Monday, September 30, 2024

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဆက်လက်ယှဉ်ပြိုင်

နေပြည်တော် စက်တင်ဘာ ၃၀

၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ကရာတေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ကျင်းပရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဗိုလ်လုပွဲ ပွဲစဉ်များကစားကြပြီး လူသစ်တန်းပြိုင်ပွဲ တစ်ဦးချင်းဆုတံဆိပ်များ၊ လူသစ်တန်းအကောင်းဆုံး အားကစားသမားဆုများအား ဗိုလ်မှူးကြီး ကျော်စွာထွန်းကလည်းကောင်း၊ အကြီးတန်း ပြိုင်ပွဲတစ်ဦးချင်း ဆုတံဆိပ်များ၊ အကြီးတန်းအကောင်းဆုံး အားကစားသမားဆုများအား နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချူပ် ကျော်စိုးဦးကလည်းကောင်း၊ လူသစ်တန်းဒိုင်းဆု၊ အကြီးတန်းဒိုင်းဆုနှင့် တံခွန်စိုက်ဒိုင်းဆုကြီးအား ဗိုလ်ချုပ်သက်ထွန်းဦးတို့ကလည်းကောင်း အသီးသီးဆုများချီးမြှင့်ကြသည်။

အလားတူ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲမှ အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲ၊ တန်းမြင့်ခုန်ပြိုင်ပွဲ၊ တန်းကျော်ပြေးပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ သံပြားဝိုင်းပစ်ပြိုင်ပွဲ၊ တုတ်ထောက်ခုန်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ ဗိုလ်လုပွဲများကို အသီးသီးယှဉ်ပြိုင်ကစားပြီး အားကစားအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်ပြေးခုန်ပစ်ကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (A) တွင် အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက်အတိုတ် ရှုံးထွက်ပွဲစဉ်များ၊ ပတ်လည်ပွဲစဉ်များ၊ တတိယလုပွဲများနှင့် ဗိုလ်လုပွဲစဉ်များကို အသီးသီးယှဉ်ပြိုင်ကစားပြီး အားကစားအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်ဂျူဒိုကော်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီးဘော်လီဘော်ပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (B) တွင် အမျိုးသား ကွာတားအဆင့်ပတ်လည်ပွဲစဉ်များကိုလည်းကောင်း၊ အမျိုးသား/အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (C) ၌လည်းကောင်း၊ လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖလားဘောလုံးပြိုင်ပွဲအဖြစ် ညနေပိုင်းတွင် လေ့ကျင့်ရေးကွင်း (၁) ၌ ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် နေပြည်တော်တိုင်းစစ်ဌာနချူပ်ကိုယ်စားပြုအသင်းနှင့် အရှေပိုင်းတိုင်းစစ်ဌာနချူပ်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ကာကွယ်ရေးဦးစီးချူပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံးအသင်းက တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုယ်စားပြုအသင်းကို ၄ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment