မြစ်ကြီးနား ဇွန် ၂၅
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲအခမ်းနားကို မြစ်ကြီးနားမြို့ မြို့နယ်စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ
ရှင်းလင်းဆွေးနွေးတွင် ပြည်နယ်ဝန်ကြီးချုပ်က အခွန်စနစ်တစ်ရပ်သည် နိုင်ငံတစ်နိုင်ငံ၏
စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည်တို့အပေါ်အခြေခံ၍ ရေးဆွဲချမှတ်ထားခြင်းဖြစ်သည့်အတွက်
အဆိုပါ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာအပြောင်းအလဲများနှင့်အညီ အခွန်စနစ်ကိုလည်း
အချိန်အခါအလိုက် လိုက်ပါပြောင်းလဲဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့အပြင်
တိုင်းပြည်ဘဏ္ဍာငွေ ပိုမိုကောက်ခံရရှိပါက နိုင်ငံ့ဝန်ထမ်းများကို လစာငွေပေးခြင်း၊
နိုင်ငံအတွင်း ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ လမ်း၊
တံတားများတည်ဆောက်ခြင်းတို့ ပြုလုပ်နိုင်ပြီး နိုင်ငံတော်ကာကွယ်ရေး၊
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍
အခွန်ငွေများရရှိရန် ဆောင်ရွက်သည့်နေရာတွင်
ပြည်တွင်းအခွန်များဦးစီးဌာနတစ်ခုတည်းနှင့် ဆောင်ရွက်၍ မရသည့်အတွက်
အခွန်ထမ်းပြည်သူလုပ်ငန်းရှင်များကလည်း ပူးပေါင်းပါဝင်ပြီး ကူညီဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊
ထို့အတူ အခွန်အခြေခံနယ်ပယ်ချဲ့ရန်အတွက် ယခုလို အခွန်ပညာပေးလုပ်ငန်းများ ပြုလုပ်ပေးရခြင်းလည်းဖြစ်ပါကြောင်း
တိုက်တွန်းမှာကြားသည်။
ထို့နောက်
ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်မောင်ဆွေက အခွန်ကောက်ခံရခြင်း၏
ရည်ရွယ်ချက်များ၊ ကောက်ခံသည့် အခွန်အမျိုးအစားများ၊ ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏
အခွန်အကောက်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပါဝါပွိုင့်ဖြင့် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ပြီး
တက်ရောက်လာကြသည့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက အခွန်ဆိုင်ရာကိစ္စရပ်များနှင့်
စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း
သိရသည်။
ပြည်နယ် (ပြန်/ဆက်)
No comments:
Post a Comment