဌာနခွဲအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment