Saturday, June 29, 2024

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရာမညဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေး

 

မော်လမြိုင် ဇွန် ၂၉

မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မွန်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊  ရာမညဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပြိုင်ပွဲဝင်ဘောလုံးအသင်းများမှ အားကစားသမားများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်ဘောလုံးအသင်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကျင်းပရေးကော်မတီသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အားကစားဝါသနာရှင်များက ၂၀၂၄ ခုနှစ်၊  ရာမညဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ရွှေမြဝတီအသင်းနှင့် ရာမညလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊  ရာမညဖလား အမျိုးသားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ပြည်နယ်အတွင်းရှိ ပြိုင်ပွဲဝင်ဘောလုံးအသင်း (၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြေသော အခြေခံပညာစာသင်ကျောင်းများအား ဖော်ဆောင်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဝင်းအတွင်း၊  ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဥပတိရုပ်ကောင်းမွန်စေရေး၊ ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဆောင်များ ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စာသင်ကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

စည်သူ(ပြန်/ဆက်)

No comments:

Post a Comment