နေပြည်တော် ဇွန် ၂၃
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများ စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေး ဆောင်ရွက်လျက်ရှိရာ အထူးကုသမှုများ (Super Speciality) လိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ ကုသမှုများရရှိနိုင်စေရေး ရည်ရွယ်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ အထူးကု ဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၄ ခုနှစ် ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၊
သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးနှင့် ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီး - ရန်ကုန်တို့မှ
ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့်
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ သွားရောက်ကာ ခရိုင်ပြည်သူ့ဆေးရုံ၊ ကော့သောင်းမြို့မှ
အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဒေသခံပြည်သူ များအား ဆေးကုသမှုများ
ဆောင်ရွက်ပေးသည်။
အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ကော့သောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့မှ
မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာလူနာ ၁၁၇
ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ ၅၆ ဦး၊ ကလေးနှလုံးဆေးကုသမှုဆိုင်ရာ ၁၇ ဦး၊
ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ လူနာ ၁၁၈ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ
လူနာ ၁၂၇ ဦး၊ အထွေထွေ ရောဂါဆေးပညာလူနာ ၁၉၀ စုစုပေါင်း ဒေသခံပြည်သူ ၆၂၅ ဦးတို့ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပြီး
နှလုံးရောဂါဆိုင်ရာလူနာ ခြောက်ဦး၊ ကလေးနှလုံးရောဂါလူနာ တစ်ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းလူနာ
သုံးဦးတို့ကို လိုအပ်သော စစ်ဆေးကုသမှုများ ဆက်လက်ခံယူနိုင်ရန် ရန်ကုန်ရှိ သက်ဆိုင်ရာဆေးရုံကြီးများသို့
လွှဲပြောင်းကုသမှု ဆောင်ရွက် နိုင်ခဲ့သည်။
အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း
(Echocardiography)၂၄ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၆၅ ဦး၊ ဓာတ်ခွဲစမ်းသပ်မှု
၆၄ ဦး၊ သွေးချိုဓာတ်(HbA1C) တိုင်းတာခြင်း ၁၀ ဦး၊ Ultrasound ရိုက်ကူးခြင်း ၃၄ ဦး၊
နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၂၁၄ ဦး စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊
တာဝန်ရှိသူများနှင့်အတူ အထူးကုဆေးကုသရေးအစီအစဉ်သို့ လာရောက်ပြသ ကုသမှုခံယူကြသူ များကို
တွေ့ဆုံအားပေးကာ အာဟာရဒါန စားသောက်ဖွယ်ရာများ လှူဒါန်းပြီး ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား
တွေ့ဆုံနှုတ်ဆက် ၍ ဒေသထွက် အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ယခုကဲ့သို့ အထူးကု ဆေးကုသရေး ခရီးစဉ်များကို ၂၀၂၄
ခုနှစ်အတွင်း ၁၃ ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကာ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း
ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ Super speciality ဘာသာရပ်များသာမက
တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများရှိ ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများပါဝင်သော
အထူးကုဆေးအဖွဲ့များဖြင့်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ
ကျေးလက်ဒေသများသို့ အထူးကုကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment