Sunday, September 29, 2024

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးရှိ လမ်းအသုံးပြုခကောက်ခံနေသည့် တိုးဂိတ်များနှင့် ပဲခူးမြစ်ကူးတံတားရှိ တိုးဂိတ်၌ QR Code System ဖြင့် ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး



နေပြည်တော် စက်တင်ဘာ ၂၈

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ရှိ တိုးဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှုနှင့် QR Code System တပ်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်နှင့် တိုးဂိတ်တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) အနီးရှိ PMU ရုံးအစည်းအဝေးခန်းမ၌ QR Payment ဖြင့် ယာဉ်များ လွယ်ကူချောမွေ့စွာ ဖြတ်သန်းသွားလာ နိုင်ရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တံတားဖြတ်သန်းခ ကောက်ခံခြင်းအတွက် QR Code System တပ်ဆင်ရခြင်းသည် ယာဉ်များ လွယ်ကူချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေး၊ ငွေကြေးလေလွင့်မှုမရှိစေရေးနှင့် တံတားဖြတ်သန်းခ ကောက်ခံရရှိငွေ အပြည့်အဝရရှိရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ QR Code System Error ဖြစ်လာပါက ဖြေရှင်းရမည့် နည်းလမ်းများ ကြိုတင်စဉ်းစားထားရန် မှာကြားသည်။

ယင်းနောက် Toll Tech Co.,Ltd. မှ တာဝန်ရှိသူတစ်ဦးက QR Code ကို သတ်မှတ်ကာလအတွင်း တပ်ဆင်နိုင်ရေး စီမံဆောင်ရွက်ထားမှုနှင့် QR Payment ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် ဘဏ်များဖြင့် ချိတ်ဆက်စီစဉ်ထားမှုတို့ကို ဆွေးနွေးတင်ပြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းအောင်မြင် ပြီးစီးစေရေး အကြံပြုဆွေးနွေးကြသည်။

ယမန်နေ့ ညနေပိုင်းကလည်း ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်း မကြီး (နေပြည်တော်-ရန်ကုန် လမ်းပိုင်း)တစ်လျှောက်ရှိ တိုးဂိတ်များဖြစ်ကြသည့် စီလမ်းဆုံ တိုးဂိတ်၊ ဖြူးတိုးဂိတ်နှင့် အမှတ် (၃) လမ်းဆုံ တိုးဂိတ်များတွင် Computer စနစ်ဖြင့် လမ်းအသုံးပြုခ ကောက်ခံနေမှု၊ CCTV တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ ရေ၊ မီးရရှိမှုနှင့် ဆိုလာစနစ်ဖြင့် စတင် တပ်ဆင်အသုံးပြုနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက တိုးဂိတ်များ၌ လမ်းအသုံးပြုခ ကောက်ခံရာတွင် ယာဉ်စာရင်းအရေအတွက်နှင့် ကောက်ခံရရှိငွေ မှန်ကန်စွာ စာရင်းရေးသွင်းရေး၊ တိုးဂိတ်များအားလုံးရှိ CCTV များ ပျက်စီး ချို့ယွင်းမှုမရှိစေရေး၊ ကောက်ခံရရှိ ငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ တိုးဂိတ်ပတ်ဝန်းကျင် သန့်ရှင်း၊ သပ်ရပ်ပြီး ဥပဓိရုပ် ကောင်းမွန်စေရေး၊ ကောက်ခံရရှိမှု စာရင်းဇယားများရေးသွင်းရာတွင် ရုံးချုပ်မှသတ်မှတ်ထား သည့်ပုံစံအတိုင်း လိုက်နာဆောင်ရွက်ရေး တာဝန်ရှိသူများက အလေးထားကြပ်မတ်ဆောင်ရွက် သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment