စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိသည်။ လူငယ်လူရွယ်များအပါအဝင် မိမိတို့နိုင်ငံ၊ မိမိတို့မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း စာပေဖတ်ရှုသည့်အလေ့အထ လျော့နည်းကျဆင်းလာသည့်အပေါ် ကုစားရန်၊ စာဖတ်သည့်လူမျိုး၊ ဗဟုသုတပြည့်စုံကြွယ်ဝပြီး မှားမှန်ကောင်းဆိုး ဝေဖန်ပိုင်းခြားတတ်သည့် လူမျိုးဖြစ်လာစေရန်ဟူသည့်ရည်ရွယ်ချက်များဖြင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေး၊ စာဖတ်ရေးတို့ကို တွန်းအားပေးဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
လက်ရှိမိမိတို့ လူ့အဖွဲ့အစည်းအတွင်း စာပေဖတ်ရှုမှု နည်းပါးနေခြင်းနှင့်စပ်လျဉ်း၍
ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ထားသည့် စစ်တမ်းတစ်စုံတစ်ရာမရှိစေကာမူ လက်ရှိနိုင်ငံ့လူဦးရေနှင့်
နှိုင်းယှဉ်ပါက နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ်ထုတ်ဂျာနယ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများနှင့်
သုတ၊ ရသစာအုပ်များ ထုတ်ဝေဖြန့်ချိမှု လွန်စွာနည်းပါးနေသည့်အခြေအနေကို ထင်ထင်ရှားရှား
တွေ့မြင်နိုင်သည်။ စာနယ်ဇင်းများနှင့် စာအုပ်များဖတ်ရှုမှု ကျဆင်းရခြင်း၏အကြောင်းရင်းကို
ရှာဖွေရာတွင် မိုဘိုင်းဖုန်းများနှင့် အင်တာနက်လူမှုကွန်ရက်များကို လူတိုင်းနီးပါးသုံးစွဲလာ
ကြခြင်းကြောင့်ဟု တွေ့ရှိရသော်လည်း သုံးစွဲသူအများစုမှာ အင်တာနက်မှ သတင်းအချက်အလက်
သို့မဟုတ် စာပေဗဟုသုတစသည်တို့ ရယူခြင်းထက် ဖျော်ဖြေရေးနှင့် လူမှုဆက်ဆံရေးတို့တွင်
စီးမျောနေကြခြင်းဖြစ်သည်ကို တွေ့ရသည်။
“စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သောလူမျိုးသည် စာဖတ်ကြသည်။” ဟူသော မြန်မာလူမျိုး
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏စကားမှာ စာပေနယ်ပယ်တွင် ထင်ရှားသည်။ မျက်မှောက်ကာလ
မိမိတို့၏အခြေအနေမှာ စာမဖတ်သောလူမျိုးသည် မတိုးတက်၍ မတိုးတက်သောလူမျိုးသည် စာမဖတ်သောအဖြစ်သို့
ကျရောက်မသွားစေရန် လူတိုင်းကြိုးပမ်းကြရမည့်အခြေအနေဖြစ်သည်။ ၁၉ ရာစုအတွင်း ဗြိတိသျှနေမဝင်အင်ပါယာကြီး
ထူထောင်စဉ်ကာလ အင်္ဂလိပ်လူမျိုးတို့ အင်ပါယာစိတ် ငယ်ထိပ်တွင်တက်နေပြီး လောဘတကြီး စီးပွားရှာဖွေကာ
စာပေကို တန်ဖိုးမထားမေ့လျော့နေခဲ့ချိန်၊ လူမျိုးတစ်မျိုးလုံး စိတ်ဓာတ်ပျက်ပြားကာ စာရိတ္တတန်ဖိုးများ
ကျဆင်းနေချိန်တွင် ဗြိတိသျှလူမျိုး အနုပညာဝေဖန်ရေးနှင့် စာရေးဆရာ ဂျွန်ရပ်စကင်းက သူ၏ဟောပြောချက်တစ်ခု၌
မိမိတို့လူမျိုးသည် စာမဖတ်နိုင်ဘဲဖြစ်နေကြောင်း၊ မောဟ၊ လောဘတို့ ဖုံးလွှမ်းနေသည့်အတွက်
မည်သည့်အတွေးအခေါ်ကိုမှလည်း လက်ခံနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး “လူမျိုးတစ်မျိုးဟာ
ဘယ်လောက်ပဲ သဘောထားကြီးသည်ဖြစ်စေ ပရမ်းပတာလူအုပ်အဖြစ်ကို ပြောင်းသွားရင် အဲဒီလူမျိုးဟာ
တည်တံ့နိုင်မှာမဟုတ်ဘူး။” ဟုဆိုခဲ့သည်။ ယင်းနောက် စာပေ၊ အနုပညာ၊ သိပ္ပံပညာနှင့် မေတ္တာကရုဏာတို့ကို
အလေးအနက်ထားရန် တိုက်တွန်းခဲ့သည်။
မြန်မာတို့သည် စာပေယဉ်ကျေးမှုမြင့်မားသည့် လူမျိုးဖြစ်ပြီး စာပေကို တန်ဖိုးထားသူများဖြစ်သည်။
စာပေ၏စွမ်းအားကို ကောင်းစွာသိရှိနားလည်ကြသည့်အားလျော်စွာ လူတိုင်းစာဖတ်ကြရန် နှိုးဆော်တိုက်တွန်းမှုများကို
ရှေးကတည်းကပင် ပြုလုပ်ခဲ့ကြသည်။ စာပေထွန်းကားသည့်ခေတ်များသည် နိုင်ငံအတွင်း အေးချမ်းသာယာဝပြောသည့်
ခေတ်များဖြစ်ခဲ့သည်။ စာတတ်သူတိုင်း စာဖတ်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးသည် နိုင်ငံနှင့်လူမျိုး
တိုးတက်ရေးပင်ဖြစ်သည့်အလျောက် အမျိုးသားရေးတာဝန်အဖြစ် နိုင်ငံသူနိုင်ငံသားတိုင်း ပါဝင်ကြရပါမည့်အကြောင်း။
။

No comments:
Post a Comment