နေပြည်တော် ဇွန် ၂၈
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်လုပ်ငန်းကော်မတီဝင်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သည့် အဓိကရည်မှန်းချက်များမှာ ကလေးများကို ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများကို ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသည့် အလုပ်နှင့်လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများကို ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေးတို့ကို စီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ အမျိုးသားအဆင့် ပထမငါးနှစ်လုပ်ငန်းစီမံချက်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်အပေါ် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြပြီး လုပ်ငန်းကော်မတီဝင်များနှင့် တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအရုဏ်ဦးက စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ရမည့် အချက်များကို အတည်ပြုချက်ရယူပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment