Saturday, June 29, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနား ကျင်းပ


 

နေပြည်တော် ဇွန် ၂၈

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသားမိဘများနှင့် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏သားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းသည် အနာဂတ်နိုင်ငံတော်၏ ပခုံးပြောင်းတာဝန်များကို လက်ဆင့်ကမ်းရယူကြမည့် ကျောင်းသားကျောင်းသူ မျိုးဆက်သစ်များ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် ထူးချွန်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာအောင် တိုက်တွန်းနှိုးဆော်လိုသည့်သဘော ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုလိုဂုဏ်ပြု ချီးမြှင့်ခြင်းကို တန်ဖိုးထားနားလည်ပြီး မိမိတို့၏ သားသမီးများကို ယခုထက်မက ပိုမိုအောင်မြင် အောင်၊ လူတော်လူကောင်းများဖြစ်အောင်၊ မှန်ကန်သည့်လမ်းကြောင်းပေါ် အခြေချနိုင်အောင်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေး ကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဂုဏ်ပြုဆုများချီးမြှင့်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားတစ်ဦးနှင့် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူ နှစ်ဦးတို့အားလည်းကောင်း၊ ဒုတိယဝန်ကြီးက ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူသုံးဦးအား လည်းကောင်း၊ ဌာနဆိုင်ရာအကြီးအကဲများက လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအားလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ကြပြီး ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူ များကိုယ်စား ငါးဘာသာဂုဏ်ထူးရှင် မအေးမြတ်သီရိမင်းက ကျေးဇူးတင်စကားပြောကြားသည်။

၂၀၂၃-၂၀၂၄ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီး ၂၂၀ ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၆၇ ဦး အောင်မြင်ခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ငါးဦး၊ လေးဘာသာဂုဏ်ထူးရှင် ခုနစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် လေးဦး၊ နှစ်ဘာသာဂုဏ်ထူး ရှင် ၁၆ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၆ ဦး စုစုပေါင်း ၄၉ ဦးထူးချွန်စွာ အောင်မြင်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment