Saturday, June 29, 2024

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ကျင်းပသော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၇ဝ) ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်


ပေကျင်း ဇွန် ၂၉

နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ပေကျင်းမြို့ Great Hall of the People ၌ ဇွန်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ကျင်းပသော ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်၏ အရေးကြီးသည့် အနှစ်သာရနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့် ပြောင်းလဲမှုများအကြား လူသားများအတွက် အေးအတူပူအမျှ အသိုက်အဝန်းတည် ထောင်ရန်လမ်းကြောင်း၏ ညွှန်ပြမှုတို့ကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ၁၁ နာရီတွင် ပြီးမြောက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ (ငြိမ်း) နှင့်အတူ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းနု နှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက တက်ရောက်ခဲ့ကြပြီး ယင်းအခမ်းအနားသို့ နိုင်ငံအကြီးအကဲဟောင်းနှင့် အစိုးရအဖွဲ့အကြီးအကဲဟောင်း (၂၀) အပါအဝင် နိုင်ငံပေါင်း (၁၀၀) ကျော်မှ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ သံတမန်ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် မီဒီယာနှင့် စီးပွားရေးအသိုက်အဝန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။


နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်သည် ၁၁ နာရီခွဲအချိန်တွင် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာရှိ Liuhe ခန်းမတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ (Mr. Wang Yi) က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါနေ့လယ်စာစားပွဲတွင် ဗီယက်နမ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရို အတွင်းရေးမှူးဟောင်း Nong Due Manh၊ ဘရာဇီးလ်နိုင်ငံ သမ္မတဟောင်း Dilma Rousseffi အီသီယိုးပီးယားနိုင်ငံ သမ္မတဟောင်း Mulatu Teshome Wirtu နှင့် ပြင်သစ်နိုင်ငံဝန်ကြီးချုပ်ဟောင်း Dominique Marle Francois Galouzeau de Villepin တို့လည်း တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်က နိုင်ငံများအကြား ဆက်ဆံရာတွင် သာတူညီမျှနှင့် လေးစားမှုအတွက် စံချိန်စံညွှန်းများဖြင့် ကျင့်သုံးနိုင်အောင် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်ကို စတင်အကောင်အထည်ဖော်ခဲ့မှု၊ ယင်းမူကြီး (၅) ရပ်အား လိုက်နာကျင့်သုံး ကြသည့် နိုင်ငံများအကြား ပြဿနာရပ်များကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေတွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယင်းမူကြီးများ၏ အရေးကြီးမှုတို့ကို မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် St.Regis ဟိုတယ်၌ တရုတ်ပြည်သူ့နိုင်ငံခြားရေးရာအဖွဲ့အစည်း (Chinese People's Institute of Foreign Affairs CPIFA) ၏ ဥက္ကဋ္ဌ မစ္စတာဝမ်ချောင်မှ တည်းခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

No comments:

Post a Comment