နေပြည်တော် ဇွန် ၂၅
“လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပညာရေးကိုပိုမိုမြှင့်တင်ပေး” ဦးတည်ချက်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကို ဇွန် ၂၅ ရက် မှ ၂၇ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ပညာရှင်ကြီးများ၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဝိုင်းဝန်းဆွေးနွေး
ဦးစွာ
ပြည်ထောင်စုဝန်ကြီးက ပညာရေးဖွံ့ဖြိုးတိုးတက်ရန် ပညာရေးဝန်ကြီးဌာနက အဓိကအကောင်အထည်ဖော်ဆောင်ရွက်
လျက်ရှိသော်လည်း ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက်
နယ်ပယ်အလိုက် လုပ်ငန်းသဘာဝအလိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိသည့်အတွက် ယခုကျင်းပသည့်
ညီလာခံတွင်ဝန်ကြီးဌာန ၁၁ ခု ပူးပေါင်းညှိနှိုင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန်ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်ကြောင်း၊
ယခုနှစ်တွင် ကျင်းပသည့် ပညာရေးညီလာခံတွင် ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများက
စာတမ်းများ ဖတ်ကြားတင်သွင်း ဆွေးနွေးကြမည်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်
မူလတန်းအရွယ်မှ လုပ်ငန်းခွင်ဝင်မည့် အရွယ်အထိ လူငယ်လူရွယ်များကို အဘက်ဘက်က ပြည့်စုံစေရန်
ကြိုးစားသင်ကြားပေးလျက်ရှိရာ လိုအပ်ချက်၊ လစ်ဟာချက်များရှိခဲ့ပါက ယခုကျင်းပသည့်
မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးက ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များက ဖြည့်ဆည်းပေးနိုင်မည်ဟု
ယုံကြည်ကြောင်း၊ ယခုကျင်းပသည့် ညီလာခံအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့်
နိုင်ငံ့သားကောင်းများ ပြုစုပျိုးထောင်ရေး၊ စွမ်းဆောင်နိုင်သော ပြည်သူပြည်သားများ ပေါ်ထွက်လာစေရေးအတွက်
ဝိုင်းဝန်းဆွေးနွေး အကြံပြုကာ နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက်များ အောင်မြင်စေရေးအတွက်
ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားသည်။
အကောင်အထည်ဖော်ဆောင်ရွက်
ထို့နောက်
ကဏ္ဍအလိုက်ရေတိုရေရှည်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု ဆွေးနွေးပွဲကို
ဆက်လက်ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦးက
သဘာပတိအဖြစ်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဒေါက်တာဝင်းထွန်းနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က
တွဲဖက်သဘာပတိများအဖြစ်လည်းကောင်း ဆောင်ရွက်ကြသည်။
အကြံပြုဆွေးနွေး
ယင်းနောက်
အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းက
အခြေခံပညာကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ
ခင်မောင်ဦးက အဆင့်မြင့်ပညာကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
နည်းပညာ၊ သက်မွေးနှင့် ပညာလေ့ကျင့်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါက်တာ ဉာဏ်ဝင်းသန်းက သက်မွေးပညာကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)
ပါမောက္ခချုပ် ဦးအောင်သိုက်ထွန်းက ဆရာအတတ်ပညာကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန
ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာလှိုင်မြတ်သူက သုတေသနနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း
ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။
ကြည့်ရှုလေ့လာ
ညနေပိုင်းတွင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ၂၀၂၄ ၌ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ
ခင်းကျင်းပြသထားသည့် ပညာရေးပြခန်းများသို့ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊
ကျောင်းသား ကျောင်းသူများ၊ ပညာရေးမိသားစုများ လာရောက်ကြည့်ရှုလေ့လာကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ
ပညာရေးညီလာခံ ၂၀၂၄ ကို ဇွန် ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment