ကုလသမဂ္ဂအထွေထွေညီလာခံမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့၌ ကွန်ဗင်းရှင်းသဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် တာဝန်(၅)ရပ်တွင်ပါသည့် နိုင်ငံတော်ဆောင်ရွက်ချက်များကို ကုလသမဂ္ဂက လေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီသို့ အစီရင်ခံစာများ တင်သွင်းလျက်ရှိသည်။
မြန်မာနိုင်ငံသည် ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ပြင်ဆင်အစားထိုးခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများအား အရေးယူအပြစ်ပေးရန် ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်သည်။ ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။
ထို့အပြင် အရွယ်မရောက်သေးသူများအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကော်မတီကို ဖွဲ့စည်းပြီး ကုလသမဂ္ဂစောင့်ကြည့်လေ့လာ အစီရင်ခံစာတင်ပြရေးအဖွဲ့နှင့် လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကော်မတီအနေဖြင့် ၂၀၁၂ ခုနှစ် မှစတင်၍ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာအစီရင်ခံစာတင်ပြရေးအဖွဲ့နှင့် အစည်းအဝေးစုစုပေါင်း ၅၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အစီရင်ခံစာတင်ပြရေးအဖွဲ့ စုံစမ်းချက်များအပေါ် မြန်မာနိုင်ငံအနေဖြင့် အချက်အလက် အထောက်အထားများဖြင့် ပြန်ကြားပေးလျက်ရှိသည်။ ၂၀၂၃ ခုနှစ်အတွင်း ကုလသမဂ္ဂအဖွဲ့က တပ်မတော်တွင် အသက်မပြည့်သေးသူဟု သံသယရှိသူ ကိုးဦးသာရှိသည်ဟု စုံစမ်းထားသည်။
မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်နှင့်ပတ်သက်သော ဖော်ပြချက်များပါဝင်သည့် ၂၀၂၃ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့၌ ထုတ်ပြန်ခဲ့ရာတွင် တပ်မတော်က ၂၀၂၃ ခုနှစ်အတွင်း အသက်မပြည့်သေးသူ ၁၁၀၂ ဦးကို စစ်မှုထမ်းစေခဲ့သည်ဟု ချဲ့ကားဖော်ပြထားသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်၏ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံအစိုးရက အချက်အလက်များကို အစီရင်ခံစာမထုတ်ပြန်မီ ကြိုတင်ပေးပို့ထားသော်လည်း ထိုအချက်အလက်များ အစီရင်ခံစာတွင် ထင်ဟပ်ဖော်ပြထားခြင်းမရှိပေ။
ကုလသမဂ္ဂအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် အစီရင်ခံတင်ပြရာတွင် သမာသမတ်ဖြစ်ရန်၊ ဓမ္မဓိဋ္ဌာန်ကျရန်လိုအပ်သည်။ ယခုအစီရင်ခံစာပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖော်ပြချက်တွင် ရှုထောင့်မျိုးစုံမှ အထောက်အထားများဖြင့် ဖော်ပြရန်လိုအပ်သည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖော်ပြချက်တွင် အတည်မပြုနိုင်သော သတင်းအရင်းအမြစ်များနှင့် တည်ဆဲအစိုးရအပေါ် ဆန့်ကျင်သည့်အုပ်စုများထံမှရရှိသော အချက်အလက်များအပေါ် အခြေခံထားသည်။ အခြေအမြစ်မရှိသော တစ်ဖက်သတ်စွပ်စွဲချက်များနှင့် မမှန်ကန်သည့် ကိန်းဂဏန်းအချက်အလက်များ ပါဝင်နေသည်။ ထို့အပြင် ချိုးဖောက်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများနှင့်ပတ်သက်၍ ရှင်းလင်းစွာဖော်ပြထားခြင်းမရှိပေ။ ထင်ယောင်ထင်မှားဖြစ်စေသည့် အချက်အလက်များ သာပါဝင်နေသည်။
ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီသည် တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်သည်အဖြစ်စုဆောင်းခြင်းနှင့် အသုံးပြုမှုမရှိစေရေး၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော သံသယဖြစ်ဖွယ်လူငယ်များကို လက်ခံမှုမဖြစ်စေရေး ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ပိုမိုမှန်ကန်တိကျမှုရှိစေရန်အတွက် အရိုးဓာတ်မှန်ရိုက်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ အသက်မပြည့်သည့် စစ်ဆေးချက်များတွေ့ရှိရပါက မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံမှုများ ပြုလုပ်ပေးလျက်ရှိသည်။
အရွယ်မရောက်သေးသော ကလေးစစ်သည်များနှင့်ပတ်သက်၍ ၂၀၀၆ ခုနှစ်က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၌ ပထမဦးစားပေးစာရင်းအဖြစ် ပါဝင်လာခဲ့သည်။ ယင်းစာရင်းမှ ပယ်ဖျက်နိုင်ရန် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂအကြား ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုအချိန်မှစတင်၍ ယနေ့အချိန်အထိ ကလေးစစ်သည် တစ်ထောင်ကျော်ကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်ရာ ယခုအခါ ကလေးစစ်သည် မကျန်တော့ သလောက်ရှိနေသည်ကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများ သိရှိပြီးဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ယခုအစီရင်ခံစာတွင်ပါဝင်သည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ကန့်ကွက်ပယ်ချပြီး ကုလသမဂ္ဂအနေဖြင့် အပြုသဘော ဆောင်သော၊ ဓမ္မဓိဋ္ဌာန်ကျသော ချဉ်းကပ်မှုများဖြင့် တရားမျှတမှုရှိပြီး ယုံကြည်လက်ခံနိုင်သော အစီရင်ခံစာများကိုသာ ထုတ်ပြန်နိုင်ရန် ကြိုးစားအားထုတ်သင့်ပါကြောင်း။ ။
No comments:
Post a Comment