Friday, June 28, 2024

မိမိသဘောဆန္ဒအလျောက် ဆန္ဒပြုစာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်


နေပြည်တော် ဇွန် ၂၈

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင် ထမ်းဆောင်နိုင်ရေးအတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်းကျောင်းများအသီးသီးတွင် ကျင်းပပြုလုပ်သည်။

 









အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ကြကာ ကတိသစ္စာခံယူခြင်းကို ဆောင်ရွက်သည်။

ထို့နောက် သက်ဆိုင်ရာသင်တန်းကျောင်းအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဆင်းထူးချွန်ဆုများဖြစ်သည့် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်း ပထမဆု၊ ချေမှုန်းရေးပထမဆု၊ အိပ်ဆောင်အကောင်းဆုံးဆု ရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားများအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းဆင်းနိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကြသည်။

အဆိုပါ  ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို ၂၀၂၄ ခုနှစ်၊ အေပြီ ၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ ခြေလျင်လက်နက်ငယ်ဘာသာရပ်များကို လည်းကောင်း၊ စစ်နည်းဗျူဟာဘာသာရပ်တွင်ပါဝင်သည့် ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု၊ အဖွဲ့အလိုက်၊ တပ်စိတ်အလိုက်လေ့ကျင့်ခြင်း၊ ချီတက်မှုလေ့ကျင့်ခြင်း၊ အထူးစစ်နည်းဗျူဟာ၊ စစ်ဘက်ရေးရာလုံခြုံရေး၊ ချေမှုန်းရေးလေ့ကျင့်ခန်း စသည့်သင်ခန်းစာများကို လည်းကောင်း စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားလေ့ကျင့်ခဲ့ကြပြီး စစ်မြေပြင်အင်ဂျင် နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်ရေး ဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကိုလည်း ရက်သတ္တပတ်အလိုက် အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ လေ့ကျင့်သင်ကြားခဲ့ကြရပြီး သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)မှ နိုင်ငံ့သားကောင်းစစ်သည်များအနေဖြင့် အဖွဲ့အစည်းစိတ်ဓာတ်များ (Team Sprit)၊ အဖွဲ့အစည်းဖြင့် စည်းစနစ်ကျနစွာလုပ်ကိုင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်များ(TeamWork)၊ ရဲဘော်ရဲဖက်စိတ်(esprit de corps)နှင့် နိုင်ငံကောင်းအောင် ဆောင်ရွက်လိုသည့်စိတ်ဓာတ်များရရှိခဲ့ကြပြီး တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို လေးစားဂုဏ်ယူစွာဖြင့် ထမ်းဆောင်ကြတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)တွင် တက်‌ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက်တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုလိုပဲကြားသိရပါတယ်-

စစ်သင်တန်း ပြီးဆုံးသွားခဲ့ပါပြီ။ ကျွန်တော်အခုဆိုရင် ပြည်သူ့စစ်မှုထမ်းရဲ့ အဆင့်မြင့် အခြေခံစစ်ပညာတွေ အကုန်လုံးကို တတ်မြောက်ပြီးသွားပါပြီ၊ ကျွန်တော်တို့ နှစ်နှစ်တာတာဝန်ထမ်းဆောင်တဲ့ အချိန်မှာလည်း အကောင်းဆုံးပေးဆပ်ပြီးတော့ တာဝန်ထမ်းဆောင်သွားမှာပါ၊ နှစ်နှစ်တာ တာဝန်ပြီးဆုံးသွားတဲ့ အချိန်မှာလည်း တပ်မတော်ကလိုအပ်လာခဲ့ရင် နိုင်ငံလူမျိုးအတွက် အချိန်မရွေး အသက်စွန့်ပြီးတော့ ကာကွယ်စောင့်ရှောက်သွားဖို့ ကျွန်တော်စဉ်းစားထားပါတယ်၊ ပြီးတော့ ကျွန်တော်အရင် ကထက်စာရင် နိုင်ငံအပေါ်ပိုပြီးတော့ ချစ်မြတ်နိုးတဲ့စိတ်တွေ၊ လူမျိုးအပေါ် ပိုပြီးချစ်မြတ်နိုးတဲ့ စိတ်တွေလည်းအများကြီး ရှိလာခဲ့ပါတယ်၊ အခုလိုမျိုးအဆင့်မြင့် အခြေခံစစ်ပညာတွေကို သင်ကြားခဲ့ရတဲ့ အတွက်လည်း လွန်စွာပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်၊ နောက်တက်လာမယ့် လူငယ်တွေအကုန်လုံးကို ပြောချင် တာကတော့ ကောလာဟလတွေ၊ အပြင်မှာ ကြားနေရတဲ့ သတင်းတွေကို မယုံကြည်ဘဲရဲရဲရင့်ရင့်နဲ့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ဖို့အတွက် ကျွန်တော်က ဖိတ်ခေါ်လိုပါတယ်၊၊

ကျွန်တော်တို့ အဖွဲ့အစည်း စိတ်ဓာတ်ရှိဖို့တွေ၊ စည်းလုံးညီညွတ်အောင် သင်တန်းကနေ အားလုံးတိုက်ရည်ခိုက်ရည် ပြည့်ဝမှုတွေအများကြီး သင်ကြားပေးပါတယ်၊ အဖွဲ့အစည်းစိတ်ဓာတ်ရှိအောင်လည်း သူငယ်ချင်းတွေနဲ့ သေနတ်ပစ်တဲ့အခါ၊ ချေမှုန်းရေးသွားတဲ့အခါ၊ ကိုယ်စီတိုက်တဲ့အခါမှာ အကုန်လုံး ညီညီညွတ်ညွတ်နဲ့ တိုက်ပွဲတစ်ခုအောင်မြင် အောင် တိုက်လို့ရတဲ့အထိ သင်ကြားပေးပါတယ်၊ အကုန်လုံးက စိတ်ဓာတ်နဲ့ ခံယူပြီးတော့ တိုက်ခိုက်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အောင်မြင်မယ်လို့ ကျွန်တော်ယူဆပါတယ်၊ နောက်ထပ်နောက် ထပ်လာတက်ရောက်မယ့် ညီငယ်တွေကိုလည်း ဖိတ်ခေါ်ပါတယ်၊ ကျွန်တော်တို့လိုပဲ အကောင်းဆုံးကြိုးစားနိုင်တဲ့ နိုင်ငံသားစစ်သား ကောင်းတစ်ယောက် ဖြစ်စေချင်ပါတယ်၊ ပြည်သူ့စစ်မှုထမ်းကို ဦးနှောက်ထဲမထားပါနဲ့၊ စစ်သား ကောင်း တစ်ယောက်ဖြစ်အောင်လို့ပဲ ကြိုးစားစေချင်ပါတယ်၊ အထက်လူကြီးရဲ့စကားကို နားထောင်ပြီး ပေးအပ်တဲ့အမိန့်ကို တာဝန်ကျေပွန်စွာ ထမ်းဆောင်မယ်ဆိုရင် အောင်မြင်မယ်လို့ကျွန်တော်ယူဆပါတယ်။

ကျွန်တော်ကတော့ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် ၁/ ၂၀၂၄ တက်ရောက်ခဲ့တာပါ၊ ဒီသင်တန်းကို နိုင်ငံတော်က ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးတဲ့နောက် ကျွှန်တော့်ဆန္ဒအရ ဝင်ရောက်ပြီးသင်တန်းကာလအတွင်းမှာလည်း အခြေခံစစ်ပညာရပ်များကို လေ့လာသင်ယူခွင့်ရခဲ့ပါတယ်၊ သင်တန်းတက်ရောက်ချိန်မှာ နေထိုင်ရေး၊ စားသောက်ရေး အကုန်လုံးအစစအရာရာ အဆင်ပြေပါတယ်၊ သင်ခန်းစာလေ့ကျင့်ချိန်မှာ နိုင်ငံတော်နဲ့နိုင်ငံသားတွေအပေါ် ကာကွယ်စောင့်ရှောက်ခွင့်၊ အလုပ်အကျွေး ပြုခွင့်ရတော့မယ်ဆိုတဲ့ ခံယူချက်နဲ့ လိုက်ပါလုပ်ဆောင် လေ့ကျင့်ခဲ့ပါတယ်၊ စစ်သင်တန်းဟာ ခက်ခဲပင်ပန်းတဲ့ သင်တန်းဖြစ်တယ်၊ အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့ပါတယ်၊ အခုသင်တန်းပြီးဆုံးတဲ့အတွက် နိုင်ငံတော်ကပေးအပ်တဲ့ မည်သည့်တာဝန်မဆိုကျေပွန်စွာ ထမ်းဆောင်သွားပါမယ်။

ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှ နိုင်ငံ့ သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများပြုလုပ်ကြသည်။ အဆိုပါညစာစားပွဲများတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီတေးဂီတအဖွဲ့နှင့်  နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များက တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment