Sunday, September 29, 2024

တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား

 


နေပြည်တော် စက်တင်ဘာ ၂၈

၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ ရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ကရာတေးပြိုင်ပွဲကို စစ်ကြောရေး နှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ အကြီးတန်း ၇၅ ကီလို အောက်၊ ၈၄ ကီလိုအောက်၊ ၈၄ ကီလိုအထက် ကုမိတဲ့ပြိုင်ပွဲ၊ အသင်းလိုက် ကုမိတဲ့ပြိုင်ပွဲများကိုလည်းကောင်း၊ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲမှ အမျိုးသား/ အမျိုးသမီး မီတာ ၃၀၀၀ တားဆီး ကျော်ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသားတုတ်ထောက်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/ အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၁၀၀၊ ၄ယောက် လက်ဆင့်ကမ်း ပြေးပြိုင်ပွဲ လူရွေးပွဲနှင့်ဗိုလ်လုပွဲ၊ အမျိုးသမီး ၇ မျိုးစုံ အလျားခုန် ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး ၇ မျိုးစုံ လှံတံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အမျိုးသမီး ၇ မျိုးစုံ မီတာ ၈၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြပြီး အားကစားအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တပ်မတော် အရာရှိကြီးများနှင့် တပ်မတော်ပြေးခုန်ပစ်ကော်မတီမှ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ အမျိုးသမီး ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်မှ သွယ်သွယ်မိုး က ၂၀၂၃ ခုနှစ် စံချိန် ၄၅ ဒသမ ၅၃ မီတာ ထက်သာလွန်ပြီး စံချိန် ၄၈ ဒသမ ၇၈ မီတာ ဖြင့် စံချိန်သစ်တင်နိုင်ခဲ့သည်။

ဆုပေးအပ်ချီးမြှင့်

၂၀၂၄ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများဖြစ်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီး ဂျူဒိုပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (A) ၌ အမျိုးသား/အမျိုးသမီး ခတပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက် အတိုက် ရှုံးထွက်ပွဲစဉ်များ၊ ပတ်လည်ပွဲစဉ်များ၊ တတိယလုပွဲများနှင့် ဗိုလ်လု ပွဲစဉ်များကို အသီးသီးယှဉ်ပြိုင် ကစားကြသည်။ ထို့နောက် အားကစားအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်ဂျူဒိုကော်မတီမှ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

တပ်မတော် (ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ (B) ၌ အမျိုးသား/ အမျိုးသမီး အုပ်စုပတ်လည် ပွဲစဉ်များကိုလည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ (C) ၌ အမျိုးသားဗန်တိုအတိုက်ပြိုင်ပွဲ (က) တန်း၊ အမျိုးသားဗန်တို အတိုက်ပြိုင်ပွဲ (ခ) တန်း၊ အမျိုးသား ပန်ကြပ်ဆီးလပ် အတိုက်ပြိုင်ပွဲ (က) တန်း၊ အမျိုးသား ဓားနှစ်လက်အတိုက်ပြိုင်ပွဲ (က) တန်း၊ အမျိုးသား ဓားနှစ်လက်အတိုက် ပြိုင်ပွဲ(ခ)တန်း၊ အမျိုးသား ဓားတစ်လက် အတိုက်ပြိုင်ပွဲ (က) တန်း၊ အမျိုးသား ဓားတစ်လက် အတိုက်ပြိုင်ပွဲ (ခ) တန်း၊ အမျိုး သမီး ပန်ကြပ်ဆီးလပ်အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး ဓားတစ်လက်အတိုက် ပြိုင်ပွဲများကိုလည်းကောင်း၊ လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ် အားကစားခန်းမ၌ ကီလိုတန်းအလိုက် ၈၀ ကီလိုလူသစ်တန်း၊ ၅၄ ကီလို က အဆင့်၊ ၅၁ ကီလို၊ ၆၃ ဒသမ ၅ ကီလို၊ ၇၁ ကီလို အလွတ်တန်းပြိုင်ပွဲ ၊ အကြိုဗိုလ်လု ပွဲပြိုင်ပွဲ ပွဲစဉ်များကိုလည်း ကောင်း အသီးသီးယှဉ်ပြိုင်ကစားကြသည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ညနေပိုင်းတွင် လေ့ကျင့်ရေးကွင်း (၁) ၌ ဒုတိယအဆင့်အုပ်စုပတ်လည်ပွဲစဉ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး စခန်း မှူးရုံး ကိုယ်စားပြုအသင်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဂိုးမရှိ သရေဖြင့်လည်းကောင်း၊ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ဒုတိယအဆင့် အုပ်စုပတ်လည်ပွဲစဉ်အဖြစ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်ကိုယ်စားပြု အသင်းက တောင်ပိုင်း တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းအား လေးဂိုး-တစ်ဂိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။

ကြည့်ရှုအားပေး

အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာ ရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment